ကိုမြအေးရဲ့ မေတ္တာရပ်ခံ ပြောကြားချက်။
ကိုမြအေးရဲ့ မေတ္တာရပ်ခံ ပြောကြားချက်။
ကျွန်တော် ဒီမှာလာတက်တာက ဆွေးနွေးဖို့ လာတက်တာတော့ မဟုတ်ဘူးဗျ။ ဆွေးနွေးပိုင်ခွင့် အခွင့်အာဏာကိုလည်း ကျွန်တော့်ကို ၈၈မျိုးဆက်ကျောင်းသားများကလည်း မအပ်နှင်းထားပါဘူး။ ကျွန်တော်ဒီကိုလာခဲ့တာငြိမ်းချမ်းရေးကို လိုလားသူတစ်ယောက်အနေနဲ့ လာခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ စည်းမျဉ်းစည်းကမ်းရှိပါတယ်။ ၈၈ ကို ကိုယ်စားပြုပြီး ပြောမယ်ဆိုရင် အစည်းအဝေး ဆုံးဖြတ်ချက်အရသာ လုပ်ပိုင်ခွင့် ရှိလို့ ပါ။
အဲဒီတော့ ဒီနေ့ဒီအချိန် ဒီနေရာမှာ ကျွန်တော် ပြောတဲ့စကားသည် သာမန်မြအေးဆိုတဲ့ အနေအထား အတိုင်းပဲ ပြောခွင့်ပြုပါ။ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ပြည်သူလူထုထဲက သာမန်မြအေးဆိုတဲ့ လူသားတစ်ယောက်အနေနဲ့ပဲ ပြောခွင့်ပြုပါ။
ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အမှောင်ထုအောက်မှာ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေဟာ ရိုက်ချိုးခြင်းခံခဲ့ရတယ်။ လောင်းရိပ်တစ်ခုအောက်မှာ နှစ်ပေါင်းများစွာ ပိတ်ပင်ခြင်း ခံခဲ့ရတယ်။ အခုမှ အသွင်ကူးပြောင်းရေးကာလထဲကို ချဉ်းနင်းဝင်ရောက်လာခါစ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ အားလုံးပြောတတ်ပါတယ်။ တကယ့်ဒီမိုကရက်တစ်ဖြစ်ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ဟာတွေကိုကြည့်မယ်ဆိုရင် ထင်သလောက် မလွယ်ဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။
ပြောချင်တာက မတူကွဲပြားမှုတွေကို နားလည်ဖို့ လိုပါလိမ့်မယ်။ ရင့်ကျက်ဖို့ လိုပါလိမ့်မယ်။ နားလည်မှု ရင့်ကျက်မှု မရှိဘဲနဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်ခုကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ပြောချင်တာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ရှိရင် ဒီနေ့ဒီအချိန်အခါမှာ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်ချက်တွေဟာ Ground Zeroကို ဆင်းပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ အပြန်အလှန် ငြင်းခုန်ပြီးတော့ နေကြမယ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မရနိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။
ကျွန်တော်ပြောချင်တာက ဒီနေ့ ဒီအချိန်အခါမှာ အစ္စလာမ်ဘာသာကို အခြေခံပြီး စဉ်းစားတာမျိုး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာကို အခြေခံ စဉ်းစားတာမျိုးထက် Human Being ဆိုတဲ့ လူသားအခြေခံပေါ်မှာ စဉ်းစားခြင်းကသာလျှင် အဖြေမှန်တစ်ခုကို ရနိုင်ဖို့ နီးစပ်မယ်လို့ မြင်ပါတယ်။
ဘာပဲပြောပြော ရိုးရိုးပဲ အစ္စလာမ်ဝင်တစ်ယောက်အနေနဲ့ပဲ ပြောပါရစေ။ ကျွန်တော်တို့ဟာ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာတရားနဲ့ ရဟန်းတော်များကို အစ္စလာမ်ဘာသာဝင်များကလည်း လေးစားဖို့ လိုမယ်ဆိုတာ အတိအလင်း ပြောချင်ပါတယ်။
ကျွန်တော်လူဆိုတဲ့အပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော့်ကို ကြိုက်တဲ့လူမျိုးတံဆိပ် ကပ်လိုက်ပါ။ ကျွန်တော့်ကို ကြိုက်တဲ့ နာမည်ခေါ်လိုက်ပါ။ ကျွန်တော်ကိုယ့်ကျွန်တော် လူပီသစွာ နေထိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ ပြောချင်တာက အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာတရားကို ကျွန်တော်တို့ လေးစားရမှာ ဖြစ်သလို ကျွန်တော် အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ အတိအလင်းပဲ ထပ်ပြောပါမယ်။ အစ္စလာမ်ဘာသာဝင်အတွင်းမှာ ငါတို့ ဘာအားနည်းနေလဲ၊ ငါတို့ အများနဲ့ သဟဇာတ ဖြစ်စွာ ဘယ်လိုနေထိုင်မလဲဆိုတဲ့ ကိုယ့် Community ကို Change ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ပြောချင်ပါတယ်။
ကျွန်တော် နားလည်တဲ့ ဘာသာရေးများဟာ လူတွေကို လူပီသအောင် လူဆန်စွာ နေထိုင်နိုင်အောင် ကျင့်ကြံပေးတဲ့ တရားတွေလို့ ကျွန်တော် အဲဒီလို နားလည်ထားတဲ့အတွက် ကျွန်တော်လူတစ်ယောက်အဖြစ်ပဲ နေထိုင်ခွင့်ပြုပါ။ အဲဒီအပေါ်မှာ ကျွန်တော် ဘာမှမသိရဘဲနဲ့ ကျွန်တော့် အဖေအမေ အဘိုးအဘွား အမွေပေးတဲ့ ဘာသာရေးဆိုတဲ့ တံဆိပ်အပေါ်မှာ ခွဲခြားဆက်ဆံတဲ့ဟာမျိုးကိုတော့ ကျွန်တော် ရင်မဆိုင်ပါရစေနဲ့၊ လက်လည်းခံမှာ မဟုတ်ပါဘူး။
ကျွန်တော် ပြောချင်တာက သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ဒီနေရာမှာ ထပ်ပြီး ရခိုင်တိုင်းရင်းသားတွေအတွက်ကို နည်းနည်းလေးပြောပါရစေ။ ရခိုင်ပြည်နယ်အနေနဲ့ကလည်း လဝက ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် နည်းနည်းပြောချင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံသူ နိုင်ငံသားနဲ့ မြန်မာနိုင်ငံ အပေါ်မှာတော့ သစ္စာရှိဖို့ လိုပါလိမ့်မယ်။
ကျွန်တော်တို့ နိုင်ငံဟာ တစ်ဖက်က အိန္ဒိယလို သန်းထောင်ကျော်နိုင်ငံနဲ့ တစ်ဖက်က တရုတ်ပြည်ကြီးဆိုတဲ့ သန်းထောင်ကျော်တဲ့ နိုင်ငံကြားမှာရှိတဲ့အတွက် ပထဝီဝင်နိုင်ငံရေးကို မစဉ်းစားဘဲနဲ့ လဝက ဥပဒေကို လိုချင်တဲ့ ပုံစံတွေ ဆွဲပြောနေတာ အလွန်မှားတယ်လို့ မြင်ပါတယ်။
ရိုဟင်ဂျာတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လူသားတစ်ယောက် အနေနဲ့ပဲမြင်ပါတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားတွေ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ပညာရှင်တွေ ဆွေးနွေးငြင်းခုန်ပြီး အတည်ပြုရမည့် ကိစ္စပါ။ အတည်ပြုချင်လည်း ပြုမယ်၊ အတည်မပြုချင်လည်း မပြုဘူး။ အဓိက သေချာတာကတော့ ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်းသားပါ တိုင်းရင်းသားပါလို့ ထပ်ကာတလဲလဲ ကြွေးကြော်နေတာတွေဟာ ဒီနေ့ ဒီအချိန်အခါမှာ ဘယ်လိုမှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ဘူးဆိုတာလည်း ရိုဟင်ဂျာလူမျိုးများကို အတိအလင်း ပြောပါရစေ။
ဟုတ်ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်ကို သစ္စာရှိဖို့ ကျွန်တော်တို့ Community ကို အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ Change လုပ်ပါလို့ ဒီနေရာကနေပြီး အတိအလင်း တောင်းဆိုပါတယ်။ သစ္စာမရှိလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ လွဲနေလို့ပါ။
နောက်တစ်ခုက သမိုင်းဆိုင်ရာအချက်အလက်တွေနဲ့ တစ်ခေတ်တုန်းက ရွှေထီးဆောင်းခဲ့ ဆောင်းခဲ့၊ ဒီဟာတွေ ပြန်လှန်ပြောနေလို့လည်း အဖြေတစ်ခုကိုရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အင်မတန် စိုးရိမ်ရတဲ့ အခြေအနေဆိုးကြီးထဲကို ရောက်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ရခိုင်ပြဿနာဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာပြီးတော့ ရန်ကုန်မြို့မှာဆိုရင် အစ္စလာမ်ဘာသာရေးအဖွဲ့က ခေါင်းဆောင်တွေရယ်၊ နိုင်ငံတော် သံဃမဟာ နာယက အပါအဝင် အင်မတန် ကြည်ညိုလေးစားစရာကောင်းတဲ့ ရဟန်းသံဃာတွေ ဘုန်းတော်ကြီးတွေကကော ရန်ကုန်မြို့ မန္တလေးမြို့တွေမှာ ဒီပြဿနာတွေ မီးပွားမကူးနိုင်အောင် ထိန်းသိမ်းနေရတဲ့ အခြေအနေမျိုးတွေမှာ အခြေအနေဟာ အလွန် အကဲဆတ်တဲ့ အခြေအနေမျိုးတွေပါ။ ဒီလို အကဲဆတ်တဲ့အခြေအနေမျိုးမှာ ငြင်းရင်ခုန်ရင်းနဲ့ ဒီပြဿနာတွေ ဒီဘက်ဆက်လာမှာကို မလိုလားပါဘူး။ ဒါဟာ တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားနိုင်စရာဖြစ်တဲ့အပြင်ကို ကျွန်တော်တို့နိုင်ငံရဲ့ Image ပျက်စီးပါလိမ့်မယ်။
အဓိက ပြောချင်တာက ဒီနေ့ ဒီအချိန်မှာ ကျွန်တော် ဟိုး ၈၈ ခုနှစ်က ဖြစ်ရပ်ကလေးမြင်ရင်း ပြန်ပြောပါရစေ။ ကျွန်တော်တို့ကို စစ်အစိုးရက ပစ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့နံပါတ်တုတ်တွေက ရိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ၈ပေ ၁၂ပေလောက် ကျဉ်းမြောင်းတဲ့အခန်းထဲမှာ ထည့်သွင်း အကျဉ်းချခဲ့ပါတယ်။ ထောင်သွင်းအကျဉ်းချ ရက်စက်သတ်ဖြတ်ခဲ့တဲ့ကာလတွေမှာ သူတို့ပစ်တဲ့ ကျည်ဆံတွေ သူတို့ရိုက်တဲ့ နံပါတ်တုတ်တွေက၊ တိုက်ခန်း အကျဉ်းလေးထဲမှာရှိတဲ့ ဖျာကြမ်းတွေက ဘယ်ဘာသာ ဘယ်လူမျိုးဆိုပြီး မခွဲထားပါဘူး။ မွတ်စလင်မ်လည်း ထိမှာပဲ၊ ဗုဒ္ဓဘာသာလည်း ထိမှာပဲ၊ ခရစ်ယာန်လည်း ထိမှာပဲ၊ ဟိန္ဒူလည်း ထိမှာပဲ။ အဓိကကတော့ ထိတဲ့နေရာမှာ ဘာသာလူမျိုးဆိုပြီးတော့ ခွဲခြားထားတာ မဟုတ်ပါဘူး။
ဒီဖိနှိပ်မှုကို ပြည်သူလူထုတစ်ရပ်လုံး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ခံစားလာခဲ့ရပြီးတော့မှ အခုအချိန်မှာ ဒီလို အကွဲအပြဲနဲ့ ပို၍ ပို၍ ဆိုးရွားတဲ့ခေတ်ကာလကြီးထဲကို ရောက်အောင်တွန်းပို့နေတဲ့ လူတစ်စု အတိအလင်းပြောပါ့မယ်။ လူတစ်စုဆိုတဲ့အထဲမှာ ဘယ်ဘက်အုပ်စုက ဘယ်လို၊ ဘယ်ဘက်အုပ်စုက ဘယ်လိုဆိုတာ မရိုးစွပ်ချင်ပါဘူး။ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပဲ ထပ်ပြောပါ့မယ်။ ပြည်တွင်းပြည်ပ ဒီပြဿနာကို ဖန်တီးနေတဲ့သူတွေဟာ ဒီတိုင်းပြည်မှာ ရင်းရင်းနှီးနှီးနေလာခဲ့ကြတဲ့ အစဉ်အလာရှိနေခဲ့ကြတာကို ဖျက်ပြီးတော့ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ခေတ်ဆိုးကြီးကို ဖန်တီးနေတာဖြစ်တဲ့အတွက် အားလုံးညီရင်းအစ်ကိုလို လက်တွဲချိတ်ထားရမှာ ဖြစ်ပါတယ်။
လက်တွဲချိတ်တဲ့နေရာမှာ ရိုးရိုးသားသားပဲ လက်တွဲချိတ်ချင်ပါတယ်။ ဒီနေရာမှာ ဒီလိုချိတ်ပြီး ဒီလို အခွင့်အရေးယူမယ်ဆိုတဲ့စိတ်နဲ့ စာလို့ရှိရင် ငါတို့ တိုင်းပြည်ကို ငြိမ်းချမ်းအောင် ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ဟာကို လက်တွဲယူပြီး အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ရိုသေမှု၊ ရိုသေသင့် ရိုသေထိုက်တဲ့လူကို ရိုသေခြင်းတရားအပေါ်မှာ သွားချင်ပါတယ်။
တစ်ချိန်တုန်းက အစ္စလာမ်ဘာသာဝင်တွေ ဘုရားဖူးသွားတဲ့အခါ ဟာဂ်ျလုပ်တဲ့အခါမှာ ကောင်းကောင်းမွန်မွန် နေနိုင်အောင် ဗမာဘုရင်တွေထဲက မင်းတုန်းမင်းကြီးက မက္ကာမြို့တော်မှာ ဒေါင်းဇရပ် တည်ဆောက်ပေးခဲ့ဖူးပါတယ်။ အတိအလင်း ရှိပါတယ်။ အရင်တုန်းက ဘာသာတရား ချစ်ကြည်ရင်းနှီးမှုကို ပြတာပါ။ မန္တလေးရတနာပုံနန်းတွင်းထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ကောင်းကောင်းမွန်မွန် ဝတ်ပြုနိုင်အောင် ဗလီထားခဲ့ဖူးတာ ရှိပါတယ်။ အဲဒီလိုပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ကလည်း အင်္ဂလိပ်ဟာ ဗမာပြည်ကို တိုက်ခဲ့တဲ့အခါမှာ ဗမာလူမျိုး တွေနဲ့အတူတူ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူတူ နယ်ချဲ့ ကိုလိုနီစနစ်ကို သမိုင်း အစဉ်အဆက် တွန်းလှန်ခဲ့တာ အထင်အရှား မြင်နိုင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့တွေဟာ အခုအချိန်မှာ Ground Zero ကို ကျဆင်းချင်ပါတယ်။ Ground Zero ကို ဆင်းပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ သဟဇာတ မဖြစ်မှု အစ္စလာမ်ဘာသာဝင်တွေက မှားတာကိုလည်း မှားတာ ရဲရဲပြင်ဖို့ လိုပါလိမ့်မယ်။ အဲလို ရဲရဲပြင်တာကို ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေလည်း ရှိပါတယ်။ကျွန်တော်တို့ ပြင်ဖို့ကြိုးစား ရပါလိမ့်မယ်။ ကြိုးစားတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေ အနေနဲ့ ကလည်း လက်တွဲခေါ်ပါလို့ အနူးအညွတ်တောင်းပန်ရင်း နိဂုံးချုပ်အပ်ပါတယ်။
No comments:
Post a Comment