မှားယွင်းမှုများအတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် တရားဝင် ၀န်ချတောင်းပန်ရန် လိုအပ်ပါတယ်။
မှားယွင်းမှုများအတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် တရားဝင် ၀န်ချတောင်းပန်ရန် လိုအပ်ပါတယ်။
သမ္မတရဲ့  အတိုင်ပင်ခံ ကိုကိုလှိုင်ကမူ “နောက်ကြောင်းကို ပြန်လည့်ကြည့်ပြီး တယောက်နဲ့ တယောက် ရန်ဖြစ်နေမယ်၊ အပြစ်တင်နေမယ်၊ ရန်ငြိုးးရန်စတွေနဲ့ မခေါ်နိုင်မပြောနိုင် ဖြစ်နေမယ်၊ စည်းလုံးမှု မရှိဖြစ်နေရင် နိုင်ငံက ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ အရေးကြီးတာက ရှေ့ကို တိုးနိုင်ဖို့ လိုနေတာ။ ဝန်ခံချင်တာဖြစ်ဖြစ်၊ မဝန်ခံ တာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေကတော့၊ ဖြစ်ခဲ့တာတွေကတော့ ဖြစ်ခဲ့တာပဲပေါ့။ တယောက်နဲ့တယောက် ရန်ငြိုးတွေ ရန်စတွေ ထားခဲ့ပြီးတော့ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာက အရေးကြီးတယ်” လို့  ပြောကြားမှုနဲ့  ပတ်သက်လို့  -
အရင်အုပ်ချူပ်သူတွေ လက်ထက်မှာ ပါဝင်ခဲ့သည်ဖြစ်စေ မပါဝင်ခဲ့သည်ဖြစ်စေ လက်ရှိတိုင်းပြည်အုပ်ချူပ်ရေးမှာ ပါဝင်သူတွေအနေနဲ့  အထူးသဖြင့် အစိုးရအဖွဲ့ ကို ဦးဆောင်သူအနေနဲ့  တိုင်းပြည်အုပ်ချူပ်မှုကို ကိုယ်စားပြုရသည့်အတွက် အတိတ်က မှားယွင်းမှုတွေအတွက် ၀န်ချတောင်းပန်ရမှာ ဖြစ်ပါတယ်။
ဒါဟာ အပြစ်ပြန်ပြောနေတာ မဟုတ်ပါ၊ ရန်ငြိုးရန်စတွေ ဖန်တီးနေတာလည်း မဟုတ်ပါ။ နောက်ကြောင်းပြန်လှည့်တာလည်း မဟုတ်ပါဖူး။ အပြစ်တွေ ထပ်မဖြစ်ရအောင် ထပ်မံမပေါ်ပေါက်ရအောင်၊ အကြမ်းဘက်အနိုင်ကျင့်မှုတွေ ဆက်လက်မဖန်တီးရအောင် မဖြစ်ပွားရအောင် ရည်ရွယ်ပြီး ပြောဆို တောင်းဆိုနေကြတာဘဲ ဖြစ်ပါတယ်။ ရေငုံနှုတ်ပိတ် မြိုသိပ်အောင့်အည်းနေရုံနဲ့  နောက်နောင် မှားယွင်းမှုတွေ မှားယွင်းလိုသူတွေ မပေါ်ပေါက် မရှိနိုင်ဖူးလို့  ပြောမရပါဖူး။
၁၉၈၈ ခုနှစ်မတိုင်မီနဲ့  ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီနဲ့  လူအခွင့်အရေးရရှိရေး ပြည်သူလူထုအရေးတော်ပုံကြီး၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၊ ခေတ်အဆက်ဆက် အလုပ်သမား လယ်သမားအရေးတော်ပုံများ၊ တိုင်းရင်းသားလူမျိုးစုများအပေါ် နှိပ်စက်ညဉ်းပမ်း အဓမ္မကျင့် သတ်ဖြတ်မှုများ အစရှိတဲ့ ရဟန်းရှင်လူပြည်သူများရဲ့  လှုပ်ရှားမှုတွေမှာ အုပ်ချူပ်သူလက်နက်ကိုင်အင်အားစုတွေဟာ တစ်ဘက်သတ် လက်နက်အားကိုးနဲ့  မတရားဖမ်းဆီး နှိပ်စက်ထောင်ချ သတ်ဖြတ်ခြေမှုန်းခဲ့တာပါ။ ဒါတွေဟာ သာမန် လမ်းထဲ ရွာထဲ ရပ်ကွက်ထဲမှာ ရန်ဖြစ်ကြတဲ့ ရန်ပွဲမဟုတ်ပါဖူး။ တိုင်းပြည်နဲ့  လူမျိုးအပေါ် သွေးချောင်းစီးစေအောင် လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့  လုပ်ရပ်ဆိုးတွေပါ။
