စက်တင်ဘာ (၅) ရက် ၂၀၀၇ ရဲ့  ပခုက္ကူ။
စက်တင်ဘာ (၅) ရက် ၂၀၀၇ ရဲ့  ပခုက္ကူ။
(ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ ခုနှစ် မှတ်တမ်းများ ပြန်လည်ဖေါ်ထုတ်ခြင်း - ၂၀၁၂ ခုနှစ်)။
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်မှာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဖို့တိုက်ပွဲခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုလုပ်ဆာင်ခဲ့နေစဉ် ရန်ကုန်မှာ သူတို့တတွေ အဖမ်းခံခဲ့ရပြီးနောက် ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းချပေးဖို့ တောင်းဆိုတဲ့အနေနဲ့ သြဂုတ်လကုန်ပိုင်းမှာ ပခုက္ကူ အန်အယ်လ်ဒီပါတီဝင် (၁၁) ဦးဟာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို စီတန်းလမ်းလျှောက်ပြီး စာသွားပို့ခဲ့ပါတယ်။
အဲဒီနောက် ပခုက္ကူစာသင်တိုက်မှာရှိတဲ့ နိုင်ငံရေးအမြင်ရှိတဲ့ သံဃာတော်တွေဟာ ဒကာဒကာမတွေအတွက် တခုခုဝိုင်းလုပ်မှဖြစ်မယ်ဆိုပြီး လျှို့ဝှက်ဆွေးနွေးတိုင်ပင်မှုတွေ လုပ်လာပါတယ်။ ကျနော်နဲ့ ဦးဇင်းတွေ တိုင်ပင်ဖြစ်တော့ သံဃာအများစုပါနိုင် မပါနိုင် အကဲစမ်းကြည့်သင့်တယ် ဆိုပြီး စာသင်တိုက်တွေထဲဝင်ပြီး စနည်းနာကြပါတယ်။ အဲဒီနောက် စာသင်တိုက် တတိုက်တိုက်က စထွက်ဖြစ်ရင် ကျန်တဲ့တိုက်တွေလည်း အုန်းမောင်းခေါက်ပြီး လူစုထွက်ကြဖို့ ဆော်သြဖြစ်ခဲ့ကြပါတယ်။ သံဃာအားများလာရင် ကုန်ဈေးနုန်းကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စတာတွေ ရေးထားတဲ့ ပလေကဒ် (placard) တွေကိုင်ပြီး မေတ္တာပို့လမ်းလျှောက်ဖို့စီစဉ်ကြတယ်။
စက်တင်ဘာ (၅) ရက်နေ့ နေ့ခင်း စာအံချိန် (၂) နာရီလောက်မှာတော့ အနောက်တိုက်လို့ခေါ်တဲ့ သာသနာ့ဝိပုလာရာမတိုက်ကနေ သံဃာ အပါး ၅၀ ကျော်စတင်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့အရပ်မှာရှိတဲ့ အလယ်တိုက် (၀ါ) မဟာဝိသုတာရာမတိုက်ကို ချီတက်ကြွချီကြတယ်။ အလယ်တိုက်မှာ အုန်းမောင်းခေါက်ပြီး သံဃာတော်တွေကို ၀င်ခေါ်တော့ သံဃာ (၂၀၀) ကျော်လာပြီး အရှေ့တိုက်ဆီ ဆက်ချီတက်တော့ လမ်းမှာ ဗောဓိမဏ္ဍိုင်တိုက်အပါအ၀င် ဘေးကျောင်းတွေက သံဃာတွေပါ ပါလာပြီး အရှေ့တိုက်လို့ခေါ်တဲ့ မဟာဝိဇယာရာမအရောက်မှာတော့ သံဃာ (၅၀၀) ကျော်ဖြစ်သွားပါတယ်။
အရှေ့တိုက် မြောက်ဘက်မုခ်ကနေထွက်ပြီး အနောက်ပေါက်လမ်းအတိုင်း သီဟိုဠ်ရှင် ဘုရားကြီးထိ မေတ္တာပို့သံတွေနဲ့ စီတန်းကြွချီလာကြပါပြီ။ သာသနာ့အလံတချို့ ကိုင်တဲ့ကိုယ်တော်ကကိုင် ရှေ့ဆုံးက တောင်းဆိုချက် ပလေကဒ်ကို သံဃာ (၂) ပါးက ကိုင်ပြီး ပေါက်လမ်း အတိုင်းထွက်လာတဲ့အခါ ပခုက္ကူမြို့လယ်လို့ ခေါ်ရမယ့် ဆေးရုံ နှစ်ရုံ ကြားက မီးပွိုင့်မှာတော့ တပ်မ (၁၀၁) က ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ထွေး နဲ့ အနောက်တပ်လို့ခေါ်တဲ့ မြကန်သာတပ်က တပ်ရင်းမှူးး ဗိုလ်မှူးမျိုးသန့်ဇင် (သရုပ်ဆောင် မင်းထက်ကျော်ဇင်ရဲ့ အကိုအရင်း) ဦးဆောင်တဲ့ တပ်စိပ်က အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဘေး ခပ်လှမ်းလှမ်းမှာတော့ စစ်တပ်ကကားတွေပေါ်မှာ စစ်သားတွေ ရှိနေတယ်။
ကျနော်က ခေါင်းဆောင်ဆရာတော်တပါးကို ရှေ့မှာစစ်တပ်ရှိနေတဲ့အတွက် ဘယ်လိုလုပ်မလဲလို့ သွားရောက်လျှောက်ထားတဲ့အခါမှာတော့ စစ်တပ်ကို မေတ္တာရပ်ခံပြီး မူလသတ်မှတ်ထားတဲ့ သီဟိုဠ်ရှင် ဘုရားကြီးထိ ကြွချီဖို့ ဆုံးဖြတ်ကြတယ်။ စီတန်းကြွချီတဲ့နောက်ကိုလည်း လူတွေမလိုက်ဖို့ လက်ခုပ်မတီးဖို့ သံဃာတော်တွေက တားမြစ်ထားတယ်။ ဒီလိုနဲ့ သံဃာတန်းကြီးက အလက (၃) ကျောင်းရှေ့မှာ ရောက်နေချိန် ရှေ့ဆုံးက သံဃာတော်တွေကတော့ စစ်တပ်နဲ့ ရင်ဆိုင်ပြီးဆက်ချီတက်ဖို့ စကားစပြောနေပါတယ်။
ဒီအချိန်မှ မြို့နယ်သံဃာမဟာနယက ဆရာတော် ဦးတေဇော (အလယ်တိုက်) နဲ့ ခယက မယကတွေ ပွိုင့်ကားနဲ့ရောက်လာပြီး ဦးတေဇောက ခေါင်းဆောင်သံဃာတော်တွေကို လက်ညိုးထိုးပြီး ဒီကောင်ဖမ်း ဒီကောင်ဖမ်းနဲ့လက်ညိုးထိုးတော့ သံဃာတွေ ရုတ်ရုတ်သဲသဲဖြစ်သွားချိန်မှာ စစ်တပ်က သေနတ် ၁၀ ချက်လောက် မိုးပေါ်ထောင်ဖေါက်လိုက်တယ်။
စစ်သားတွေက ၀ါးရင်းဒုတ်တွေနဲ့ဝင်ရိုက်တော့ အားလုံး ဖရိုဖရဲနဲ့ဆေးရုံထဲ ၀င်ပြေးသူပြေး၊ အလက (၃) ထဲ ၀င်ပြေးသူကပြေး၊ ခရစ်စယာန်ကျောင်းထဲ ပြေးသူပြေး၊ ဆေးရုံအိမ်သာတွေထဲ ၀င်ပုန်းသူပုန်းနဲ့ပေါ့ဗျာ။ အဲဒီမှာ လမ်းတွေပိတ်ပြီး ဘယ်သူမှ မ၀င်ရတဲ့အချိန်မှာ ကြံ့ဖွတ်အတွင်းရေးမှူး လှဝင်းနိုင်နဲ့ နှစ်တစ် ခင်မောင်ဝင်းလို့ခေါ်တဲ့ လူရမ်းကားက အခန်းတွေထဲဝင်နေတဲ့ သံဃာတွေကို ဒီထဲမှာ တကောင်ဟေ့ ဖမ်းဖမ်းဆိုပြီး ပြောပြောဆိုဆိုနဲ့ ၀င်ဖမ်းဝင်ရိုက်တယ်လို့ အဖမ်းခံရတဲ့ ဦးဇင်းတွေက ပြောပါတယ်။
အဲဒီနောက် လူစုကွဲသွားတယ်ဆိုပါတော့။ အရှေ့တိုက်ထဲကိုတော့ လူရမ်းကားတွေ၊ စစ်တပ်တွေ မ၀င်ရဲဘူး။ နောက်ပိုင်းမှာ သံဃာတပါး ပျံတော်မူသလို၊ ၁၀ပါးကျော် ဖမ်းခံရသလို သတင်းတွေထွက်လာတယ်။ ညနေ (၆) နာရီလောက်ရှိတော့ အလက (၃) ကျောင်းထဲမှာ ဆရာတော်ကြီးတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ညှိနှိုင်းကြတယ်။ ဖမ်းထားတဲ့ ကိုယ်တော်တွေကို ပြန်လွှတ်ပေးရင် သံဃာတွေကို ထိန်းးပေးမယ်လို့ သဘောတူလိုက်တော့ ဖမ်းထားတာ (၃) ပါးဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်။
သူတို့ကတော့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင်စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒတို့ ဖြစ်ပါတယ်။ သူတို့ပြောပြချက်ရ သူတို့ကို ဓါတ်တိုင်မှာ ကြိုးနဲ့ တုပ်တယ်၊ ၀ိုင်းရိုက်တယ်၊ ရဲစခန်းထဲမှာ လူဝတ်လဲပြီး အချုပ်ထဲ နေရတယ်၊ နောက်တော့ အထက်အမိန့်ဝင်လာတာနဲ့ သင်္ကန်းပြန်ဝတ်ခိုင်းပြီး လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ ဒါ စက်တင်ဘာ (၅) ရက်နေ့က အဖြစ်အပျက်ပါပဲ။
နောက်နေ့ မနက် စက်တင်ဘာလ (၆) ရက်နေ့ မှာတော့ တိုင်းသာသာနာရေးဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ ၀င်မပါဖို့ လျှောက်ထားတော့တာပဲ။
ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ သူတို့ အလယ်တိုက်ကိုအရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် (၁၃) ယောက်ကို ထိန်းသိမ်းထားလိုက်တယ်။ သူတို့စီးတဲ့ ကား (၅) စီးထဲက (၃) စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျန် နှစ်စီးက မလေးဆေးလိပ်ခုံပိုင်ရှင် ဦးတင့်ဆွေနဲ့ ဒေါက်တာစိန်ဝင်းတို့ရဲ့ကား ဖြစ်နေလို့ မဖျက်လိုက်ပါဘူး။ သူတို့က ဂေါပကထဲမှာ ပါနေတာကြောင့်မို့လို့ပါ။ ညနေမှာတော့ တိုက်အုပ်ဆရာတော်နဲ့ အာဏာပိုင်တွေ ညှိနိုင်းပြီး ဖမ်းထားတဲ့ သံဃာတွေရှိမရှိ ကျောင်းတိုက်တွေကို လိုက်စစ်ဆေးပြီးမှာ ဒီလူ (၁၃) ယောက်ကို နောက်ဖေးပေါက်ကနေ မီးသွေးတင်ကားနဲ့တင်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။
နောက်နေ့၊ နအဖသတင်းစာတွေနဲ့ မီဒီယာတွေမှာတော့ ဒီဖြစ်ရပ်မှန်တွေကို ဖုံးကွယ်လိမ်ညာပြီး ပခုက္ကူမှာရှိတဲ့ နိုင်ငံရေးသမားတွေ လုပ်ကြံလီဆယ်ပြီး ချဲ့ကားပြောတယ်ဆိုတာ “ဆင်သေကို ဆိတ်သားရေနဲ့ဖုံး” ဖို့ ကြိုးစားလာတော့တာပါပဲ။
အဲဒီနောက်တော့ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတွေရဲ့ တောင်းဆိုသံတွေ ထွက်လာပါတော့တယ်။ ပခုက္ကူသံဃာတွေအပေါ် ကျူးလွန်ထားတာတွေကို ကျေနပ်သည်ထိ ၀န်ချတောင်းပန်ဖို့ မတောင်းပန်ရင် စက်တင်ဘာ (၁၈) ရက်နေ့မှာ ပတ္တနိကုဇ္ဇနကံဆောင်မယ် ကြေငြာလိုက်ပါတယ်။ ဒါကို ငမိုက်သားတွေက မတောင်းပန်တဲ့အတွက် တနိုင်ငံလုံး၊ သံဃာတွေရဲ့ ကံဆောင်ပွဲတွေ မေတ္တာပို့ကြွချီတာတွေ စတင်ဖြစ်လာတော့တာပါပဲ။
ကျနော်ကတော့ (၇) ရက်နေ့ညကတည်းက အိမ်မှာမနေရတော့ပဲ ဘုန်းကြီးကျောင်းတကျောင်းမှာ ပုန်းရှောင်နေရပါတယ်။ ပခုက္ကူက နိုင်ငံရေးတက်ကြွသူတွေဖြစ်တဲ့ ဦးသန့်ရှင်း၊ ဦးနေလ၊ ဦးသာအောင်၊ ဦးစိန်လင်းတို့ကိုဖမ်းပြီး သရက်ထောင်ကို တန်းပို့လိုက်တဲ့သတင်း ကြားရပါတယ်။ ဦးသန့်ရှင်းကို (၉) နှစ်ချလိုက်ပြီး ကျန် (၃) ယောက်ကိုတော့ ၂ နှစ်ဆီ ထောင်ချလိုက်ပါတယ်။ ဘုန်းကြီးတွေ ကားမီးရှို့ရာမှာ ကူညီတယ်ဆိုတဲ့ ငြိမ်းချမ်းနဲ့ ဖိုးနီကိုလည်း ထောင်ဒဏ် နှစ်ရှည်ချလိုက်ပါတယ်။
ကျနော်ကတော့ စက်တင်ဘာ (၂၂) ရက်နေ့ထိ သံဃာတွေနဲ့ အတူရှိနေခဲ့ပြီး ၂၂ရက်ညမှာ ကျောင်းတိုက်ကို ၀င်ရှာမယ် ဆိုတဲ့သတင်းကြောင့် ကျောင်းနေသံဃာတော်တွေကို ငဲ့တာတကြောင်း ကိုယ်တိုင်လည်း အဖမ်းမခံချင်လို့ ပခုက္ကူကနေ ထွက်ပြေးခဲ့ရပါတယ်။
၂၀၀၇ စက်တင်ဘာတုန်းက ပခုက္ကူ မှာ တေ (၃) တေ၊ ရေ (၃) ရေ ဆိုပြီး တဘောင်စကားတခု ထွက်လာခဲ့ပါတယ်။ တေ (၃) တေ ဆိုတာကတော့ ပခုက္ကူ သံဃာလှုပ်ရှားမှုမှာ ဦးဆောင်သံဃာတပါးအဖြစ် ပါဝင်ခဲ့တဲ့ ဦးတေဇော၊ သံဃာတွေကို ဖမ်းခိုင်းတဲ့ မဟနက ဦးတေဇောနဲ့ စက်တင်ဘာ ၁၈ ရက် သံဃာတွေ စထွက်မဲ့အချိန်မှာ ထောက်လှမ်းရေးကို သတင်းပေးလို့ သံဃာတွေက နှင်ထုတ်ခဲ့တဲ့ ဦးတေဇောတို့ပါဘဲ။ ရေ (၃) ရေ ကတော့ အဲဒီနှစ်မှာ ဧရာဝတီမြစ်ရေ ၃ ခါကြီးပြီး အရင်က ရေမရောက်တဲ့နေရာတွေထိ ရေတက်ခဲ့တဲ့ အမှတ်အသားအဖြစ် တေ (၃) တေ၊ ရေ (၃) ရေ ဆိုပြီး ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီလို သံဃလှုပ်ရှားမှုကြီးကို ပခုက္ကူကနေ စတင်ခဲ့ရတဲ့အတွက် ပခုက္ကူသားတယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ နောက်တခုက ထောင်ဒဏ် (၂) နှစ် ကျခံရတဲ့ ဦးသာအောင်ဟာ ထောင်က လွတ်ပြီးမကြာခင်မှာပဲ အသည်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်ထိ နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ လုပ်ကိုင်ရင်း နအဖကို ဒူးမထောက် လက်မမြှောက်ပဲ တိုက်ပွဲဝင်သွားတဲ့အတွက် သူ့အတွက်လည်း ဂုဏ်ယူတယ်ဗျာ။ သရက်ထောင်မှာ (၉) နှစ် ကျခံနေရဆဲဖြစ်တဲ့ တိုက်ပွဲဝင် ရဲဘော်ကြီး ဦးသန့်ရှင်း အတွက်လည်း လေးစားဂုဏ်ယူနေပါတယ်။ ကားမီးရှို့ရာမှာ သံဃာတွေဘက်က ကူညီခဲ့လို့ဆိုပြီး ဖမ်းခံရတဲ့ ညီငယ်တွေအတွက်လည်း ဂုဏ်ယူတယ်။
ဒီလိုပဲ နိုင်ငံတ၀ှမ်းမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်အတွက်လည်း လေးစားဂုဏ်ယူနေပါတယ်။ သူတို့လွတ်မြောက်ရေးနဲ့ ကျနော်တို့ချစ်တဲ့ မြန်မာပြည်ကြီး အေးချမ်းသာယာပြီး တရားမျှတမှုတွေနဲ့ လွှမ်းခြုံနိုင်ဖို့၊ မတရားတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ကျနော်တို့အားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ကြပါစို့။
ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသောရဲဘော်များ၊ ထောင်သွင်း အကျဉ်းကျခံ နေရသူများ၊ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေသူများ အားလုံးကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ပါရစေ။
ဇာနည် (ပခုက္ကူ)။
No comments:
Post a Comment