Monday, April 1, 2013

အစားထိုးမရတဲ့ ဆုံးရှုံးမှု။

အစားထိုးမရတဲ့ ဆုံးရှုံးမှု။

မနေ့က ကျမသူငယ်ချင်းတွေနဲ့ ပုဂံကို ဘုရားဖူးရောက်ခဲ့ရာမှာ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးကို တွေ့ခဲ့ရပါတယ်။ ငယ်ငယ်က မကြာခဏရောက်ပေမဲ့ သတိမထားမိခဲ့ပါ။ ယခုအခေါက်မှ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရလို့ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။

နာမည်ကြီးလှတဲ့ သမိုင်းဝင် အာနန္ဒာဘုရားက မြင်ကွင်းလေးပါ။ ဓာတ်ပုံထဲက ပညာရှင်များကို ကျေးဇူးတင်ရှိပါတယ်။


ယခင် အစိုးရ နဝတ လက်ထက်က ပုဂံဘုရားများအားလုံးကို လှပအောင် နိုင်ငံခြားသားများ စိတ်ဝင်စားအောင် အသစ်ဖြစ်သွားအောင် ဆိုပြီး ဆေးသုတ်ခဲ့ပါတယ်။ ဦးခင်ညွန့်အမိန့်အရဟု ထင်ပါသည်။ ရှေးဟောင်းဌာနမှ ပညာရှင်များကလည်း ပြန်ပြောရဲခဲ့ မည် မထင်ပါ။

"ယခုအခါကျမှ ပြည်သူတွေတွေ့ရှိ တာကတော့ သူတို့သုတ်လိုက်တဲ့ ခေတ်သစ် အိမ်သုတ်ဆေးများအောက်က ပေါ်ထွက်လာတဲ့  နှစ်ပေါင်းတစ်ထောင်လောက်က နံရံဆေးရေးပန်းချီများပါပဲ"။

ယခုအခါကျမှ ပြန်လည်ပြီး ဆေးအဟောင်းများကို တစ်ဖတ်ချင်း အနုစိတ်ပြန်လည် ခွါယူနေရပါတယ်။ နိုင်ငံရဲ့သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးခဲ့တဲ့ နဝတ အစိုးရပါ။ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေလည်း အများကြီးဆုံးရှုံးရပါတယ်။

အသစ်စက်စက်ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်တဲ့ ကော်မတီကြီးရယ် တာဝန်ရှိသူတွေကို ထောင်ချပစ်လိုက်စမ်းပါ။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကို ဝန်ချတောင်းပန်လိုက်စမ်းပါ။ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်ကြီးများရယ် ဘိုးဘေးတွေနဲ့ နောင်လာနောက်သားတွေကို ဦးခိုက်ကန်တော့လိုက်ကျပါဦး။

ပုဂံဘုရားတွေက ကျိန်စာတွေကရော မစူးလေရော့သလား မသိ။ ဆေးသုတ်ခဲ့တဲ့ ဘုရားပေါင်းမြောက်များစွာကို ဘယ်လိုများ ပြန်လည်ထိန်းသိမ်းရမလဲ မသိ။

ဂျာနယ်၊ မီဒီယာတွေကရော ပေါချောင်ကောင်းသတင်းတွေပဲ လိုက်ရေးနေသလား။ ရန်ကုန်လောက်မှာပဲ ရပ်နေတော့မှာလား။ ပုဂံဆိုတာ ပထမမြန်မာနိုင်ငံတော်ကြီးပါ၊ မြန်မာဆိုပြီး လက်မထောင်ရမဲ့ နေရာပါ။ ဝိုင်းဝန်းထိန်းသိမ်းကြပါရှင်။

မေပုပ္ပား။

No comments: