Wednesday, October 10, 2012

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။



လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး


ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။

(၈.၉.၂၀၁၂) ရက်နေ့ မနက် (၁၁.၄၅) နာရီမိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား တာဝန်ခံပါမောက္ခချုပ်နှင့် နေ့လည် (၂) နာရီတွင် လာရောက်တွေ့ဆုံပါရန် ပြောကြောင်း အသိပေးပါသည်။

ဆရာဦးဇော်သူရသည် နေ့လည် (၂) နာရီ၌ သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေး ကျင်းပလေ့ရှိသောအခန်းတွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊ စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ (၃) ဦးတို့နှင့်အတူ အစည်းအဝေး ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးတွင် တာဝန်ခံပါမောက္ခချုပ်မှ “ ဆရာ (ဦးဇော်သူရ) အနေနဲ့  ဘယ်သူတွေနဲ့၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာ အသိဆုံး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ အကြောင်းကြားသဖြင့် အသိပေးရခြင်းဖြစ်ကြောင်း၊ ၀န်ထမ်းစည်းကမ်းနဲ့အညီ နေထိုင်ရန် လိုကြောင်း၊ အပြုအမူဆင်ခြင်ရန်ဖြစ်ကြောင်း၊ ၀န်ထမ်းဥပဒေများက ကိုလိုနီခေတ်က ပြဌာန်းခဲ့ပေမယ့် ယခုတိုင် အသုံးပြုဆဲဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်အတွက် လိုအပ်တဲ့ဆရာတစ်ဦးဖြစ်တဲ့အတွက် မနစ်နာစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရ၏ ပြောပြချက်ကိုသာ အသိပေးခြင်းဖြစ်ကြောင်း၊ အပြစ်တစ်စုံတစ်ရာ ကျူးလွန်မှု မရှိသဖြင့် အစည်းအဝေးတက်ရောက်ကြောင်းသာ လက်မှတ်ထိုးပေးရန် ပြောကြားပြီး အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူးထံ သွားရောက်တွေ့ဆုံခဲ့သော သင်တန်းရေးရာမှူးအား တွေ့ဆုံရာတွင်၊ “ တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူးက ဦးဇော်သူရကို သိပါသလား၊ ပါတီနိုင်ငံရေးလုပ်နေကြောင်း၊ ၀န်ထမ်းစည်းမျဉ်းကို ဖောက်နေကြောင်း၊ အရေးယူခဲ့ပါက နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ထားဝယ်တက္ကသိုလ်တွင်လည်း တာဝန်ရှိကြောင်း၊ နောင်အခါများတွင် ယခုကဲ့သို့ ဆက်လက် လုပ်နေပါက အရေးယူမည်” ဟု ဆိုကြောင်း ပြောပါသည်။

အဆိုပါကိစ္စရပ်အတွက် ထားဝယ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၊ ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂနှင့် ထားဝယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများက ကြေညာချက်များ အသီးသီး ထုတ်ပြန်ရန် စီစဉ်လျက်ရှိပါသည် ။

အခုလို ဖိအားပေးမှုကြောင့် လူမှုရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော အခြားသော တက္ကသိုလ်ဆရာများအပါအ၀င် အစိုးရ၀န်ထမ်းများမှာ နောက်နောင် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ရန်အတွက် စိုးရိမ်နေကြပါသည် ။

အသေးစိတ်အချက်အလက်များကို -

ဆရာ ဦးဇော်သူရ - 09 49852371
ကိုကျော်ကျော်သက် ( ၈၈ မျိုးဆက်ကျောင်းသား -ထားဝယ် ) - 09 8760167
ကို ၀သုန် ( ထားဝယ်ခရိုင် ကျောင်းသား သမဂ္ဂ ) - 09 422190217
ကိုသန့်စင် ( ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ) - 09 422190691
ပါမောက္ခချုပ် ( ထားဝယ်တက္ကသိုလ် ) (ရုံးချိန်အတွင်း 059-21278 နှင့် 059 -21152 )   သို့ မေးမြန်းနိုင်ပါသည် ။

(သတင်း - ရွှေထားဝယ်သား)။

No comments: