Monday, March 25, 2013

ကောက်ကျစ်သော အုပ်ချူပ်သူတွေရဲ့  လိမ်လည်လှည့်ဖြားခြင်းရန်မှ ကင်းဝေးကြပါစေ။

ကောက်ကျစ်သော အုပ်ချူပ်သူတွေရဲ့  လိမ်လည်လှည့်ဖြားခြင်းရန်မှ ကင်းဝေးကြပါစေ။

မြန်မာပြည်က အုပ်ချုပ်သူလူတန်းစားတွေက အကွက်ချစီစဉ်တဲ့နေရာမှာ အင်မတန်တော်တယ်။ လူတွေရဲ့ စိတ်ကို ဘယ်လိုလှုံ့ဆော်ပေးရမလဲ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုအသုံးချရမလဲ ဆိုတာ အင်မတန်မြင်တတ်၊ သိတတ်တယ်။ ဥပမာ ပြောရရင် ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက ဘုန်းကြီးတွေ၊ ဆန္ဒပြ ပြည်သူတွေကို နှိမ်နှင်းဖို့ ရဲတပ်ရင်းတွေကို ရန်ကုန်မြို့ကို ရွှေ့တယ်။ ရဲတပ်ရင်းကရဲတွေကို အငြိမ်မနေခိုင်းဖို့၊ ဒေါသထွက်အောင်လုပ်ဖို့ အထက်က ညွှန်ကြားထားတယ်။ ညွှန်ကြားတဲ့စကားလုံးကတော့ လှပါတယ်။ “အထက်ဌာနမှ ချပြသတင်းအရ” တဲ့။ ဒီတော့ ဘယ်လိုဖြစ်ကုန်လဲဆိုတော့ တစ်နေကုန် တစ်နေခန်း ကားပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ကင်းလှည့်၊ ခေတ္တအခြေပြုထားတဲ့နေရာကို ပြန်ရောက်လို့ နားမယ်ကြံရုံရှိသေး အထက်ဌာနကနေ ဟိုနေရာမှ လူတွေ စုနေတယ်၊ သွားရှင်းလိုက်ဦး ဆိုတာနဲ့ ကားပေါ် ပြန်တက်၊ ပြန်သွား၊ သူတို့ ပြောတဲ့ နေရာရောက်တော့ ဘာမှ မရှိ၊ ဒါပေမဲ့ အဲ့နေရာမှာ တစ်နာရီလောက် ကင်းလှည့်၊ ညအချိန်မတော် ပင်ပင်ပန်းပန်း အိပ်မောကျလို့ ကောင်းတုန်းအချိန်မှာ အထက်က ဟိုနေရာမှာ ဆူပူနေတယ်၊ သွားရှင်းလိုက်ပါဦး ဆိုလို့ အဲသလိုပဲ ထပ်ပြေး၊ ဗိုက်ဆာလို့ ထမင်းစားခါနီးအချိန်မှ “ဆူပူဆန္ဒပြသူလူများ စုရုံးလျက်ရှိ၊ သွားရောက်နှိမ်နှင်းရန် အကကအပ်” ဆိုတာနဲ့ စားခါနီး ထမင်းထုပ်လေးပြန်ချ၊ သွားရှင်း၊ ဟိုရောက်တော့ ဘာမှ မရှိ၊ ဒါပေမဲ့ ဗိုက်ဆာဆာနဲ့ပဲ အဲဒီနေရာမှာ အသင့်အနေအထားနေရာယူထားရ၊ ကြာတော့ ရဲတွေက ထမင်းတွေငတ်၊ အိပ်ရေးတွေက ပျက်ပြီး ဆန္ဒပြလူတွေကို ဒေါသထွက်လာတယ်။ ဒင်းတို့ ကောင်းကောင်းမနေလို့ ငါတို့ ဒုက္ခရောက်တာ ဆိုပြီး ဒေါသတွေ ထွက်လာတယ်။ တကယ့် တကယ် ဆန္ဒပြတဲ့သူတွေနဲ့ ထိပ်တိုက်လည်း တွေ့ရော အဲဒီ့ ဒေါသတွေက ပွင့်ထွက်ကုန်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတယ်။ တကယ်တော့ အုပ်ချုပ်သူတွေက အဲလိုဖြစ်အောင် ဖန်တီးတာဆိုတာ အောက်ခြေက ရဲတွေက မသိကြဘူး။


ဟော ... ဆန္ဒပြတဲ့သူတွေဘက်မှာလည်း သူတို့လက်စလက်နလေးတွေက ရှိသေးတယ်။ အေးအေးချမ်းချမ်းဆန္ဒပြနေတဲ့ လူတွေကြားထဲ ၀င်ရော၊ ရဲတွေ၊ လုံခြုံရေးတွေနဲ့တွေ့ရင် ခဲတွေနဲ့ ပေါက်၊ အလံရှုးလုပ်တယ် ခေါ်မှာပေါ့။ သူတို့က ခဲနဲ့ပေါက်ပြတော့ စိတ်မထိန်းနိုင်တဲ့ လူတွေကပါ ၀င်ပြီး ခဲတွေနဲ့ပေါက်ကြ၊ ဆဲကြ လုပ်ကုန်ရော။ ဒီတော့ ဟိုဘက်က ဗိုက်ကဆာ၊ အိပ်ရေးတွေ ပျက်နေတဲ့ ရဲတွေကလည်း ပြန်ဆော်ကြရော။ အဲ့ဒီလိုဆော်ကြပြီဆိုမှ အလံရှုးတွေက လူအုပ်ထဲက အသာလေး လစ်ထွက်သွားကြတယ်။ ရွှေဝါရောင်တော်လှန်ရေးရက်တွေတုန်းက ဆူးလေမှာ ဖြစ်ခဲ့တာလေးတစ်ခု မှတ်မိကြဦးမယ်ထင်တယ်။ အော်ဟစ်ဆန္ဒပြတဲ့သူတွေက ၃၂ လမ်းထိပ်မှာစုပြီး ဆူးလေဘုရားလမ်းထိပ်က လုံထိန်းတွေကို ဆဲဆိုနေကြတယ်။ ရန်ကုန်မြို့လယ်ခေါင်ဆိုတာ သိတဲ့အတိုင်းပဲ ခဲတို့၊ တုတ်တို့ဆိုတာ ရှားပါးတယ်လေ။ ပေါက်ချင်ရင်တောင်မှာ ခက်ခက်ခဲခဲ ရှာယူရတဲ့နေရာ။ အဲ့အချိန်မှာ ဒိုင်နာတစ်စီးက ဝေါ ဆိုဝင်လာပြီး ဆန္ဒပြတဲ့လူအုပ်စုရှေ့မှာ အုတ်ခဲကျိုးတွေ လာချသွားတယ်။ ကားပေါ်မှာလည်း လူသုံးလေးယောက်ပါတယ်။ နိုင်ငံတော် အစိုးရက စေတနာကြီးကြီးနဲ့ လာပေးသွားတဲ့ အုတ်ခဲကျိုးတွေလည်းတွေ့ရော ပါးစပ်နဲ့ပဲ အော်ဟစ်ဆဲဆိုနေရတဲ့လူတွေက ကောက်ပြီး ပေါက်ကြပါလေရောလား။ ရလဒ်ကတော့ ဆူပူ အကြမ်းဖက်လိုသူတွေဟာ တုတ်တွေ၊ အုတ်ခဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မလွှဲမရှောင်သာလို့ ပြန်လည် ပစ်ခတ် နှိမ်နှင်းရပါကြောင်းဆိုပြီး သတင်းစာထဲပါလာတယ်လေ။ ဒါတင်ပဲလားဆိုတော့ ... ပြောရမယ်ဆို အများကြီးပါပဲ။ အုပ်ချုပ်သူတွေကို လျှော့မတွက်လေနဲ့။ ဒင်းတို့က အကွက်ချစီစဉ်တဲ့နေရာမှာ အင်မတန်တော်တယ်။

(မိုးဇေညိမ်း)


No comments: