မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားမှု။
မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားမှု။
အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ၁၉၀၆ ခုနှစ်တွင် အင်္ဂလိပ်မင်းဂျော့ဘုရင်နှင့် မေရီမိဖုရားတို့ အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။
၎င်းသမိုင်းဝင် တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစောက်ရှောက်မှုများ ပြုလုပ်ရန်အတွက် ၀န်ထမ်းများ ထားရှိ၍ နေထိုင်စရာ ၀န်ထမ်းလိုင်းခန်းများလည်း ဆောက်လုပ်ပေး၍ တိရစ္ဆာန်ဥယျာဉ်ကြီးအား ထိန်းသိမ်းစေခဲ့ ပါသည်။ (၂၅-၁-၂၀၀၆) ရက်နေ့တွင် (အတွင်းရေးမှူး-၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခု လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှစ် (၁၀၀) ပြည့် မော်ကွန်းကျောက်စာတိုင်ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ လိပ်ပုံကျွန်းအနီးတွင် စကျင်ကျောက်ဖြင့် ကျောက်စာတိုင်ပြုလုပ်ခဲ့ပြီး ထို ကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး၊ အသိမှတ်ပြုခဲ့သော တိရစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။
ယခုအခါ အများပြည်သူများ သွားလာလွယ်ကူ၍ ကောင်းမွန်စွာ အပန်းဖြေနိုင်သော တိရစ္ဆာန်ဥယျာဉ်၊ ကျောင်းသား/သူများ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒပညာ ရှာမှီးစေရန် အထောက်အကူပြုပေးနေသော တိရစ္ဆာန်ဥယျာဉ်၊ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တော်များ လာရောက်၍ ရှေးဟောင်းအဆောက် အဦးကြီးများကို အစဉ်သဖြင့် လာရောက်လေ့လာလျှက်ရှိသော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို နိုင်ငံတကာအဆင့် မှီစေရန် (၁-၁၀-၂၀၁၁) ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဦးတေဇပိုင်သော ထူးကုမဏီများအဖွဲ့သို့ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်စေခဲ့ပါသည်။ ယခုအခါ ၄င်းထက် ပိုမိုအကျိုးအမြတ်ရရှိစေရန် သစ်တောဦးစီးဌာနက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ထဲမှ တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ ပြောင်းရွှေ့ပြီး ကွန်ဒိုတိုက်ခန်းနှင့် အရောင်းပြခန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပါသည်။
၂၂-၁-၂၀၁၃ ရက်စွဲပါ News Watch Weekly ဂျာနယ် အချပ်ပို (က) ဖော်ပြချက်အရ သမိုင်းဝင်အဆောက်အအုံများ၏ ဘေးပတ်လည် ကိုက် (၃၀၀) အတွင်း မည်သည့်အဆောက်အအုံမှ ပြန်လည်ဆောက်လုပ်ခွင့် ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်ဟု ဖေါ်ပြထားရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည်လည်း သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးများ တည်ရှိသောနေရာတစ်ခု ဖြစ်ပါသည်။
တိရစ္ဆာန်များကို လှော်ကားဥယျာဉ်သို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် အရှေ့တောင်အာရှတွင် ဒုတိယသက်တမ်းအရင့်ဆုံး တိရစ္ဆာန်ရုံကြီးဖြစ်ပြီး၊ (၁၉၈၉) ခုနှစ်ထိ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တရိစ္ဆာန်ဥယျာဉ်ကြီး ဖြစ်ပါသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် ဒုတိယကမ္ဘာစစ် ကာလကပင် တိရစ္ဆာန်များကို မပျောက်မပျက် ရှေးမူမပျက် ပြသမှုရှိခဲ့ပါသည်။ စစ်ကြီးပြီးလျှင် အများပြည်သူများကို ပြသခဲ့ပါသည်။ ယခု ဒီမိုကရေစီခေတ်ကာလ၌ ယခင်ရှေးဟောင်း သမိုင်းဝင်များကို ဖျောက်ဖျက်ပြီး စီးပွားရေးဆန်ဆန် ဆောင်ရွက်မှုသည် သမိုင်းကြောင်းကို ညစ်ညမ်းစေနိုင်ပါသည်။ ယခုအခါ သစ်တော်ဦးစီးဌာနအနေ ဖြင့် တိရစ္ဆာန်များ ရွှေ့ပြောင်းခြင်းများကို စီမံဆောင်ရွက်ရန် စီစဉ်နေပြီး ၄င်းတိရစ္ဆာန်များကို မှီခိုဆောင်ရွက်နေသော ၀န်ထမ်းများသည်လည်း အလုပ်လက်မဲ့၊အိုးအိမ်မဲ့ဘ၀သို့ ရောက်ရှိစေနိုင်ပါသည်။
လူကို မဆိုထားဘိ၊ လှော်ကားတွင် ယခုလက်ရှိ ရှိနေသော တိရစ္ဆာန်များသည်ပင် အစာရေစာ ၀လင်စွာ မစားရ မသောက်ရဟု သိရပါသည်။ ဒီမိုကရေစီစနစ်ကို အလွဲသုံးစားလုပ်နေသော ခေတ်သစ်နာမည်ကြီး ခရိုနီများသည် မြန်မာပြည်က ဥပဒေများကို လက်တစ်လုံးခြား လုပ်စားလိုက်၊ ငါးသားလောက်လို ပေါင်းစားလိုက်နှင့် နားလှည့်ပါးရိုက်လုပ်လိုက်နှင့် ရိုးအသော လူထုများ၊ ဆင်းရဲသော ပြည်သူလူထုအများစုအပေါ်ကို မြန်မာပြည်သားလို့တောင် အသိအမှတ် မပြုတော့ဘဲ လုပ်ချင်သလို လုပ်နေကြသည်က ယခုထက်တိုင် ရန်ကုန်မြို့ကြီးကို သူ့အိမ်လို့များ သဘောထားပြီး ဖဲ့ချင်သလို ဖဲ့၊ သဲ့ချင်သလို သဲ့နေသည်ကိုတော့ လွှတ်တော်ကြီးက သိပါသလားဟု ပြည်သူများကမေးခွန်းထုတ်ရုံမျှသာ တတ်နိုင်ပါတော့ကြောင်း။
နေပြည်တော် ဆာဖာရီဥယျာဉ်ထဲက တိရစ္ဆာန်များမှာမူ ၀ဖီးဖြိုးကာ လွတ်လပ်မှုအပြည့်နှင့် ကမ္ဘာသမိုင်းဝင် မြန်မာတို့ ၏ တန်ဖိုးရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် သတ္တ၀ါအပေါင်းမှာတော့ အစာရေစာပြတ်ငတ် ပိန်ချုံးကာ အသက်ရှင်သန်မှုယဲ့ယဲ့နှင့် ယခုမှာ ပိုဆိုး၍ နေရာလည်းပျောက် ဘ၀လည်းပျောက်ကြရမည့် ဆိုးရွားလှသော ကံကြမ္မာနှင့် ရင်ဆိုင်နေရပါတော့တယ်။
မြန်မာပြည် ရန်ကုန်မှာ ဖြစ်ရသော ကျွန်တော်တို့  ဘ၀နဲ့  နေပြည်တော်မှာ ဖြစ်ရသော သူတို့  ဘ၀ ခြားနားလှပါပေတယ်။
(သတင်း/ဓါတ်ပုံ - လင်းဆက်)။



No comments:
Post a Comment