Monday, April 1, 2013

သုံးသိန်းထဲက တစ်သိန်းတော့ သွားရှာပြီ၊ တစ်သောင်းတော့ ဘယ်တော့ ညောင်းရမလည်း။

သုံးသိန်းထဲက တစ်သိန်းတော့ သွားရှာပြီ၊ တစ်သောင်းတော့ ဘယ်တော့ ညောင်းရမလည်း။

သမ္မတ သိန်းစိန် အရေးယူလိုက်တဲ့ ညွှန်ချုပ် ၅ ဦးနဲ့  ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံလိုက်ရတဲ့သူတွေထဲက တစ်ဦးကတော့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း ဖြစ်ပါတယ်။


သုံးသိန်းတစ်သောင်းလို့  နာမည်ကျော်မှုကတော့ တစ်သောင်းလို့  အမည်တွင်သူ ဦးသောင်းနဲ့  ဦးသောင်းရဲ့  မြှောက်စားခံရတဲ့ သုံးသိန်းအမည်တွင် နီလာသိန်း၊ သန္တာသိန်း၊ ရတနာသိန်းတို့  ဖြစ်ပါတယ်။

သုံးသိန်းတစ်သောင်း - ဦးသောင်းနဲ့  သုံးသိန်းညီအမတွေအကြောင်း ပြန်လည်ဖေါ်ပြရရင်တော့ -

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ၀န်ကြီး ဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော်ကြာညောင်းခဲ့ပါတယ်။ န-အ-ဖ စစ်အစိုးရသမိုင်းလက်ထက်မှာ ၀န်ကြီးဌာနတခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်။ တပ်ချူပ်ကြီး-သန်းရွှေနဲ့ တမြို့ထဲ ကျောက်ဆည်သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်။

ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC (Best Cadet) ကိုလည်း ရခဲ့တယ်၊ ပြီးခဲ့တဲ့ ၂၀၀၇-Sep:ရွေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရ၏အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု (၁) ၀န်ကြီးအောင်သောင်း၊ အောက်မှာ ဦးသောင်းဟုလည်း စစ်အစိုးရ၏ အကြံပေး ပရောဟိတ်တဦးအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်ခဲ့တယ်။ စစ်အစိုးရအဖွဲ့ထဲမှာတောင် ဦးသောင်း ပြီးလျှင် အားလုံးပြီးတယ်။ အဲသလောက်ထိ ဦးသောင်းက ပိုင်တယ်။ ဦးသောင်း မျက်စောင်းထိုးခံရမှာ ဗိုလ်ချုပ်ကြီးတွေတောင် ကြောက်ရဆိုဘဲ။ တပ်ချုပ်ကြီးအိမ်နောက် ဖေးပေါက်က၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားတယ်တဲ့။ အတို့အထောင်ကောင်းတဲ့ ၀န်ကြီးတယောက်ပါ။

သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနတွင် - သုံးသိန်းတသောင်း - ဟု ပြောစမှတ်တခု ရှိခဲ့ပါတယ်။ ကွန်ပျုတာကျောင်းသားများကပင်အစ သိကြသည်။ ဆိုလိုသည်မှာ သုံးသိန်း ဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း (ပါမောက္ခချုပ် - ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure)၊ ဒေါက်တာ ဒေါ်သန္တာသိန်း ( ကထိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ)၊ နောက်တယောက်က ဒေါက်တာ ဒေါ်ရတနာသိန်း (ကထိက-ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့် တသောင်းကတော့ ၀န်ကြီးဦးသောင်းပါဘဲ။

ဒေါက်တာ ဒေါ်နီလာသိန်းရဲ့  လက်မှတ်ဖြင့် မန္တလေးကွန်ပျူတာတက္ကသိုလ် B.C.Sc (Hons:) ဘွဲ့လက်မှတ်တွင် Bachelor နှင့် Bechelor ဟု စာလုံးပေါင်းအမှားဖြင့် ထုတ်ပေးခဲ့ဖူးတယ်။ အလွန်ရုတ်ပျက် ဆင်းပျက်နိုင်သော အမှားအရွင်း ဖြစ်ခဲ့ပါတယ်။ ၄င်းကိစ္စနဲ့ တာဝန်ရှိသူအချို့ ကို ဦးသောင်းက Action ယူခဲ့ပါတယ်။ ဒေါ်နီလာသိန်း မပါခဲ့ပါ။ စီမံထူးချွန် (တတိယ) အဆင့်ပင် ဦးသောင်းရဲ့  ထောက်ခံမှုဖြင့် ရလိုက်ခဲ့ပါသေးတယ်။ ညီအမသုံးယောက်လုံး ဦးသောင်းရဲ့  မြှောက်စားချီးမြင့်ခြင်းကို အလွန်ခံရတယ်။ နယ်ကျောင်းများကို ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်း အတွက် မမောနိုင် မပန်းနိုင်ရှာ။ မိသားစုခြင်းလည်း အလွန်နီးကပ်စွာဆက်ဆံမှုရှိသည်၊ မည်ကဲ့သို့ အလျော်အစားရှိသည် မသိ။

ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းပါပေတယ်။ M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့တယ်။ Ph: D ဆင်းလာပြီဆိုလျှင် နယ်ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းအုပ် ပေးခဲ့ပါတယ်။ Ph;D 1st Batch တွေ ဆင်းလာတော့ 1st Batch Ph:D များကို မြှောက်စားခဲ့တယ်။ 2nd Batch ဆင်းလာတော့ 1st Batch တွေ မြောင်းထဲရောက်ကုန်ခဲ့ရတယ်။ မတည်မြဲသော သင်္ခါရသဘောကို ဦးသောင်းအောက်တွင် ပို၍ တရားရစေတယ်ဆိုပါတော့။

M.I.Sc/ M.A.Sc 1st Batch, 2nd Batch များကိုလည်း ဦးသောင်း မြှောက်စားခဲ့ပါတယ်။ ယခုတော့ ၄င်းတို့ဘေးဖယ်ခံမြောင်းထဲမှာ။ သူကြိုက်လျှင် ကြိုက်သလို သူ့ သဘောကျတုန်းကတော့ တမျိုး။ ဦးသောင်းက စိတ်အပြောင်းအလဲမြန်တယ်။ အာဏာရှင်သန်းရွှေရဲ့  လူယုံတပည့်ပီသစွာ သ-ပ-န တွင် အာဏာရှင်ဆံခဲ့တယ်။ မည်သည့်ကိစ္စူမဆို သူစိတ်တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်တယ်။ ဌာနဆိုင်ရာ DE Report က မတင်ရသေး၊ ဦးသောင်းက Action ယူပြီးပြီ။ စိတ်ထင်ရာစိုင်းသည့် လုပ်ရပ်တွေဆိုပါတော့။

မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသော စကားကို လူတိုင်း ကားဘူးကြပေလိမ့်မည်။ အဘ မည်မျှအလုပ်လုပ်ရတယ်။။ ငါဘယ်လို Admin ကောင်းတယ်။ အဘရှိလို့ မင်းတို့ မြောင်းထဲ မရောက်တာ။ နင်တို့ကို အဘက မြောင်းထဲကနေ ဒီနေရာရောက်အောင် တင်ထားရတာ။ ကျောင်းတိုင်းရောက်တိုင်း-သ-ပ-န ၀န်ထမ်းများနှင့်တွေ့တိုင်း ဦးသောင်း ပြောနေကြ။ သူတော်တာ လူတိုင်းသိစေချင်သည်။ သူ မကြိုက်သူများကို နာမည်တတ်ပြီး လူပုံအလည်မှာ မကောင်းပြောတတ်ပါတယ်။

လူကြီးလူကောင်း အင်္ဂါရပ်နှင့် ကိုက်ညီမှု၊ ၀န်ကြီးတယောက်ရဲ့  ဂုဏ်သိက္ခာ ဦးသောင်းတွင် လုံးဝမရှိခဲ့ပေ။ တပ်ချုပ်ကြီးသန်းရွေ၏ နောက်ခံဖြင့် ကြီးကျယ်နေသူသာ ဖြစ်သည်။ အစိုးရအဖွဲ့ဝင် လူကြီးများ၊ ထိပ်ပိုင်းလူကြီးများ၊ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ်ဆိုတာ အားလုံးအသိပေ။

အခုတော့ သူရဲ့ အချစ်တော် ညီမ (၃) ယောက်ထဲက တစ်ယောက်တော့ သွားရှာပါပြီ။ အခြား သ-ပ-န (Services of Sciences and Technology) ၀န်ထမ်းတွေနဲ့  ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အတွက်တော့ ၀မ်းမြောက်စရာပါ။

သုံးသိန်းထဲက တစ်သိန်းတော့ သွားပြီ၊ တစ်သောင်းကတော့ မင်းမူနေဆဲဆိုတော့ ဘယ်တော့များ သွားရှာမလည်း။

(ရေးသားသူ - ဖရီးဘားမား mm)။

No comments: