Wednesday, September 19, 2012

စက်တင်ဘာ (၁၉) ရက်နေ့  ဒီအဖြစ်အပျက်တွေ မေ့ပျောက်ရမှာလား။



စက်တင်ဘာ (၁၉) ရက်နေ့  ဒီအဖြစ်အပျက်တွေ မေ့ပျောက်ရမှာလား။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နေ့  စက်တင်ဘာလ (၁၉) ရက်နေ့ မှာ အာဏာရူးလက်ပါးစေ သေနတ်ကိုင်လူသတ်သမားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသခဲ့ကြတဲ့ အပြစ်မဲ့ ကျောင်းသူကျောင်းသား ပြည်သူပြည်သားများကို မသေမချင်း ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒီမြင်ကွင်းက သမိုင်းသက်သေတည်နေပါတယ်။


ခေတ်နောက်ပြန်ဆွဲတယ်ဆိုတဲ့ စကားလုံးနဲ့ တော့ သမိုင်းဖြစ်ရပ်မှန်တွေကို ဖယ်ရှားပျောက်ကွယ်သွားအောင် အာရုံမလွဲပါနဲ့ ။ သမိုင်းဖြစ်ရပ်မှန်ဆိုတာ ဘယ်သောအခါမှ ပျောက်ပယ်ရိုး ထုံးစံ မရှိပါဖူး။

အတိတ်မေ့ချင်ယောင်ဆောင်သူတွေနဲ့  အတိတ်မေ့နေသူများအတွက် ဒီအဖြစ်အပျက်တွေက လှုပ်နှိုးနေမှာပါ။ မှတ်တမ်းဆိုတာ ထာဝရ သမိုင်းဆိုတာ ဖြောက်ဖျက်မရဆိုတာကို သိထားဖို့ ပါ။

မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက်က ဆန့် ကျင်ရင်း အသက်သွေးတွေ ဘ၀တွေ ပေးဆပ်ခဲ့ကြရတဲ့ ရဟန်းရှင်လူ ကျောင်းသူကျောင်းသား ပြည်သူအပေါင်းရဲ့ ၀ိညာဉ်တွေ တည်တံ့စွာ ရှိနေသမျှ ဒီသမိုင်းဖြစ်ရပ်မှန်တွေ အမြဲတည်ရှိနေမှာပါ။

ဒီနေ့  စက်တင်ဘာ (၁၉) ရက်နေ့  အဖြစ်အပျက်ဟာ တစ်ရက်ထဲက တစ်နေရာထဲမှာ ဖြစ်ပျက်မှုကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပေမယ့် မြန်မာပြည်ကို အာဏာရှင် စတင်အုပ်စိုးလို့  မြန်မာပြည်သူပြည်သားတွေ ဘ၀ အမှောင်လွှမ်းခဲ့ရတဲ့ နှစ်ပေါင်းမြောက်မြားစွာ ကာလအတွင်းမှာ နေရာအနှံ့ အချိန်မရွေး ပြည်သူတွေရဲ့ အသက်သွေးတွေ ဘ၀တွေ ကျေမွပျက်စီးခဲ့ရတာတွေ မှတ်တမ်းတင်ခွင့်မရတဲ့ အခြေအနေတွေအောက် လူသိရှင်ကြားမသိခဲ့ရတဲ့ ကြေကွဲစရာ ဖြစ်ပျက်မှုတွေ များပြားစွာ ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီနေ့ ရက် ဒီသမိုင်း ဒီဖြစ်ရပ်တွေကို မျိုးဆက်ပေါင်းရဲ့ အစဉ်အဆက် ထိန်းသိမ်းမှုနဲ့  အတူ မြန်မာပြည် တည်တံ့နေသ၍ မြန်မာပြည်သူပြည်သားတွေ အသက်ရှင်နေသ၍ လက်ဆင့်ကမ်း ပြောပြကြရမှာ လက်ရှိသူတွေရဲ့ ပခုံးထက်က တာဝန်တစ်ရပ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မပျက်သုံးသေးသ၍ အနိုင်ကျင့် စော်ကားမှုတွေ မပျောက်သေးသ၍ တရားမျှတမှုတွေ ပျောက်ဆုံးနေသေးသ၍ ဤသမိုင်းသည် ထာဝရ သက်သေတည်ပါစေသောဝ် ….

No comments: