Tuesday, February 5, 2013

လုပ်စားသွားကြသူများကြောင့် အတိဒုက္ခရောက်နေရမှုမှ ကယ်တင်ပေးနိုင်ပါရန်။

လုပ်စားသွားကြသူများကြောင့် အတိဒုက္ခရောက်နေရမှုမှ ကယ်တင်ပေးနိုင်ပါရန်။

နိုင်ငံတော် အစိုးရအနေနဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ကော်မရှင်ဖွဲ့ပြီးလုပ်နေတာတွေ့ရ သလို ဒီမိုကရေစီခေတ်မှာ Good Governance နဲ့ Clean Government ဖြစ်အောင် လုပ်နေချိန် လည်းဖြစ်ပါတယ် .... ယခုအချိန်မှာ ဆက်သွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတွေကိုလဲ စုံစမ်း စစ်ဆေးနေတာတွေ လုပ်နေပြီလို့ကြားသိရပါတယ် .... ဒါပေမယ့်လည်း မိမိကိုယ်မိမိ တော်ပါတယ်... ကောင်းပါတယ်ဆိုပြီး အသံကောင်းဟစ်ပြီးတော့ နောက်ကွယ်က ခြစားနေတဲ့ ကိစ္စရပ်တစ်ချို့လဲ ရှိနေတဲ့အတွက် ဒီလိုကိစ္စမျိုးကို ကျွန်တော်ပြောပါရစေ၊ ကျွန်တော်ခံစားခဲ့ရတဲ့ ကိစ္စဟာဆိုရင် နိုင်ငံတော်နဲ့ ပြည်သူတွေသာမက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ကျနော်တို့လို နေ့စားဝန်ထမ်းတွေပါ အတိဒုက္ခ ရောက်ခဲ့ရပါတယ်....

ကျနော်ကတော့ စက်မှုဝန်ကြီးဌာန (ယခင် စက်မှု-၁) လက်အောက် အင်းစိန်၊ ဒညင်းကုန်း အုတ်စက်ရုံမှ နေ့စားအလုပ်သမားဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်....ကျနော်တို့ အုတ်စက်ရုံကို၂၀၁၂ သြဂုတ် လ တုန်းက Mother Trading Co. ကို ရောင်းချခဲ့ပါတယ် .... စရောင်းတဲ့အချိန်တုံးကတော့ သမ္မတ အကြံပေးဝန်ကြီး ဦးစိုးသိန်းက DVB Interview မှာ “ ဒီစက်ရုံက ရောင်းလိုက်တာတော့ ဟုတ်တယ်.... ဒါပေမယ့် ဒီအလုပ်သမားတွေ အလုပ်မပြုတ်ပါဘူး....သူတို့က ဆက်လက် နေပိုင်ခွင့်ရှိတယ်... အလုပ်လဲ ဆက်ပြီး လုပ်ပိုင်ခွင့်ရှိတယ် ” ဆိုပြီး ပြောခဲ့သလို အခြားတစ်ဖက်ကလည်း “ အဲဒီ အလုပ်သမား တွေဟာ ပေါက်တူးတစ်လက်နဲ့ ကျူးကျော်ပြီးတော့ ၀င်ရောက်နေထိုင်နေတဲ့သူတွေ ဖြစ်တယ်.... ဒီတော့ ဒီအလုပ်သမားတွေကို ဖယ်ရှားရမယ် ” လို့ ပြောလာ ပြန်တယ်....

အခုအခြေအနေမှာ စက်ရုံက Permanent ၀န်ထမ်းတွေကိုတော့ ဆက်လက်ခန့်တာတို့ ပင်စင် ပေးတာတို့တော့ ရှိပေမယ့်၊ စက်ရုံဝန်ထမ်းထဲက အလုပ်သမားတန်းလျားမှာနေပြီး အလုပ်လုပ် နေရတဲ့ ကျွန်တော်တို့လို နေ့စားအလုပ်သမားတွေအဖို့ အလုပ်လက်မဲ့ဘ၀ကို ကြုံတွေ့ရပါတော့မယ်.... ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြတော့လည်း ဘာမှအရေးယူမှု၊ ဆောင်ရွက်ပေးမှု မရှိပါဘူး..... ကျွန်တော်တို့ဘ၀က အစိုးရရယ်၊ စက်ရုံကို ရောင်းချခဲ့တဲ့ သမ္မတအကြံပေး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ Monther Trading ကုမ္ပဏီရယ်ကြားထဲမှာ စားစရာမရှိ/ နေစရာမရှိ ဘ၀မျိုးရောက်ရပါတော့မယ်.....


တစ်ကယ်တန်း ထိုက်ထိုက်တန်တန် အကျိုးရှိသွား တာကတော့ Mother Trading ကုမ္ပဏီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ပါပဲ.... ဒါကြောင့် ကျွန်တော်တို့စက်ရုံအပြင် ဖော့ကန်ဆိပ်ကမ်း နယ်မြေမှာရှိတဲ့ ဆိပ်ကမ်းအနီးက လယ်မြေတွေ ကိုလည်း အုတ်စက်ရုံတည်ထောင်ဘို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်သမားတွေဆီက သိမ်းယူခဲ့ပြီး Mother Trading Co. ကို အင်မတန် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါသေးတယ်.... ခုချိန်ထိတော့ ဘာလုပ်ငန်းမှ မလုပ်သေးဘဲ တစ်ချို့လယ်မြေတွေကို သီးစားချထားနေတယ်လို့ သိရ ပါတယ်....ဦးစိုးသိန်းဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ သူ့ကို ငွေနဲ့လာဘ်ထိုးမှသာ လုပ်ငန်းအဆင်ပြေတယ်လို့ ကြားသိရပါသေးတယ်....။

ကျွန်တော်တို့မှာတော့ ထမင်းနပ်မှန်အောင်စားနိုင်ဘို့ အင်မတန်ကြိုးစားရုန်းကန်စားသောက် နေရတဲ့အချိန်မှာ နိုင်ငံတော်ပိုင်စက်ရုံနဲ့ မြေတွေကို မတန်တဆညှိနှိုင်းဈေးတွေနဲ့ လုပ်ဆောင်ခဲ့တာကို အားလုံးသိအောင် ပြောပြရခြင်းဖြစ်ပါတယ်.... ၀န်ကြီးနဲ့ ကုမ္ပဏီက အဆမတန်ကြီးပွားချမ်းသာလာတာကို မလိုလားလို့ပြောတာ မဟုတ်ပါဘူး.... ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရမှ ပြန်လည်ကြည့်ရှုပေးစေလိုတဲ့ဆန္ဒနဲ့ တင်ပြရခြင်းဖြစ်ပါတယ်....ယခင်စက်မှုဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ပြောလို့မဆုံးပါဘူး…

ကျွန်တော့်အနေနဲ့ကတော့ သမ္မတအနီးအနားမှာ လုပ်ပိုင်ခွင့်အရှိဆုံး ထမ်းဆောင်နေတဲ့ လူကြီးတစ်ယောက်အနေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ ဆက်လက် မလုပ်ဆောင်စေဘို့နဲ့ ကျွန်တော်တို့ရဲ့ဘ၀ကို လျစ်လျူရှုမထားဘဲ ပြန်လည် ကြည့်ရှုစောင့်ရှောက် ပေးပါရန် နိုင်ငံတော်သမ္မတကြီးထံ တင်ပြလိုက်ပါရစေခင်ဗျာ....

အုတ်စက်ရုံဝန်ထမ်းတစ်ဦး။

No comments: