Wednesday, October 10, 2012

Generation Wave - GW (မျိုးဆက်သစ်လူငယ်များ) ၏ ၅ နှစ်ပြည့် အခမ်းအနား။



Generation Wave - GW (မျိုးဆက်သစ်လူငယ်များ) ၏ ၅ နှစ်ပြည့် အခမ်းအနား။

Generation Wave - GW (မျိုးဆက်သစ်လူငယ်များ) ၏ ၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့မပရိယတ္တိကျောင်းတိုက်တွင် အောက်တိုဘာ (၉) ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီထိ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ Generation Wave ကို ဦးဆောင် တည်ထောင်ခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော် နှင့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ NLD လူငယ်အဖွဲ့ဝင်များ၊ ဒိန်းမက်ကျောင်းသားများ၊ ဗကသ၊တကသ ကျောင်းသားခေါင်းဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။ 
 

၂၀၀၇ ခုနှစ် စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးကြီး အကြမ်းဖက်ဖြိုခွဲခံရအပြီးတွင် ဇေယျာသော်၊ အောင်ဇေဖြိုး၊ မိုဃ်းသွေး၊ မင်းရန်နိုင်တို့ အချင်းချင်း ပြန်လည်ဆက်သွယ်ကာ မိမိတို့၏ ခံစားချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ၂၀၀၇၊ အောက်တိုဘာလ (၉) ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးအတွက် Generation Wave (မျိုးဆက်သစ်လူငယ်များ) ကို တည်ထောင်ခဲ့ကြပါသည်။

Generation Wave (မျိုးဆက်သစ်လူငယ်များ) သည် စတင် တည်ထောင်ခဲ့သည်နေ့မှ စတင်ကာ ယခုအချိန်ထိ  မြန်မာတနိုင်ငံလုံး၏ တိုင်းရင်းသားများအားလုံးဘက်မှ ရပ်တည်ကာ ဒီမိုကရေစီအရေး၊ လူအခွင့် အရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

ထိုသို့ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကြောင့် အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးမှုများစွာ ခံခဲ့ရသော်လည်း ဘယ်တော့မှ နောက်မဆုတ် ကြံ့ကြံ့ခံတော်လှန်ခဲ့သည်။ ယခုအခါ နိုင်ငံအခြေအနေများသည် တစ်စုံတရာ ပွင့်လင်းမှုများ ရရှိလာချိန်ဖြစ်သဖြင့် ပြည်သူများအနေဖြင့်  နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်များကို စိတ်ဝင်တစား လေ့လာပါဝင်ပူးပေါင်းကြရန်မှာ အရေးတကြီး လိုအပ်လှပါသည်။

Generation Wave (မျိုးဆက်သစ်လူငယ်များ) အနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပြည်သူ့အတွက် ပြည့်သူ့ဘက်မှ အစဉ်ရပ်တည် လှုပ်ရှားသွားမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်သော တရားမျှတ ငြိမ်းချမ်းသော နိုင်ငံဖြစ်လာစေရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု Generation Wave (မျိုးဆက်သစ်လူငယ်များ) မှ ပြောဆိုခဲ့ပါသည်။

(သတင်း/ဓါတ်ပုံ - လင်းဆက်)။

No comments: