ဖျက်မြင်း။
ဖျက်မြင်း။
မြန်မာပြည်တွင် ဟိုတချိန်က မြင်းစီးအပြေးပြိုင်ပွဲများ ရှိခဲ့ပါသည်။ တရားဝင် လောင်းကစားပွဲကြီးများ ဖြစ်ပါသည်။ ယခု ကျိုက္ကစံအားကစားကွင်းကြီးမှာ ယခင်က မြင်းပြိုင်ကွင်းပင် ဖြစ်ပါသည်။ နိုင်ငံ အတော်များများမှာ ယခုအချိန်အထိ မြင်းစီးပြိုင်ပွဲများကို လောင်းကြေးဖြင့် ပြုလုပ်နေကြတုန်း ဖြစ်ပါသည်။ ဤကဲ့သို့  မြင်းပြိုင်ပွဲများတွင် “ ဖျက်မြင်း ” ဟူ၍ ရှိတတ်ကြပါသည်။
ဖျက်မြင်းဆိုသည်မှာ ပြိုင်ပွဲတွင် ပထမ ရမည်ဟု ခန့်မှန်းနှိုင်သော မြင်းကို ပထမ မရနှိုင်အောင် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်ရသော မြင်းကို “ဖျက်မြင်း” ဟု ခေါ်ပါသည်။ ဖျက်မြင်းမှာ သူဖျက်ချင်သော မြင်းကို နှောက်ယှက် ဖျက်ဆီးရန်သာ တာဝန်ရှိပါသည်။ သူကိုယ်တိုင် ပထမ ရရန် ကြိုးစားသော မြင်း မဟုတ်ပါ။
ထို့ အတူ အချို့ မှာကား ပထမ ဒုတိယ တတိယ ဆုရနိုင်သည့် မြင်းများအား နှောက်ယှက်ဖျက်ဆီးရုံရည်ရွယ်သည် မဟုတ်ဘဲ ပွဲပျက်စေရန်ကို ဦးတည်၍ နှောက်ယှက်ဖျက်ဆီးကြသော ဖျက်မြင်းများ ဖြစ်ကြပေသည်။ အချို့ မှာကား ဒီထက်ပိုဆိုးသည်မှာ မိမိကိုယ် မိမိ ပေါ်လွင်စေချင်သောကြောင့် အခြားမည်သည်ကိုမှ ဂရုမစိုက်ဘဲ ဖျက်မြင်းဘ၀ကိုသာ ခံယူချင်သော ဖျက်မြင်းများ ဖြစ်ကြပေသည်။
ကျွန်ုပ်တို့  မြန်မာပြည်တွင် နိုင်ငံရေး ဘာသာရေး အမျိုးသားရေး ကိစ္စရပ်များတွင် ထိုသို့ သော ဖျက်မြင်းများ ပေါ်ပေါက်နေသည်ကို တွေ့ မြင်နေရပေသည်။
ဆိုးရွားလှသည်မှာ နိုင်ငံရေးတိုးတက်အောင် ဆောင်ရွက်ပေးသလိုလို ဘာသာရေးတည်တံ့ရန် စောင့်ရှောက်ပေးသလိုလို အမျိုးသားရေး မြင့်မားအောင် ကာကွယ်ပေးသလိုလိုနှင့် အများကြိုက်စကားလုံးများဖြင့် ဆွဲဆောင် ဆွယ်တရားဟောကာ မြင်းကောင်းယောင်ဆောင်နေကြသော ဖျက်မြင်းများသာ ဖြစ်ပေသည်။
ဖျက်မြင်းများကို မြင်းကောင်း မထင်မိစေရန် မမြင်မိစေရန် အင်မတန် အရေးကြီးနေပေသည်တကား။

No comments:
Post a Comment