ရင်နာဖွယ် မိသားစု ကွဲကွာမှုအဖြစ်အပျက်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သော ဦးစောလှိုင် (မှိုင်းရာပြည့်)။
ရင်နာဖွယ် မိသားစု ကွဲကွာမှုအဖြစ်အပျက်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သော ဦးစောလှိုင် (မှိုင်းရာပြည့်)။
၁၉၉၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲတုန်းက အင်းတော်မြို့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) အမတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ရှေ့နေ ဦးစောလှိုင် (အသက် ၅၈ နှစ်) ဟာ အဆုတ်ကင်ဆာနဲ့ အင်းတော်မြို့မှာ ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။
ဦးစောလှိုင် ဟာ ၁၉၇၄ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့အခါမှာတော့ အစိုးရကဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံခဲ့ရပါတယ်။
ဦးစောလှိုင်ဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလက ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်းတော်မြို့နယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ ပေမယ့် သူ့ရဲ့ဖခင်က ဧည့်နိုင်ငံသား ဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲနီးကာမှ ပယ်ချခံခဲ့ရပါတယ်။
ဦးစောလှိုင်ရဲ့  ချစ်လှစွာသော ဇနီးဖြစ်သူဟာလည်း သားအိမ်ကင်ဆာရောဂါဝေဒနာနဲ့  ဦးစောလှိုင် အကျဉ်းကျနေစဉ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ယခု ဦးစောလှိုင် ကွယ်လွန်ချိန်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ကျန်ရစ်ပြီး သူ့ရဲ့ ဈာပနကို လာမယ့် ဇွန်လ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့မှာ သဂြုင်္ိလ်မှာ ဖြစ်ပါတယ်။
ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားလိုခြင်းနှင့်အတူ ကာတွန်းဆရာကြီး ဟာကျူလီ (ကသာ) ရဲ့  ဦးစောလှိုင်အကြောင်း ဘ၀တစ်စိတ်တစ်ဒေသကို မှတ်တမ်းတစ်ခုအနေနဲ့  ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
ကာတွန်းဆရာကြီး ဟာကျူလီ (ကသာ) – “ကိုစောလှိုင် ဆိုတာ အင်းတော်မြို့က NLD အမတ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမတ်ပေါ့၊ ဦးသန့်အရေးအခင်းကာလကတည်းက အခုအထိ ထောင်ထဲ ၀င်လိုက်ထွက်လိုက်နဲ့ပေါ့၊ ထောင်က တခါထွက်လာလိုက် နိုင်ငံချစ်စိတ် ပိုပြင်းထန်လာလိုက်နဲ့ အတော်ကို ထုသားပေသား ကျနေတဲ့ ပုဂ္ဂိုလ်ပါ၊ သူက သိပ်ထက်တော့ ထစ်ကနဲဆို ဒီမောင် ဆိုသလိုပါပဲ၊ သူနောက်ဆုံးထောင်ကျတော့ ပုံနှိပ်ဥပဒေဆိုတာကြီးနဲ့ ကျသွားတာ၊ သူ့အိမ်မှာ ကွန်ပျူတာ ပရင့်တာတွေ့လို့တဲ့၊ ထောင်ဒါဏ် (၁၂) နှစ်၊ ကသာထောင်မှာ ကျသွားတာ။
သူထောင်ကျနေတဲ့အချိန်မှာ သူချစ်တဲ့ အဖေအိုကြီး ဆုံးသွားရှာတယ်၊ ကိုစောလှိုင်အနေနဲ့  သူ့ ဖခင်ရဲ့  အလောင်းတောင် မမြင်လိုက်ရဖူး။
နောက်မကြာခင် သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး မင်္ဂလာဆောင်တယ်။ သူ့သားမက် ဘယ်လို ရုပ်ရည်ရှိမှန်း မသိလိုက်ရ၊ ဒါတွေက ထားပါတော့၊ ပြောချင်တာက သူ့ဇနီးအကြောင်း၊ ကိုစောလှိုင် ထောင်သက် (၆) နှစ်လောက်မှာ သူ့ အမျိုးသမီးက သားအိမ်ကင်ဆာဝေဒနာ ခံစားရတယ်။ သူ့ဇနီးရဲ့ နောက်ဆုံးဝေဒနာ ခံစားနေရချိန်မှာ သူက အကျဉ်းကျနေတော့ အနားမှာ ရှိမနေပေးနိုင်ခဲ့ဘူး။ ဒါနဲ့ သူ့ဇနီး မကွယ်လွန်ခင် (၇) ရက်လောက်အလိုမှာ ထောင်ထဲကနေ နောက်ဆုံးအနေနဲ့ စာတစောင်ရေးပြီး ပို့ လိုက်တယ်။ အဲဒီစာကလေးဟာ ရင်နင့်စရာကောင်းလွန်းလို့ မူရင်းအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အမြန်လွတ်မြောက်ကြပါစေ…” - ကာတွန်းဆရာကြီး ဟာကျူလီ (ကသာ)။
ကွယ်လွန်သွားရှာတဲ့ ဦးစောလှိုင် (မှိုင်းရာပြည့်) ကောင်းရာမွန်ရာဘ၀ကို ရောက်ရှိပါစေ ..
နောင်ဘ၀ဆက်တိုင်းမှာ မိသားစု အတူတစ်ကွ သေတပန်သက်တစ်ဆုံး မခွဲမခွာ ပေါင်းဖက် ပျော်ရွင်စွာ နေထိုင်နိုင်ပါစေလို့  လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ဗျာ ….
ကွယ်လွန်သွားရှာတဲ့ ဦးစောလှိုင် (မှိုင်းရာပြည့်) ကောင်းရာမွန်ရာဘ၀ကို ရောက်ရှိပါစေ ..



No comments:
Post a Comment