Monday, June 3, 2013

အာဏာရှင်ကြီး နေ၀င်းလက်ထက် မဆလပါတီရဲ့  သမ၀ါယမစနစ်အား အသက်ပြန်သွင်းခြင်း။

အာဏာရှင်ကြီး နေ၀င်းလက်ထက် မဆလပါတီရဲ့  သမ၀ါယမစနစ်အား အသက်ပြန်သွင်းခြင်း။

အာဏာရှင်ကြီးနေ၀င်းရဲ့  တစ်ပါတီအာဏာရှင်အုပ်ချူပ်မှုအောက်မှာ အဓိကစနစ်ကြီးတစ်ခုဖြစ်တဲ့ သမ၀ါယမစနစ်ကို ယခု သိန်းစိန်တို့ က အသက်ပြန်သွင်းနေပါပြီ။

နေ၀င်းလက်ထက် ပြည်သူ့ အာဏာစတင်သိမ်းလုခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ မတ်လမှာ ထောက်ပံ့ရေးနဲ့  သမ၀ါယမ၀န်ကြီးဌာန အမည်နဲ့ လည်းကောင်း၊ ၁၉၆၅ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့မှာ သမ၀ါယမ၀န်ကြီးဌာနအမည်ဖြင့်လည်းကောင်း သမ၀ါယမစနစ်ကို ပြည်သူလူထုသက်သာချောင်ချိရေးကို အကြောင်းပြပြီး ကျင့်သုံးခဲ့ကြပေမယ့် တကယ့်လက်တွေ့  မှာတော့ ပြည်သူလူထုမှာ အရည်အသွေးညံ့ဖြင်းလှသော ကုန်ပစ္စည်းများကိုသာ အလုအယက် ၀ယ်ယူရကြရပြီး မရရှိသည်က များလှသော်လည်း၊ အခြားဘက်တွင်မူ ကောင်းပေ့ညွှန့် ပေ့ တန်ဖိုးကြီး အကောင်းစား ကုန်ပစ္စည်းများမှာ မဆလခေတ် လူကြီးအသိုင်းအ၀ိုင်းနှင့် သမ၀ါယမဌာနဆိုင်ရာလုပ်ကိုင်သူအရာရှိကြီးများ လက်ထဲတွင်သာ ရောက်ရှိခဲ့ကြပါတယ်။ ထို့  အတူ သမ၀ါယမ၀န်ကြီးဌာနနှင့် လက်အောက်ရှိ သမ၀ါယမဆိုင်များတွင် ငွေစာရင်းများ ကုန်ပစ္စည်းစာရင်းများ ပျောက်ပျက်ဖျောက်ဖျက်ခြင်းများမှာ လူသိရှင်ကြား ပေါ်ပေါက်သည့်အပြင် စာရင်းစစ်ခါနီးကာလအချိန်မတန်မီး အပျောက်ရိုက် မီးရှို့ ၍ မီးလောင်ကျွမ်းခဲ့ရသည့် သမ၀ါယမဆိုင်များမှာ ရေမတွက်နိုင်အောင် ပေါ်ပေါက်ခဲ့ပါတယ်။

ထို့ ကြောင့် အာဏာရှင်နေ၀င်းလက်ထက် နှစ်စဉ် ပြည်ထောင်စုနေ့ ပြခန်းများအား ကျိုက္ကဆံကွင်းအတွင်း ဌာနဆိုင်ရာအရ မိမိတို့ ဌာနမှ မည်မျှအောင်မြင်တိုးတက်ကြောင်း အပြိုင်အဆိုင် လိမ်ညာပြသမှုများ ပြုလုပ်ကြရသည့် အချိန်ကာလတွင် အဆိုပါ ကျိုက္ကဆံကွင်းထဲ၌ ပြည်ထောင်စုနေ့ ပွဲအတွက် မြပုဏ္ဏမာအဖွဲ့မှ တင်ဆက်သောအခါမှာတော့ လူရွှင်တော် ကိုဇာဂနာက - ပြည်ထောင်စုပြခန်းတွေ ၀န်ကြီးဌာနပြခန်းတွေအားလုံးကို အဲဒီနှစ်က ၀ါးတွေနဲ့ ဆောက်ထားတာတွေကို လက်ညိုးထိုးပြီး - “သမ၀ါယမ ၀န်ကြီးဌာနလည်း ၀ါးပဲ၊” “စက်မှူဝန်ကြီးလည်းဝါးပဲ၊” “အားလုံးဝါးတွေချည်းပါလား” ဆိုပြီး ပြက်ချတဲ့ အခါမှာတော့ ကျိုက္ကဆံကွင်းထဲမှာ ပြည်သူလူထုရဲ့  ၀က်ဝက်ကွဲသည်အထိ ရီမောသံများမှာ သမ၀ါယမဌာနတွေ၏ လာဘ်စား စာရင်းဖျောက် ခိုးဝှက်မှုများ မည်မျှဆိုးရွားလှသည်ကို ပေါ်လွင်စေခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အာဏာရှင်ကြီးနေ၀င်း ပြုတ်ကျခဲ့သာ့်အချိန်ကာလမှ စတင်၍ အများပြည်သူလူထုက သဘောမကျ မနှစ်ခြိုက်သော ဤသမ၀ါယမစနစ်အား မှေးမှိန်ပျောက်ကွယ်နေရာမှ ယခုအခါ သိန်းစိန်တို့ မှ အသက်သွင်းရန် ပြန်လည်ကြိုးစားလာပါပြီ။



ပြည်သူလူထုအတွက် အကြောင်းပြကာ အထူးသဖြင့် တောင်သူလယ်သမား အလုပ်သမားများအတွက် သက်သာချောင်ချိရေး လူမှုစီးပွားရေးတိုးတက်ရေးဟု အကြောင်းပြကာ ဂုတ်သွေးစုတ်မည့် သမ၀ါယမစနစ်ကြီးအား ရှင်သန်စေဖို့  စတင်လုပ်ဆောင်ပါပြီ။

အခြေခံလူတန်းစား ပြည်သူလူထုထံမှ အသွေးအသားကို မြိုပြီး၊ တစ်ဘက်တွင် နိုင်ငံတကာအား သမ၀ါယမစနစ်အား ဗန်းပြ၍ ကိုယ်ကျိုးရှာကြမည့် သိန်းစိန်တို့ ၏ သမ၀ါယမသည် သမဖို့ အတွက် ၀ါယမ ကြိုးစားအားထုတ်ခြင်းပါတကားဟုသာ ပြောဆိုရပေမည်။


သမ၀န်ကြီး ကျော်ဆန်းကတော့ သူတို့ ကောင်းစားစေမယ့် သမ၀ါယမအား အသက်ပြန်သွင်းသော သိန်းစိန်အား အကြိမ်ကြိမ် အခါခါ ကျေးဇူးတင်ရင်း ယခင်ကကဲ့သို့  ၀ိုင်းဝိုင်းလည်အောင် က နေပေတော့မည်။


No comments: