Sunday, March 24, 2013

အမိမြန်မာပြည် ကမ္ဘာ့အလည်မှာ သိက္ခာမကျစေချင်ပါ။

အမိမြန်မာပြည် ကမ္ဘာ့အလည်မှာ သိက္ခာမကျစေချင်ပါ။

အရင်တုန်းက ဗုဒ္ဒဘာသာ သံဃာတော်ရှင်သူမြတ်တွေကို ရိုက်ပုတ်သတ်ဖြတ်တယ်၊ ဘုန်းကြီးကျောင်းတွေကို မီးရှို့ ဖျက်ဆီးတယ်။ အရင်တုန်းက အစ္စလာမ် ဗလီအဆောက်အဦးတွေကို သင်္ချိုင်းတွေကို ဖြိုချဖျက်ဆီးတယ်။ အရင်တုန်းက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတယ်။ ဒါတွေကို ဘယ်သူတွေ လုပ်ခဲ့ကြသလည်း။ ဒီလုပ် လုပ်ခဲ့ကြသူတွေကို ဗုဒ္ဓဘာသာဝင်တွေရော အစ္စလာမ်ဘာသာဝင်တွေရော ခရစ်ယာန်ဘာသာဝင်တွေကရော အတူတကွ ၀ိုင်းဝန်းဆန့် ကျင်ခဲ့ကြတယ်။

အမျိုးဘာသာအတွက် မတူညီကြတဲ့ ဘာသာဝင်တွေ တက်ညီလက်ညီနဲ့  ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ လက်တွဲစည်းလုံးခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာလည်း ညီညီညာညာနဲ့  ဘာသာမခြား လူမျိုးမခြား ရင်းနှီးစွာနဲ့  လက်တွဲချိတ်ခဲ့ကြတယ်။

ယခုအချိန်ကာလမှာ ဒီသမိုင်းတွေ ဒီဆောင်ရွက်မှုတွေကို ဘယ်သူတွေ သွေးခွဲနေကြသလည်း။ ဘာသာမတူ ယုံကြည်မှုမတူတာနဲ့  ရန်သူဖြစ်အောင် ဘယ်သူတွေ လုပ်နေကြသလည်း။

နိုင်ငံချင်း လူမျိုးချင်း ကြီးမားလှတဲ့ စစ်ပွဲတွေ ဖြစ်ပွားအောင် ဖန်တီးလုပ်ကြံကြတာ ကမ္ဘာ့သမိုင်းအဆက်ဆက်မှာ သွေးချောင်းစီခဲ့ကြရတဲ့ ကြေကွဲဖွယ် ဘာသာရေးစစ်ပွဲတွေ လူမျိုးရေးစစ်ပွဲတွေ ရှိခဲ့ကြတယ်။ ဒီလို သွေးချောင်းစီးပွဲတွေ အေးချမ်းသာယာခဲ့တဲ့ အမိမြန်မာပြည်မှာ ဖြစ်အောင် အဖြစ်ခံရအောင် ဖန်တီးသူတွေက ဖန်တီးနေရင်၊ မဖြစ်အောင် အဖြစ်မခံရအောင် ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့ အစွန်းရောက်မှုတွေကို အသိတရားနဲ့  ဆင်ခြင်တုံတရား လူသားအချင်းချင်း စာနာညှာတာတရားနဲ့  ထိန်းသိမ်းဆင်ခြင် ပြေလည်အောင် အေးချမ်းစွာ ဖြေရှင်းကြဖို့  သင့်တယ်။ ဘာသာမတူ ငါ့ရန်သူ လူမျိုးမတူ ငါ့ရန်သူဆိုတာ ဖြစ်အောင် သွေးထိုးဖန်တီးတာ မသင့်တော်သလို အလွယ်တကူ အားပေးအားမြှောက်ပြုတာလည်း မဖြစ်သင့်ပါဖူး။ အထူးသဖြင့် ဘာသာရေး လူမျိုးရေးမှာ ဦးဆောင်ဦးရွက်ပြုနေကြသူတွေအနေနဲ့  အေးချမ်းသာယာမှု ငြိမ်းချမ်းမှုကို အဓိကထား ရှေ့ ရှူဆောင်ရွက်ပေးရမှာပါ။

တကယ်တန်း နစ်နာပျက်ဆီးကြရင် အမိမြန်မာပြည်ရဲ့  နေရာ ဘယ်နေရာမှာဘဲ နေနေ၊ ဘယ်သူဘဲ ဖြစ်နေနေ၊ ဘယ်ဘာသာဘဲ ကိုးကွယ်နေ၊ ဘယ်သူဘဲ ဖြစ်နေ အားလုံးအတွက် တစ်ဦချင်းစီတိုင်းအတွက် အကျိုးယုတ် ပျက်ဆီး သေကြေဆုံးရှုံးကြရတယ်ဆိုတာကို ကိုယ်ချင်းစာတရားလေး နည်းနည်းလောက်ထား တွေးတောပေးပြီး သုံးသပ် ထိန်းသိမ်းပေးကြစေလိုပါတယ်။

ကမ္ဘာအလည်မှာ မြန်မာပြည်ဆိုတာ လူမျိုးမတူ ဘာသာမတူပေမယ့် သိက္ခာရှိရှိ အဆင့်အတန်းရှိရှိ ကောင်းမွန်တဲ့ စိတ်ထားမြင့်မြတ်ကြတဲ့သူတွေ နေထိုင်ရာ လူသားအချင်းချင်း လူ့ တန်ဖိုးထားရာ အမျိုးသားကောင်း အမျိုးသမီးကောင်းတွေ နေထိုင်ရာ နိုင်ငံလို့  ဂုဏ်သိက္ခာရှိစေချင်ပါတယ်။

ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ကိုယ့်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသူ မည်သူကိုမဆို ဘ၀တွေ လုံခြုံမှုရှိအောင် ကိုယ်ကိုတိုင်က စတင်ပြီး ကြိုးစားဆောင်ရွက်ပေးကြပါ။ တစ်ဦးချင်းစီက ကိုယ်နဲ့  လက်လှမ်းမှီရာ တစ်ဆင့်ပြီး တစ်ဆင့် လက်ကမ်းကြပါ။

ကျွန်တော်တို့  မိဘဘိုးဘွားအစဉ်အဆက် ကြားသိခဲ့တဲ့ “ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်” ဆိုတာ အမိမြန်မာပြည်သူပြည်သားအားလုံးအတွက် ကျင့်ကြံဆောင်ရွက်သင့်ပါတယ်။


No comments: