တောင်သူလယ်သမား အလုပ်သမားတွေကို စော်ကားနေကြတဲ့သူတွေ။
တောင်သူလယ်သမား အလုပ်သမားတွေကို စော်ကားနေကြတဲ့သူတွေ။
တောင်သူလယ်သမားတွေကို ဖိနှိပ်ချူပ်ခြယ်နေမယ်၊ မြေယာတွေကို သိမ်းပိုက်နေမယ်၊ တောင်သူလယ်သမားတွေကို ရိုက်ပုတ်ထုထောင်းနေမယ်၊ တောင်သူလယ်သမား အခွင့်အရေးတွေ ပိတ်ပင်တားဆီးနေမယ်၊ တောင်သူလယ်သမားတွေ ဘ၀ကို နိမ့်ကျအောင် လုပ်နေမယ်ဆိုရင် အဆိုပါ လုပ်ရပ်ကျူးလွန်နေသူဟာ တိုင်းပြည်ရဲ့  ကျေးဇူးရှင် လယ်သမားကြီးတွေ တောင်ယာသူတွေကို ကျေးဇူးကန်းနေတာ ဖြစ်တယ်။ ဒီလိုမျိုး ဖြစ်ပျက်နေမှုနဲ့  ပတ်သက်ပြီး တိုင်းပြည်ကို အုပ်ချူပ်နေသူမှာ အဓိက တာဝန်ရှိတယ်။
အာဏာရှင်ကြီးနေ၀င်းတောင် မြန်မာ့နည်း မြန်မာ့ဟန်ဆိုပြီး ဆိုရှယ်လစ်စနစ်ကို အယောင်ဆောင် ကျင့်သုံးပြီး တံစဉ်နဲ့ တူအစား၊ တိုင်းပြည်ရဲ့  အခြေခံ လူတန်းစားနဲ့  မြန်မာပြည်သူပြည်သားတွေရဲ့  အဓိကအားထား စားသုံးရာ ဆန်စပါးကို စိုက်ပျိုးပေးနေတဲ့ ကျေးဇူးရှင်တွေဆိုတာ လယ်သမားတွေ ဖြစ်တယ်လို့  သိရှိလက်ခံလို့  နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှာ လယ်သမားကြီးတွေ ကိုယ်စားပြု စပါးနှံနဲ့  အလုပ်သမားကြီးတွေ ကိုယ်စားပြု ပင်နီယံကို ထည့်သွင်းဖေါ်ပြခဲ့တယ်။
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှာ အသစ်ဆန်းပြချင်တဲ့ သန်းရွှေ သိန်းစိန်တို့ ဆိုရှယ်လစ်ဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်လိုက်ရုံမက မြန်မာနိုင်ငံရဲ့  အခြေခံ လူတန်းစားဖြစ်တဲ့ အလုပ်သမား လယ်သမားတွေကို ကိုယ်စားပြု ဂုဏ်ပြုထားတဲ့ ပင်နီယံနဲ့  စပါးနှံကိုပါ ဖြုတ်ပစ်လိုက်တာဟာ အလုပ်သမား လယ်သမား အခြေခံပြည်သူထုကို အလေးမထားဘဲ၊ အာဏာရှင်ဆန်နေဆဲ ဖြစ်တဲ့ အရပ်သားအစိုးရအယောင်ဆောင်သူ ဗိုလ်ချူပ်ဟောင်းတွေရဲ့  မူလဇာတိသရုပ်မှန်ကို ပြသတာဖြစ်သလို ယနေ့ ယခု တောင်သူလယ်သမား အလုပ်သမားတွေအပေါ် ဖိနှိပ်ချုပ်ခြယ်ရုံသာမက ကိုယ်ထိလက်ရောက် ရိုက်ပုတ်သတ်ဖြတ်တဲ့အထိပါ ကျူးလွန်စော်ကားပြတဲ့ မိုက်ရိုင်းတဲ့ လုပ်ရပ်တွေကြောင့် ဒီလို ပင်နီယံနဲ့ စပါးနှံကို ရည်ရွယ်ချက်ရှိရှိ ဖယ်ရှားပစ်လိုက်တာလို့  ပြောရပါလိမ့်မယ်။
တိုင်းပြည်အုပ်ချူပ်နေသူတွေက ဖြစ်စေ၊ ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်ပြီး အကျိုးအမြတ်ထုတ် ဂုတ်သွေးစုပ်နေကြတဲ့ စီးပွားရေးသမားကြီးတွေက ဖြစ်စေ၊ မတရားခိုင်းစေတဲ့ အမိန့် အာဏာကို မျက်စိစုံမှတ်ပြီး အမှားအမှန် မမြင်ကြတဲ့ တစ်စောက်ကန်း အကြမ်းဘက်သမား လက်နက်ကိုင်အင်အားစုတွေက ဖြစ်စေ အလုပ်သမား လယ်သမားတွေအပေါ်မှာ ဆက်လက်ပြီး စော်ကားနေဦးမယ်ဆိုရင်တော့ တစ်တိုင်းတစ်ပြည်လုံး စုပေါင်းပြီး မတရားမှုတွေ မတရားသူတွေကို တော်လှန်တိုက်ပွဲဆင်နွဲရပါလိမ့်မယ်။ အပေါ်ယံကြော လျှာဖြားမှာ ပြောတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အယုံအကြည်မဲ့စွာနဲ့  ပြည်သူလူထုရဲ့  ဘ၀ အလုပ်သမား လယ်သမားတွေရဲ့  ဘ၀တွေ ပြောင်းလဲနိုင်ဖို့  လက်တွေ့ ကျကျ ပြောင်းလဲဖယ်ရှားပစ်ရပါလိမ့်မယ်။
No comments:
Post a Comment