ကြံ့ခိုင်ရေးပါတီအနေဖြင့် ပါတီသြဇာသုံး၍ လွှတ်တော်အတွင်း ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးချယ်လှယ်ခြင်းများ မပြုလုပ်စေလိုကြောင်း။
လွှတ်တော်ကို ပါတီက လွှမ်းမိုးချုပ်ကိုင်လျှင် ပါတီလွှတ်တော်သာ ဖြစ်လိမ့်မည်နှင့် ဦးဆန်းဆင့်အား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံခုံရုံး အသစ်ပြန်ဖွဲ့လျှင် ဥက္ကဋ္ဌအဖြစ် ပြောင်းရွေ့ခန့်အပ်ရန် ဆုံးဖြတ်ထားကြောင်း သတင်းရရှိ။
လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို ပါတီက လွှမ်းမိုးချုပ်ကိုင်နေသည်ဆိုပါက ပြည်သူ့ ကိုယ်စားပြုမှု မဟုတ်ဘဲ ပါတီလွှတ်တော်သာ ဖြစ်လိမ့်မည်ဟု တရား လွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များအဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့အချို့နှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ ဦးဆန်းဆင့်တို့၏ စွပ်စွဲပြစ်တင်နေမှုများရှိနေသည့်အပေါ် ပါတီက ကြားဝင်ပေးနေမှုအား သူက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
”ဧရာဝတီမှာ လွှတ်တော်က ဆောင်ရွက်နေတာကို အစိုးရအဖွဲ့က နှောင့်နှေးအောင်လုပ်တာတွေ၊ အလုပ်လုပ်လို့ မရအောင် ဟန့်တားတာတွေ ဆိုတာမျိုးက လွှတ်တော်ကနေ စွပ်စွဲပြစ်တင်လို့ ရတယ်။ ဒါကို ပါတီက ဝင်မစွက်ဖက်သင့်ဘူး” ဟု ဆက်လက် ပြောသည်။
ပြည်သူများက ရွေးချယ်ထားသောလွှတ်တော်သည် ပြည်သူများကိုသာ ကိုယ်စားပြုရမည် ဖြစ်ကြောင်းနှင့် ပါတီများကလည်း ၄င်းတို့၏ လွှတ်တော်ကိုယ်စား လှယ်များကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရမည်ဟု ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၄င်းတို့၏ စတုတ္ထပုံမှန် အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် ဝန်ကြီးဦးသန်းထွန်းတို့ကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ကြမည်ဖြစ်ရာ ပါတီ၏ စေ့စပ်ညှိနှိုင်းမှုများ ရှိနေသော်လည်း လွှတ်တော်က နောက်ဆုတ်မည် မဟုတ်ဟု သတင်းများအရ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်သတင်း ထုတ်ပြန်ရေးက ”ကျွန်တော်တို့ သိရသလောက် နောက်ဆုတ်မှာ မဟုတ်ဘူး။ ရှေ့ ဆက်ပြီး စွပ်စွဲပြစ်တင်တာတွေ လုပ်သွားမှာပါ” ဟု တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌကိုယ်စား ၄င်း၏ သဘောထားကိုထုတ်ပြန်ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှာ နုတ်ထွက်စာတင်ထားကြောင်း သတင်းများ ထွက်ပေါ်နေရာ ဝန်ကြီးချုပ်ရုံးအပါအဝင် နီးစပ်သူများ၊ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ ထံ မေးမြန်းစုံစမ်းကြည့်သော်လည်း ၄င်းတို့က မကြားမိကြောင်းနှင့် လက်ရှိအချိန်အထိ အဆက် အသွယ်ရနေကြောင်းသာ ပြောဆိုကြသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးက နဂိုကတည်းကပင် ယခုကဲ့သို့သောလုပ်ရပ်များ လုပ်ကြမည်ဟု သိရှိရစဉ်က မလုပ်ရန် ပြောဆို ထားပြီးဖြစ်ကြောင်းနှင့် ထိုစကားမှာလည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်မှုအရ ဖြစ်သည်ဟု ပြောသည်။
”ငြိမ်းချမ်းစွာနဲ့ပဲ ဖြေရှင်းရမှာပဲ။ အခုတော့ ဒီလိုမဟုတ်ဘဲ စွပ် စွဲပြစ်တင်တာတွေလုပ်တော့မှာ စွပ်စွဲပြစ်တင်ပြီးရင် ဖယ်ရမှာပဲလေ၊ မလုပ်စေချင်ပါဘူး။ တားတာ မျိုးကလည်း တစ်ခုပဲရှိတယ်။ စွပ်စွဲပြစ် တင်ရလောက်အောင် ရှိတဲ့အ ကြောင်းအရာမျိုးမှ မဟုတ်တာ။ မသင့်တော်တဲ့အတွက် တားတာ ပါ” ဟု ဦးဌေးဦးက ပြောဆိုကြောင်းသတင်းရရှိသည်။
ဧရာဝတီတိုင်း လွှတ်တော်အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ကြံ့ခိုင်ရေးပါတီအနေဖြင့် ပါတီသြဇာသုံး၍ လွှတ်တော်အတွင်း ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးချယ်လှယ်ခြင်းများ မပြုလုပ်စေလိုကြောင်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို တိုက်တွန်းပြောကြားခဲ့သည်ဟုလည်း သိရသည်။
နောက်ထပ်ရရှိသည့်သတင်းအရ နေပြည်တော်ဌာနချုပ်တွင် ဗဟိုအလုပ်အမှု့ဆောင်များက ဧရာဝတီတိုင်းဒေ သကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံခုံရုံး အသစ်ပြန်ဖွဲ့လျှင် ဥက္ကဋ္ဌအဖြစ် ပြောင်းရွေ့ခန့်အပ်ရန်ဆုံးဖြတ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်မှ သိရှိရသည်။
(သတင်း/ဓါတ်ပုံ - ကေကေတီ)။
No comments:
Post a Comment