Friday, February 15, 2013

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ။

အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ။


(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)၊

(၂) ဗိုလ်ချုပ်ကြီး ခင်ညွန့် (အငြိမ်းစား)၊

၎င်းတို့သည် ၁၉၉၂ခုနှစ် မှ ၂၀၁၀ခုနှစ် မတ်လ (၃၁) ရက် နိုင်ငံတော်တာဝန်ယူ၍ န၀တ၊ နအဖ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၄င်းကာလတွင်း ကျွန်ုပ်သည် ၁၉၉၀ စက်တင်ဘာလ (၁) ရက်နေ့မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ထိ အင်းစိန်ထောင်၊ အင်စိန် (သီးသန့်ထောင်)၊ သာယာဝတီအကျဉ်းထောင်များတွင် အကျဉ်းချခံခဲ့ရပါသည်။

ထိုကာလတွင်း စစ်ကြောရေးစခန်းထောင်များ၌ နှိပ်စက်မှု၊ အောက်ခြေကျဉ်းခတ်၊ တိုက်ပိတ်မှုများစွာကို ခံခဲ့ရပါသည်။ ထိုအချိန်က ၄င်းသည် နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်နေချိန်တွင် တာဝန်ရှိသူမှာ ၄င်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ဦးသန်းရွှေကို သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုဖြင့်၎င်း၊ နှိပ်စက်ညှင်းပန်းမှုများကြောင့်၎င်း၊ ( တရားစွဲဆိုနိုင်ပါသည်)။ ဦးခင်ညွန့်နှင့် ပူးပေါင်း၍ (၇) နှစ်ကြာလျှင် သေစေသော ဆေးကို ကျွန်ုပ်တို့အား ၁၉၉၈ ခုနှစ် စစ်ကြောရေးကာလတွင် ထိုးရန် အမိန့်ပေးသူဖြစ်ခဲ့သူ ဖြစ်ပါသည်။ ၄င်းဆေးကို အသုံးပြုခဲ့ကြောင်း ကျွန်တော်နှင့် အတူ သာယာဝတီထောင်တွင် (၂၀၀၇ ခုနှစ်၊ ၂၀၀၉ ခုနှစ်) အထိ နေထိုင်ခဲ့ သော ဗိုလ်မှူးချုပ်မြင့်ဇော် ( ဒုဗိုလ်မှူးကြီးမြင့်ဦး၊ ဗိုလ်ကြီးစိုးမင်းလတ် (အားလုံး NIB ) တို့က ပြောပြခဲ့ပါသည်။ ထို့ ကြောင့် ကျွန်တော့်ကို ၂၀၀၂ ခုနှစ် ဆေးထိုးပြီး (၄) နှစ်ကြာ အင်းစိန်ထောင်သို့ သာယာဝတီထောင်မှ ပြန်လည်ပြောင်းရွေ့ စောင့်ကြည့်ခဲ့ပါသည်။ ၄င်းကာလအတွင်း၌ ကျွန်တော်၏ ဒူးခေါင်းတွင် (ဘယ်ဘက်တွင်) အလုံးကြီး ဖြစ်လာပါသည်။ ၄င်းအားလုံးတွင် အဆိပ်များ စုနေ၍ အချိန်မမီပါက ခြေထောက်ဘယ်ဘက်မှ ဖြတ်ရခြင်း၊ (သို့) ၇ နှစ်ကြာလျှင် သေစေသော အဆိပ်မိ၍ သေဆုံးသွားနိုင်ပါသည်။ ထို့ကြောင့် (၂၀၀၇) ခုနှစ်စောင့်ကြည့်၍ မသေသောအခါ ကျွန်တော့်ကို သာယာဝတီအကျဉ်းထောင်သို့ ပြန်လည်ပို့၍ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၌ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

အထက်ပါအမှုဖြစ်စဉ်အကျဉ်းကို ကြည့်မည်ဆိုလျှင် သတ်ဖြတ်သေဆုံးရန် ကြံစည်မှုနှင့် တမင် သက်သက် အညိုးကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ရှိရပါသည်။ ထို့ကြောင့် တာဝန်အရှိဆုံးပုဂ္ဂိုလ် (၂) ဦးဖြစ်သည့် ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့အား လူသတ်ရ န်ကြံစည်မှုဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထိုသို့ဖြစ်ပေါ်လာရန်အတွက် ထိုအမှုဖြစ်စဉ်ကို ဖန်တီးခဲ့သော ဗိုလ်မှူးစန်းပွင့်၊ ထိုအမှုဖြစ်စဉ်ကို ဖြစ်ပေါ်စေရန် ပြုလုပ်၍ ဖမ်းဆီးခဲ့သော ဗိုလ်ချုပ်မှူးသန်းထွန်း၊ ဖမ်းဆီးရန် ဦးခင်ညွန်ထံမှ တိုက်ရိုက်အမိန့်ယူခဲ့သော ဗိုလ်ချုပ်ကျော်ဝင်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့သည်လည်း ကြံရာပါများအဖြစ် အမှုဖြစ်စဉ်တွင် အကျုံးဝင်ပါသည်။

(၁၉၉၀ ခုနှစ်) စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ အမှတ် (၇) ထောက်လှမ်းရေး မနော်မာရီလမ်းတွင် တာဝန်ယူခေါင်းဆောင်အဖြစ် စစ်ဆေးခဲ့သော ဗိုလ်ကြီးစည်သူနှင့် အဖွဲ့သည်လည်း လူသားမဆန်စွာဖြင့် နှိပ်စက်ညှင်းပန်းခြင်း၊ အစားအသောက် မကျွေးခြင်း၊ လူသား၏ တန်ဖိုးကို နှိမ်ချစွာ ဆက်ဆံခြင်း၊ လူသား၏ သိက္ခာကို အကြိမ်ပေါင်းများစွာ စော်ကားဆဲဆိုခြင်း၊ ထိုဖြစ်ရပ်တို့သည် လူ့အသရေဖျက်မှုပုဒ်မနှင့်၎င်း၊ အခြားသော သေကြောင်းကြံစည်မှုများဖြင့်၎င်း အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၈) ခုနှစ် ဇန်န၀ါရီလ (၂၇) ၇က်နေ့မှ (၁၉၉၈) ခုနှစ် မတ်လ (၁၃) နေ့ထိ စစ်ကြောရေး တာဝန်ခံခေါင်းဆောင် ဗိုလ်မှူးကျော်စိန်ဝင်း၊ ဗိုလ်ကြီးခင်မောင်၊ ဗိုလ်ခင်ကျော်၊ ဗိုလ်မှူးစိုးဝင်း၊ ဗိုလ်ကြီးကျော်ကျော်၊ ရဲအုပ်ညွှန့်လှိုင်တို့သည်လည်းကောင်း၊ အမှုဖြစ်စဉ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တိုက်ရိုက်အမိန့်ပေး၍ လူ(၁၀၀) ကျော်အား ဖမ်းဆီးစစ်ဆေးခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် ခင်မောင်သန်း၊ အောင်ထွေး၊ မောင်ဘို၊ တင်အောင်မြင့်ဦး၊ အမှုစစ်ဆေးစဉ်ကာလအတွင်း လာရောက်ကြည့်ရှုပြီး ပြင်းထန်စွာ စစ်ဆေးရန်၎င်း၊ နှစ်ရှည်ကြာ များပြားစွာ ကျခံစေရန် ဦးခင်ညွန့်နှင့် အတူအစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဒုဗိုလ်ချုပ်ကြီးဝင်းမြင့်တို့သည်လည်း ကြံရာပါ တရားခံများဖြစ်၍ တရားစွဲဆိုထိုက်ပါသည်။

အိတ်ပိတ်ထားသောအမိန့်ကို ဖတ်ပြခဲ့သော စစ်ခုံရုံးအမှတ် (၁) (၇-၁-၁၉၉၁) နေ့က သုံးဦးဖြစ်သည့် ဗိုလ်မှူးမောင်ညွန့် (ယန္တရားတပ်)၊ ဗိုလ်မှူးစိန်လှိုင် (ကကရုံးချုပ်)၊ ဗိုလ်မှူးစိုးတင့် (အကြီးစားစက်မှူလုပ်ငန်း) တို့ သည်လည်းကောင်း၊ (၁၉၉၈) ခုနှစ် ဧပြီလ (၁၀) ရက်နေ့ အမှုတွဲအမှတ် (၂၈/၂၉/၃၀-၉၈) တို့ဖြင့် စီရင်ချက်ချခဲ့ သော မြောက်ပိုင်းခရိုင်အထူးတရာရုံး တရားသူကြီးအား၎င်း၊ မတရားမှုဖြစ်စဉ် ကြံစည်မှုတွင် ကြံရာပါများအဖြစ် တရားစွဲဆိုထိုက်ပါသည်။

ထို့အတူ (၁၉၉၀) ခုနှစ် နှင့် (၁၉၉၈) ခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်ရှင်းလင်းတင်ပြသူ ဦးခင်ညွန့်၊ ဗိုလ်မှူးချုပ်အောင်သိန်း၊ ဒေါက်တာသန်းညွန့်၊ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ ရဲချုပ်ဗိုလ်မှူးကြီးစိုးဝင်းတို့အား၎င်း အမှုတွဲများအဖြစ် သတ်မှတ်တရားစွဲဆိုနိုင်ပါသည်။။ ထို့အတူ အကျဉ်းဦးစီးဌာနကို တိုက်ရိုက်ကွတ်ကဲညွှန်ကြား အုပ်ချုပ်ခဲ့သော ထောက်လှမ်းရေးအရာရှိများဖြစ်သည့် ဦးခင်ညွန့်၊ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်ရဲမြင့်တို့သည်၎င်း၊ (၁၉၉၈) နှစ်မှ (၂၀၀၉) နှစ်ထိ အမှုဖြစ်စဉ်၏ တရားခံများ ဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်အားလုံးသည် ကျွန်တော့်အား နှစ်ကြိမ်တိုင်တိုင် (၂၂) နှစ် စီရင်ချက် ချစေခဲ့သော ၀ိုင်းဝန်းပူးပေါင်း လုပ်ဆောင်သူများဖြစ်သည်။

နိုင်ငံသာတစ်ဦးအား (၂၄) နာရီထက် ပို၍ ဖမ်းဆီးချုပ်နှောင်ခွင့်မရှိစေရဟု အပိုဒ်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ (၁၉၄၇) ခုနှစ်၊ (၁၉၇၄) ခုနှစ်၊ (၂၀၀၈) ခုနှစ်တို့၌ ပါရှိပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်းထဲတွင်.. ”ကျွန်တော်တို့ (၁၉၄၇) ခုနှစ် (၁၉၇၄) ခုနှစ် အခြေခံဥပဒေကို လက်ခံသုံးစွဲနေပါတယ်”ဟု ပါရှိသည်။ ထို့အတူ ဗိုလ်ချုပ်မှူးကြီးစောမောင်အား ဆက်ဆံခဲ့သော ဦးသန်းရွှေသည်မှာလည်း ထိုကိစ္စနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ မိန့်ခွန်းပြောကြား ကြေညာချက်ထုတ်ခြင်း လုံးဝမပြုလုပ်ခဲ့သဖြင့် ထိုအတိုင်းပင် အတည်ဖြစ်သည်ဟု မှတ်ယူရပါသည်။ ထို့ကြောင့် (၂၄) နာရီထက် ပိုမိုဖမ်းဆီးချုပ်နှောင် အမိန့်ချမှတ်ခဲ့သော ထိုပုဂ္ဂိုလ်အားလုံးကို တရားမျှတခြင်း မှန်ကန်မှု ရှုထောင့်မှနေ၍၄င်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရှုထောင့်မှနေ၍၄င်း၊ တရားစွဲဆိုသည်မှာ သဘာဝကျလှပါသည်။ ဤသည်မှာလည်း လူသား၏ တန်ဖိုး၊ လူသား၏ သိက္ခာတရား လူသား၏ အဓိပ္ပါယ်သတ်မှတ်ချက်များပင် ဖြစ်ပါသည်။

လူ့အခွင့်အရေး ပြည့်ဝသော နိုင်ငံတော်သစ်ဆီသို့ သွားမည်ဆိုလျှင် အထက်ပါအမှုဖြစ်စဉ်သည် အရေးတကြီး မှန်ကန်ပြည့်ဝမှုပင် ဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေးကာလဟု ပြောလျှင် ရသည်ဟု ဆင်ခြေပေးလျှင် အခြေခံဥပဒေကို လက်ကိုင်သုံးစွဲမှုက ၄င်းတို့၏ ဆင်ခြေကို ပယ်ဖျက်သလိုပင် ဖြစ်ပါသည်။ မည်သူ မှားသည်၊ မှန်သည်ကို ဆိုသည်ထက် တရားမျှတမှုဖြင့် တရားမဲ့မှုတို့ကို ထိုအမှုဖြစ်စဉ်က သက်သေပြပါသည်။

အထက်ပါပုဂ္ဂိုလ် (၃၀) ဦးကို တရားစွဲဆိုသင့်သော အဖြစ်ပျက်များ ဖြစ်ပါသည်။

အောင်ထွန်း။

မှတ်ချက်။ ။ အကျဉ်းဦးစီိးဌာနမှ တရားခံများ (၁၉၉၀ မှ ၂၀၀၉) ထိ ဆက်လက်ပို့ပေးပါမည်။

(ဖေါ်ပြသူ - လင်းဆက် ၁၃-၂-၂၀၁၃)။

No comments: