Wednesday, January 23, 2013

အလိမ်အညာ အာဏာရူးအုပ်စုရဲ့  မီဒီယာ။

အလိမ်အညာ အာဏာရူးအုပ်စုရဲ့  မီဒီယာ။

သိန်းစိန်တို့  အာဏာရူးတွေရဲ့  သတင်းမီဒီယာတွေဟာ အလိမ်အညာတွေနဲ့  သတင်းအမှားတွေ လုပ်ကြံဖန်တီးကာ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့  တိုင်းရင်းသားညီအကိုတွေကို ပြည်သူလူထုက အထင်မှား အမြင်မှားစေရန် ၀ါဒဖြန့်  လုပ်ကြံနေတယ်ဆိုတာ သက်သေတစ်ခု ထပ်ရလို့  ဖေါ်ပြလိုက်ရပါတယ်။

ကချင်ပြည်နယ်မှာ မင်းအောင်လှိုင်တို့  မတရားထိုးစစ်ဆင်တိုက်ခိုက်မှု စတင်နေချိန်မှာ အင်တာနက်စာမျက်နာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကချင်သတင်းဌာနတစ်ခုကဘဲ ဖေါ်ပြနေသယောင်နဲ့ ဆင်တူယိုးမှားအမည်နဲ့  သတင်းမှားတွေကို ၀ါဒဖြန့်  လုပ်ကြံနေတာကတော့ “Kachin Daily News” (https://www.facebook.com/pages/Kachin-Daily-News/367239923348076?sk=wall) ဆိုပြီး ပုံမှားရိုက်ကာ ကချင်ဘက်က သတင်းထုတ်သလိုလိုနဲ့  လိမ်ညာနေတဲ့ သိန်းစိန်တို့ ရဲ့  ယုတ်မာသော လုပ်ရပ်ဖြစ်ပါတယ်။

အဆိုပါ သိန်းစိန်တို့ ရဲ့  အတုအယောင် ဖေ့စ်ဘွတ်စာမျက်နှာ “Kachin Daily News” မှာ မကြာခင်အချိန်ပိုင်းကဘဲ သတင်းတစ်ပုဒ်ကို ဓါတ်ပုံတစ်ပုံနဲ့  တင်လိုက်တာ တွေ့ ရှိရပါတယ်။ အဲ့ဒီ လုပ်ကြံသတင်းကတော့ “KIA အကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး” ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ သတင်းအတုရဲ့  ဖေါ်ပြချက်ကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီမှာ https://www.facebook.com/photo.php?fbid=436477939757607&set=pb.367239923348076.-2207520000.1358937472&type=3&theater ဖတ်ကြည့်နိုင်ပြီး၊ သတင်းကို စင်ကာပူက ဆိုပြီး တိကျခိုင်မာမှု မရှိဘဲနဲ့  ယောင်ဝါးဝါး တမင်လုပ်ပြီး ဖေါ်ပြထားပါတယ်။ သတင်းကို လိမ်ညာထားရုံတင်မက အဓိက ဖေါ်ပြထားတဲ့ ဓါတ်ပုံကို ကြည့်ရင် KIA မှ စစ်ယူနီဖောင်းဝတ်ထားသူတွေက ကျောင်းထိုင်ဆရာတော်ကို အတင်းအဓမ္မ ဆွဲရမ်းပြီး ဖမ်းဆီးနေသလိုလိုနဲ့  ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။


ဒီလိုမျိုးသတင်းအလိမ်အညာနဲ့  ဓါတ်ပုံအမှားကို ဖေါ်ပြထားတဲ့ သိန်းစိန်တို့  အာဏာရူးအုပ်စုရဲ့  ရည်ရွယ်ချက်ကတော့ ကချင်တော်လှန်ရေးအင်အားစုတွေနဲ့  ကချင်တိုင်းရင်းသားအချင်းချင်း သွေးခွဲခြင်း၊ ပြည်သူလူထုနဲ့  KIA အား ရန်တိုက်ပေးခြင်းတို့ အပြင် မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်ဖြစ်တဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင်ဖန်တီးခြင်းဘဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခကို ဖန်တီးရာမှာ အစ္စလာမ်ဘာသာနဲ့  ဗုဒ္ဓဘာသာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ဖန်တီးခဲ့တဲ့အပြင် ယခု ခရစ်ယာန်ဘာသာနဲ့  ဗုဒ္ဓဘာသာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဒီသတင်းအမှားကို ဖန်တီးလိုက်တာဘဲဆိုတာ သိသာပါတယ်။

“KIA အကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး” ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းပါ ဓါတ်ပုံဟာ လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဧပြီလ (၁) ရက်နေ့ က နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သတင်းပါ ဓါတ်ပုံဖြစ်ပြီး၊ ဒီဓါတ်ပုံကို သိန်းစိန်တို့ ရဲ့  ၀ါဒဖြန့် ချီမှိုင်းတိုက်တဲ့ “Kachin Daily News” ဖေ့စ်ဘွတ်က အသုံးချပြီး သတင်းလုပ်ကြံ ရေးသားဖေါ်ပြလိုက်တာဘဲ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံပါ မူရင်း သတင်းကတော့ ၂၀၀၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့  နီပေါနိုင်ငံက တရုတ်သံရုံးရှေ့ မှာ ဆန္ဒပြကြတဲ့ တိဘက်ဘုန်းတော်ကြီး အပါး (၅၀) ခန့် ကို နီပေါနိုင်ငံ ရဲတွေက ဖမ်းဆီးတဲ့ သတင်းဖြစ်ပြီး သတင်းဓါတ်ပုံကို (AP) သတင်းဌာနက ရိုက်ကူးဖေါ်ပြထားတဲ့ ဓါတ်ပုံဘဲ ဖြစ်ပါတယ်။ သတင်းအသေးစိတ်နဲ့  အဲ့ဒီဓါတ်ပုံကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ http://www.foxnews.com/story/0,2933,345151,00.html ကြည့်ပါတော့။


ဒီ အတုအယောင် သတင်းအမှားများ ပုံမှန်တင်နေတဲ့ အတုအယောင် ဖေ့စ်ဘွတ်စာမျက်နှာ “Kachin Daily News” ဟာ ကချင်တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူလူထုက အထင်မှား အမြင်မှားစေရန် စိတ်ဓါတ်စစ်ဆင်ရေးနဲ့  ၀ါဒဖြန့် ချီရေး လုပ်ဆောင်နေတဲ့ သိန်းစိန်တို့  အာဏာရူးအုပ်စုရဲ့  လုပ်ရပ်ဖြစ်ပါတယ်။

ဒီလိုမျိုး ဟန်ဆောင်ပြောဆိုချက်တွေ အလိမ်အညာသတင်းတွေ အပျော့ဆွဲ ထောင်ချောက်ဆင်မှုတွေ၊ ပြည်သူလူထုက သနားအောင် ငိုပြမှုတွေ၊ တိုင်းပြည်ကြီးကို ကယ်တင်နေတဲ့ ကျေးဇူးရှင်အဖြစ် ခံယူနေမှုတွေ၊ အဓိကအရေးကိစ္စတွေ ဘေးရောက်သွားအောင် လွှတ်တော်အတွင်းမှာ အရေးတကြီး ဆွေးနွေးနေကြရတဲ့ သာမညကိစ္စများ ဖန်တီးထားမှုတွေ၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ယုတ်မာစွာကျင့်ကြံနေတဲ့ လုပ်ရပ်တွေ အစရှိတဲ့ ဟန်ဆောင်မျက်နှာဖုံးစွပ် အတွင်းဇာတိယုတ်ကို ပြနေကြတဲ့ အာဏာရူးအုပ်စုရဲ့  ပျားသကာထက် ချိုလွန်းပြနေတာကို သိကြစေဖို့  ဒီ သတင်းအမှားနဲ့  ဓါတ်ပုံအတုအယောင်အကြောင်း သက်သေပြလိုက်ရပါတယ်။

No comments: