Monday, October 1, 2012

ဗကသများအဖွဲ့ချုပ်မှ သံဃာကျောင်းသား သွေးမြေကျခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ။

ဗကသများအဖွဲ့ချုပ်မှ သံဃာကျောင်းသား သွေးမြေကျခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည့် (၅) နှစ်ပြည့်မြောက်သည့်နေ့ (၂၇.၉.၂၀၁၂) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားကျောင်းသူများက ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ “အိုးဝေ” စာကြည့်တိုက်နှင့် ပညာဒါနကျောင်းတည်ရှိရာ သန်လျင်မြို့ တွင် နံနက် (၁၀:၀၀) နာရီ၌ အမှတ်တရ အခမ်းအနား ကျင်းပခဲ့ကြပါသည်။






ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ဖမ်းဆီးအကျဉ်းချခံရပြီး ပြန်လည်လွတ်မြောက်လာသော သံဃာတော်များဖြစ်သည့် ဦးဇ၀န (ခ) ဦးဇင်းမုတ်ဆိတ်၊ ဦးပညာသီဟ၊ ဦးခေမာစာရ၊ ဦးပညာဇောတ၊ ဦးနန္ဒာသီရိအပါအ၀င် သံဃာတော်ငါးပါးအား ဆွမ်းဆက်ကပ်ခဲ့ပြီး ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ဆရာတော် သံဃာတော်များမှ ကျောင်းသားကျောင်းသူများအား ရွှေဝါေ၇ာင်တော်လှန်ရေးနှင့် ပါတ်သက်သော သိမှတ်ဖွယ်ရာများကို မိန့် ကြားခဲ့ပါသည်။ သီလပေးတရားတော်အပြီး မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈာယ် ချီးမြှင့်ပေးခဲ့ပါသည်။

အခမ်းအနားသို့  ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကျောင်းသူ (၅၀) ကျော်နှင့်အတူ ဗကသများအဖွဲ့ ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုသီဟ၀င်းတင်၊ ကိုနန္ဒာစစ်အောင်နှင့် မဟန်နီဦးတို့  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ ခွပ်ဒေါင်းအလံတော်အား တိုင်ဝက်လွှင့်ထူခဲ့ကြပါသည်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်၊ သူရိယ)။

No comments: