Sunday, February 17, 2013

အစည်းအဝေးအတွင်း အိပ်နေသူနဲ့  ဖဲကစားနေသူ။

အင်းလေးဟိုတယ်ဇုန် နှင့်ပတ်သတ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မီဒီယာတွေ့ဆုံပွဲတွင် စည်ပင်မှ တာဝန်ရှိအရာရှိတစ်ဦး အိပ်ပျော်နေကာ၊ စည်ပင် ညွန်မှုး ဦးစိုင်းထွန်းထွန်းမှာ Ipad ဖြင့် ဖဲကစားနေ။

အင်းလေးဟိုတယ်ဇုန် စီမံကိန်း နှင့်ပတ်သတ်ပြီး မီဒီယာတွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၅ ရက်နေ့ က ညောင်ရွှေမြို့ ၊ အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကျင်းပခဲ့သည်။

အင်းလေးဟိုတယ်ဇုန်မြေနေရာချထားမှုတွင်လည်း ပွင့်လင်းမြင်သာစွာဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် သတင်းစာများမှတဆင့် လျှောက်လွှာများခေါ်ယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က သတင်းမီဒီယာတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့သည်။

အင်းလေးဟိုတယ်ဇုန်ဖော်ထုတ်ရာတွင် ဒေသခံပြည်သူများ၊ ရွာသားများနှင့် အနည်းငယ်ပြေလည်မှုမရခဲ့သဖြင့် လုပ်ငန်းများနှောင့်နေးခဲ့ရကြောင်း၊ ဟိုတယ်စီမံကိန်းကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အား မထိခိုက်အောင်၊ စည်းမျဉ်းစည်းကမ်းများနှင့် ပြုမှုဆောင်ရွက်မှသာလျင်ခွင့်ပြုသြွးမည်ဖြစ်ကြောင်း၊ ပြည်ပလုပ်ငန်းရှင်များသာမက ၊ပြည်တွင်းလုပ်ငန်းရှင်များ၊ ဒေသတွင်းလုပ်ငန်းရှင်များ ကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ထပ်မံပြောကြားခဲ့သည်။

သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တက်ရောက်လာသော သတင်းမီဒီယာသမားများအား ရှင်းလင်းပြောဆိုပေးနေသော်လည်း စည်ပင်မှတာဝန်ရှိအရာရှိတစ်ဦး အိပ်ပျော်နေပြီး စည်ပင် ညွန်မှုး ဦးစိုင်းထွန်းထွန်းမှာ အိုင်ပတ် Ipad ဖြင့် ဖဲကစားနေကြောင်း သတင်းမီဒီယာတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် သတင်းသမားများ ပြောပြချက်အရသိရှိရသည်။


ထိုသို့ လုပ်ဆောင်ခြင်းသည် ပြည်သူ့ဝန်ထမ်းနှင့် မတူကြောင်း၊ ပြည်သူများ၊ ပြည်နယ် အစိုးရအဖွဲ့၊ သတင်းသမားများ ရှေ့တွင် ယခုကဲ့သို့ မထီမဲ့မြင် ပြုမှုနေသူသည် စည်ပင်မှ ညွန်မှုးကိုယ်တိုင်ဖြစ်နေသည့်အတွက် အံသြမိကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြည်သူများသိရှိစေရန် ဖဲကစားနေပုံများအား ဓာတ်ပုံမှတ်တမ်းအပြင်၊ ဗီဒီယိုမှတ်တမ်းပါ တင်ခဲ့ကြောင်း အင်းလေးဟိုတယ်ဇုန် မီဒီယာတွေ့ဆုံပွဲသို့ တက်ရောက်သတင်းယူခဲ့သည့် သတင်းထောက်များက ပြောသည်။


ထိုကဲ့သို့ ဒေသခံပြည်သူများ အပေါ် အလေးမထားပဲ မီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင်ပင် မိမိနှင့် မဆိုင်သယောင် ဖဲကစားနေသည့် စည်ပင်ညွန်မှုးအား ဒေသခံရွာသားများက ဒေါသထွက်နေကြကြောင်း တက်ရောက်သည့် ရွာသားများကပြောသည်။

မိုးဝသာန် (တောင်ကြီး)။

(ပေးပို့ လာသော ရတနာအား ကျေးဇူးတင်ရှိပါသည်)။

No comments: