အဓိကက ရိုးသားဖြူစင်ကြဖို့ ပါ၊ ဒါပေမယ့် ပြောချင်တာ တစ်ခု အဓိကက တိုင်းပြည်ကို အုပ်ချူပ်နေသူတွေ အုပ်ချူပ်လိုသူတွေက စပြီး ရိုးသားဖြူစင်ဖို့  လုပ်ရပါမယ်။
အဓိကက ရိုးသားဖြူစင်ကြဖို့ ပါ၊ ဒါပေမယ့် ပြောချင်တာ တစ်ခု အဓိကက တိုင်းပြည်ကို အုပ်ချူပ်နေသူတွေ အုပ်ချူပ်လိုသူတွေက စပြီး ရိုးသားဖြူစင်ဖို့  လုပ်ရပါမယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိဖူးဆိုတာ တောက်လျှောက်ပြောနေပြီး၊ ၂၀၁၁ ခုနှစ်က ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက တပ်မတော်ထဲမှာ ကလေးစစ်သားများ ရှိနေတယ်ဆိုတဲ့ ရေးသားပြောဆိုချက်တွေဟာ လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်တယ်လို့  ပြောဆိုခဲ့တယ်။ အခုကျတော့ တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းထားတဲ့ ကလေးသူငယ် (၂၄) ဦးကို ဖေဖော်ဝါရီ (၁၅) ရက်နေ့ က ရန်ကုန်မြို့မှာ တရားဝင် နုတ်ထွက်ခွင့်ပေးလိုက်ပါသတဲ့။
ထို့ အတူဘဲ သတင်းစာရှင်းလင်းပွဲတွေ အကျဉ်းထောင်အသီးသီးက လွှတ်ပေးနေခဲ့တာတွေမှာ “နိုင်ငံရေးအကျဉ်းသား” ဆိုတဲ့ စကားလုံးကို မသုံးခဲ့သလို မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဖူးလို့  ပြောခဲ့တဲ့သူတွေ အခုကြတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေး ကော်မတီဆိုပြီး ပြောပြန်ပြီ။
အရင်တုန်းက “စစ်အစိုးရ” စကားလုံး သုံးနေကြသူတွေ ယခုကြတော့ အရပ်သားအစိုးရဆိုပြီး တသွင်သွင် သုံးနေကြသူတွေ ပေါများလို့  နေကြတယ်။ ဒီဟာကတော့ မျက်စိက ကြည့်နေရင်းနဲ့  မြင်ကို မမြင်တာလို့  ပြောရမလို ဖြစ်နေပြီ။ အာဏာရှင်အကျင့်ကျင့်တဲ့ စစ်ယူနီဖောင်းဘဲ ၀တ်ထား မ၀တ်ထား၊ တိုက်ပုံ ခေါင်းပေါင်း ပုဆိုးဘဲ ၀တ်ထား ၀တ်ထား နောက်ဆုံး ရုပ်ပြောင်းရုပ်လွဲဘဲ လုပ်ထားလုပ်ထား မှန်ကန်တဲ့ လုပ်ရပ် လုပ်လား မလုပ်လားဆိုတာ မသုံးသပ်ဘဲ ဇာတ်ထဲ ဘီလူးဝတ်စုံ ၀တ်ထားတော့ ဘီလူးပါလား မင်းသားဝတ်စုံ ၀တ်ထားတော့ မင်းသားလေးပါလားလို့  သာ မြင်တာလောက်လေးဘဲ တွေးခေါ်တတ်ရင်တော့ မဟုတ်သေးပါဖူး။
အရင်တုန်းက “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံး မသုံးခဲ့သူတွေ ယခုကျတော့ ဒီမိုကရေစီ စကားလုံး အားရပါးရ သုံးနေကြပြန်တယ်။ ဒီမိုကရေစီအတုဆိုတာ အစစ်ကို ခုတုံးလုပ်ခံရကာ၊ အစစ်ကဘဲ အတုပြန်ဖြစ်နေရတဲ့ အနေအထားထိ ပိပိရိရိ သုံးပြနေပြန်တယ်။ အသုံးကတစ်ခြား လက်တွေ့ လုပ်နေတာက တစ်ခြား ဖြစ်နေတာကို လေ့လာကြည့်ရင် သိသာပါတယ်။
အဆိုပါ စကားလုံးတွေ ပြောင်းလဲပြီး သုံးနှုံးတာတင်မက လက်တွေ့ ပိုင်းမှာလည်း နိုင်ငံပိုင် ၀ါဒဖြန့်  မှိုင်းတိုက်နေတဲ့ ဓါတ်ပြားဟောင်းကြီးတွေ ဖွင့်ရင်း ၂၀၀ရ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကစလို့  ပိတ်လိုက်ရတဲ့ ဘလော့တွေ အင်တာနက်တွေ ပိတ်ဆို့ နေတာကအပြင် ၀န်ကြီးဌာနတွေ အထူးဌာနတွေကို ဘလော့လုပ်နည်းသင်တန်းတွေ အင်တာနက်သုံးနည်းသင်တန်းတွေ ကမန်းကတန်းပေးကာ တန်ပြန်တိုက်ခိုက်တဲ့ “မီဒီယာကို မီဒီယာနဲ့  တိုက်မယ်” ဆိုပြီး စိန်ခေါ်လုပ်ဆောင်မှုတွေ လုပ်လာတယ်။ “မီဒီယာကို မီဒီယာနဲ့  တိုက်မယ်” ဆိုတဲ့ ဗြောင်စိန်ခေါ်မှုမှာ ကိုယ့်မီဒီယာကို သူ့  မီဒီယာနဲ့  တိုက်တာလောက်ဘဲ မဟုတ်ဘဲ ကိုယ့်မီဒီယာထဲမှာတင် ၀င်ရောက်တိုက်တာကို သတိမပြုမိကြတော့ အထိအခိုက်ဖြစ်ကုန်ကြတယ်။
အခြားဖက်မှာလည်း တိုင်းရင်းသားပြည်သူတွေရဲ့  အထိမ်းအမှတ်နေ့ တွေမှာ ဘယ်တုန်းကမှ တောက်လျှောက် ယောင်လို့ တောင် မ၀တ်ပြခဲ့တဲ့ တိုင်းရင်းသားဝတ်စုံတွေကို ၀တ်ပြနေလို့  ကရင်ဝတ်စုံနဲ့  တစ်မျိုး ချင်းဝတ်စုံနဲ့  တစ်ဖုံ၊ နောက်လာပါဦးမယ် စီစဉ်ပြီး ၀တ်ပြမယ့် အနေအထားတွေ။ တကယ့်အရင်းအစစ် မှန်ကန်ရင် ပြည်တွင်းငြိမ်းချမ်းရေး ပြည်တွင်းစစ် မရှိရေးကို ရှိုးရိုးသားသား လုပ်ပြပါ။ ငြိမ်းချမ်းရေးအတွက် ဖွဲ့ စည်းမှုတွေ မကြာခဏပြုလုပ်၊ သီးခြားဆွေးနွေးမှုတွေ ပြောဆိုတာတွေ အကြိမ်ကြိမ် အဖန်ဖန် လုပ်နေမယ့်အစား ရိုးရိုးရှင်းရှင်းလေး မျက်နှာစုံညီ စုပေါင်းပြီး ထင်သာမြင်သာစွာနဲ့  တစ်ချိန်ထဲ တစ်ပြိုင်နက်ထဲ လုပ်ဆောင်ပြမယ်ဆိုရင် စေတနာအရင်းခံ ဖြူစင်သန့် ရှင်း စစ်မှန်မှုသာရှိ ယနေ့ ယခု အားလုံးအတူတစ်ကွ ၀ိုင်းဝန်လုပ်ဆောင်ကြမှာပါ။ မရိုးမသားနဲ့  ဟိုလှည့်ပတ် ဒီလှည့်ပတ် လုပ်နေတုန်းဆိုရင် ဒီခေတ်ဟာ အရင်ခေတ်လို ပြည်သူလူထုဟာ နားမပွင့် မျက်စိမပွင့်တဲ့ခေတ် မဟုတ်ဖူးဆိုတာ သိဖို့  လိုပါတယ်။
နောက်တစ်ခုက မြန်မာလူမျိုးအများစုဟာ အတိတ်က အဖြစ်အပျက်တွေကို မေ့လွယ်ကြပါတယ်၊ မြန်မာလူမျိုးတွေက စိတ်ထားရိုးသားကြပါတယ်၊ မြန်မာလူမျိုးတွေက ခွင့်လွှတ်လွယ်ကြပါတယ်၊ မြန်မာလူမျိုးတွေက စိတ်ရင်းစေတနာ ထားကြတတ်ပါတယ်၊ မြန်မာလူမျိုးအများစုဟာ မျက်တောင်တစ်မွှေးလောက်ကို ကြည့်ကြသူတွေ များပါတယ်။ မြန်မာပြည် ဖြစ်စဉ်တောက်လျှောက်မှာ အဆက်မပြတ် သိရှိနေရင် ဖြစ်စဉ်တစ်ခုလုံး သိရှိနေရင် အညာခံရဖို့  ဝေးပါလိမ့်မယ်။ ဒီခေတ်မှာ အရင်ခေတ်လို သွေးခွဲတာတွေ သွေးထိုးတာတွေ မှိုင်းတိုက်တာတွေ ရန်တိုက်တာတွေ ထပ်ခံနေရဦးမယ်ဆိုရင်တော့ အတော့်ကို မဖြစ်သင့်တဲ့ကိစ္စ မခံရသင့်တဲ့ကိစ္စလို့  ပြည်သူတစ်ဦးချင်းစီတိုင်းက သိသင့်သလို၊ ဒီလိုလုပ်လို့ ရကြေးလို့ ဆိုပြီး လုပ်နေသူတွေလည်း အရင်ခေတ်လို အောင်းမေ့ရင် အချိန်က စကားပြောလာပါလိမ့်မယ်။ ယနေ့  အာဏာရှင်အုပ်စုအတွင်း အာဏာရှင်တွေ အသုံးချထားတဲ့ လက်နက်ကိုင်အင်အားစုတွေအတွင်း အမှားအမှန်သိနေကြပြီဖြစ်တဲ့သူတွေ ရှိနေပါပြီ။
တစ်ချိန်က မြန်မာပြည်ရဲ့  အစဦးဆုံး အာဏာရှင်ကြိး နေ၀င်းက တတိုင်းပြည်လုံးက ပြည်သူလူထု ကြားသိမြင်တွေ့ စေဖို့ အတွက် မြန်မာ့ရုပ်မြင်သံကြားကနေ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်လို့  အာဏာရှင်စနစ်စတင်ပျက်သုံးတဲ့အချိန်ကာလမှာ ပြောကြားခဲ့တဲ့ အသွင်ပုံစံလေးနဲ့  စကားလုံးတွေ ပြောပြချင်ပါရဲ့ ။ အာဏာရှင်လက်အောက်မှာ တစ်တိုင်းပြည်လုံး နှစ်ပေါင်း (၂၆) ကျော်ကြာ အထွေထွေအကြပ်အတည်းတွေ ဖြစ် ဖိနှပ်ချုပ်ချယ်မှုတွေ ခံစားရလို့  အုံကြွပေါက်ကွဲတဲ့အခါမှာ ပြည်သူလူထုရဲ့  အားကို မဖြိုခွဲနိုင်တော့တဲ့ နောက်ဆုံးအခြေအနေရောက်တော့ အာဏာရှင်ကြီး နေ၀င်းက ယခုလို ဖြစ်ပျက်မှုတွေအားလုံးမှာ ကျွန်တော်အပါအ၀င် နိုင်ငံတော်အစိုးရ နိုင်ငံတော်ကောင်စီမှာ တာဝန်ရှိတဲ့အတွက် တာဝန်ရှိတဲ့အတွက်ကြောင့် တာဝန်တွေကနေ နှုတ်ထွက်မယ်ဆိုတဲ့ အကြောင်းပြောတော့ စာရွက်ကလေးကိုင်ပြီး အသံတုန်တုန် လက်တုန်တုန်နဲ့  ပြောနေတဲ့ အာဏာရှင်နေ၀င်း ပြောနေတာကို မြင်တွေ့ ကြားသိရတဲ့ နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူလူထုက စုတ်တစ်သပ်သပ် တကျွတ်ကျွတ်နဲ့  လူမိုက်ကြီး နောင်တရပြီပေါ့ဆိုပြီး သနားစိတ်တွေ ပေါ်ကာ တစ်သက်လုံး သတ်ဖြတ်ညဉ်းပမ်းနှိပ်စက် တိုင်းပြည်ပြာကျအောင်လုပ်ခဲ့တာတွေ မေ့သွားပြီး ခွင့်လွှတ်လိုစိတ်တွေ တစ်ဖွားဖွားပေါ်ကုန်ကြတယ်။ ဒီလို ခွင့်လွှတ်လိုစိတ်တွေ သနားစိတ်တွေ ပေါ်နေတာတောင် မပျောက်သေးဖူး၊ ‘စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင် မပစ်ဖူး၊ ပစ်ရင် တည့်တည့် ပစ်တယ်၊ ဆူမယ်ပူမယ့်သူတွေ မသက်သာဖူးသာ အောင်းမေ့” လို့  ဆက်လည်း ပြောသံကြားရတော့ ရေဒီယို တီဗွီကနေ နားထောင်နေတဲ့ ကြည့်နေကြတဲ့သူတွေ ဒေါသူပုန်ထကြလို့  နောက်နေ့ တွေ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒထုတ်ဖေါ်ကြသူတွေ အဆများစွာ တွေ့ ရခဲ့ပါတယ်။ ဒီလို အုပ်ချူပ်သူဘက်က ရင်တွင်းမှာ မရိုးသားရင် မရပါဖူုး။ ဒီလိုပုံစံမျိုး ပြည်သူလူထုအပေါ်မှာ မရိုးသား မမှန်ကန်ဘဲနဲ့  အပြောလေးတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲတာ အချိုသပ်တာ လှည့်ဖြားတာ အပြောချိုတာမျိုးဟာ ယနေ့  အုပ်ချူပ်နေသူတွေက အာဏာရှင်ကြီး နေ၀င်းရဲ့ ဖြစ်ရပ်တွေ အနားယူနေတဲ့ သန်းရွှေရဲ့  ဖြစ်ရပ်တွေကို သင်ခန်းစာ ယူပြီး ပြည်သူလူထုအပေါ် အမှန်တကယ် မရိုးသားရင် မရဖူးဆိုတာကို သိစေချင်ပါတယ်။
ဒီအတွက် ယနေ့  တိုင်းပြည်ကို အုပ်ချူပ်နေပါတယ် ပြောင်းလဲဖို့  ကြိုးစားနေပါတယ်ဆိုသူတွေဘက်က စကားလုံးတွေ ပြောင်းလဲ ပြောဆိုနေ၊ ၀တ်စားဆင်ယင်မှုတွေ လဲနေ၊ အယုံလွယ် သနားလွယ်အောင် လုပ်ပြနေ၊ ကတိတွေ အထပ်ထပ်ပေး အာမတွေ ခံပြနေလည်း စစ်မှန်မှုမရှိတဲ့ လုပ်ရပ်တွေ ဆက်ရှိနေရင် မမှန်ကန်သေးဖူးဆိုတာ ပြောရမှာပါ။
လိုရင်းပြောရရင်တော့ အုပ်ချူပ်သူတွေဘက်က အရင်ခေတ်လို မလှည့်ဖြားပါနဲ့ ၊ ပြည်သူလူထုဘက်ကလည်း အပြောချိုတိုင်း လတ်တလော လုပ်ပြတိုင်း မျက်တောင်တစ်မျွေးလောက်ကိုသာ မကြည့်ပါနဲ့  ဖြစ်စဉ်အစအဆုံးကို ဆက်စပ်လေ့လာကြည့်ပြီးမှ သုံးသပ်ပါ။
အားလုံးရဲ့  မြန်မာပြည်ကြီးကို အခြားသော ကမ္ဘာ့နိုင်ငံတွေနဲ့  ရင်ဘောင်တန်း တိုးတက်စေချင်တဲ့ စေတနာအရင်းအစစ်ရှိတယ်ဆိုရင် ဖြူစင်ရိုးသားကြပါ။ ဒီနေ့ ဒီရက် ဖြူစင် ရိုးသားရင် နောက်နေ့  အခြားနိုင်ငံတွေကို အမှီလိုက်ဖို့  အားလုံး စ လို့ ရပြီ။ ဒါပေမယ့် ပြောချင်တာ တစ်ခု အဓိကက တိုင်းပြည်ကို အုပ်ချူပ်နေသူတွေ အုပ်ချူပ်လိုသူတွေက စပြီး ရိုးသားဖြူစင်ဖို့  လုပ်ရပါမယ်။
အမိမြန်မာပြည်အတွက် ကြည့်ကြမယ်ဆိုရင် အုပ်ချုပ်သူတွေဘက်က ဦးစွာ လက်တွေ့  ရိုးသားပြပါ။ ဒါဆိုရင် တိုင်းရင်းသား ပြည်သူလူထုဘက်ကလည်း အဆင့်သင့်ပါဘဲ ….. ။
No comments:
Post a Comment