တကယ်စစ်မှန်စွာ တိုင်းပြည်နဲ့  လူမျိုးရဲ့  အနာဂါတ်ကို တိုးတက်မြင့်မားအောင် လုပ်ချင်တယ်ဆိုရင် ပြည်သူလူထုရဲ့  ဘ၀လုံခြုံမှု အသက်အိုးအိမ်စည်းစိမ်တွေကို မထိပါး မနှောင့်ယှက် မစော်ကား အနိုင်မကျင့်ဖို့  လိုပါတယ်။ နိုင်ငံသားတိုင်းရဲ့  ဘ၀အသက်အိုးအိမ်စည်းစိမ်ကို ထိပါး နှောင့်ယှက် စော်ကား အနိုင်ကျင့်တာ မလုပ်နိုင်ဖို့  အာ မ ခံမှု တာဝန်ယူမှု ကတိပေးမှု စောင့်ထိန်းမှု တိတိကျကျ ခိုင်ခိုင်မာမာ တရားဝင်လုပ်ဆောင်မှု ရှိရပါမယ်။ ဒီလို အာ မ ခံမှု တာဝန်ယူမှု ကတိပေးမှု စောင့်ထိန်းမှုတွေကို ပါးစပ်ဖျား လျှာဖျားကနေ ပေါ့ပေါ့တန်တန် ပြီးစလွယ်ပြောလို့  မရပါဖူး။ အာ မ ခံမှု တာဝန်ယူမှု ကတိပေးမှု စောင့်ထိန်းမှု တိတိကျကျ ခိုင်ခိုင်မာမာ တရားဝင်လုပ်ဆောင်တဲ့အခါမှာတောင် ဖောက်ဖျက်ခြင်း အကောင်အထည်မဖော်ဆောင်ခြင်းတို့  ပေါ်ပေါက်လာပါက အရေးယူဆောင်ရွက်မှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ် လုံခြုံစေဖို့ ၊ တိုင်းပြည်ရဲ့  အနာဂါတ် ကောင်းမွန်စေဖို့  အာ မ ခံနိုင်စေတဲ့ တာဝန်ယူကတိပေး စောင့်ထိန်းမှု လုပ်ဖို့  မတိုင်ခင်မှာ ပထမဦးစွာ အရေးကြီးဆုံး လုပ်ရမှာက မှားယွင်းမှုတွေကို ၀န်ခံပြီး မှားယွင်းမှုများအတွက် တရားဝင်တောင်းပန်ရမှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ အခြားသော တိုင်းပြည်များကို ရန်စကျူးလွန်ခဲ့တဲ့ ဂျပန်နိုင်ငံအစိုးရဟာ ၄င်းတို့ ရဲ့  မှားယွင်းခဲ့သော လုပ်ရပ်များအတွက် တရားဝင်တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ မှားယွင်းမှုအတွက် ၀န်ချတောင်းပန်မှုဟာ သိက္ခာရှိသော မြင့်မြတ်သော လူသားဆန်သော ဂုဏ်မြင့်မားသော ရိုးသားသည့် လုပ်ဆောင်မှု ဖြစ်ပါတယ်။ အခြားသော နိုင်ငံတွေတောင် လူမျိုးခြင်းမတူပေမယ့် မှားယွင်းသော လုပ်ဆောင်မှုတွေအတွက် တောင်းပန်ခဲ့ကြဆိုရင်တောင်၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအပေါ် ထိခိုက်စေခဲ့တဲ့ လုပ်ရပ်တွေအတွက် မှားယွင်းမှုကို ရိုးသားသန့် ရှင်းစွာ သိက္ခာရှိစွာနဲ့  ၀န်ချတောင်းပန်မှု လုပ်သင့်တာ အမှန်ပါ။ မှားယွင်းမှုတွေအတွက် တရားဝင် ၀န်ချတောင်းပန်မှုတွေသာ လုပ်မယ်ဆိုရင် တိုင်းသူပြည်သား ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့  ရှေ့ ဆက်ပြီး လုပ်ဆောင်မယ့် အုပ်ချူပ်သူများရဲ့  ဆောင်ရွက်မှုများအပေါ် ယုံကြည်မှုပေးလာမှာ ဖြစ်ပါတယ်။
ထို့ အတူ သြစတြေးလျနိုင်ငံတွင်လည်း ဌာနေတိုင်းရင်းသားလူမျိုးများအပေါ် နယ်မြေချဲ့ ပြီး အနိုင်ကျင့်သတ်ဖြတ်မှုများနှင့် ကလေးသူငယ်များအား မိသားစုများထံမှ အတင်းအဓမ္မ ခွဲဆောင်ယူဆောင်ခဲ့မှုများ သမိုင်းကြောင်းတွင် ထင်ရှားပေါ်လွင်ခဲ့သဖြင့် နယ်မြေချဲ့ သူများမှ အဆိုပါ ဌာနေတိုင်းရင်းသားမျိုးဆက်များ၏ ထိခိုက်မှုများအတွက် သြစတြေလျနိုင်ငံအစိုးရအနေဖြင့် တရားတောင်းပန်စကား ပြောဆိုခဲ့ရပေသည်။ National Sorry Day (May 26) ရက်နေ့ ကို တရားဝင် သတ်မှတ်ကာ Stolen Generation ပျောက်ဆုံးခဲ့ရသော မျိုးဆက်များအတွက် သြစတြေးလျနိုင်ငံအစိုးရအနေဖြင့် တရားဝင် တောင်းန်မှုကို ဆောင်ရွက်လျက်ကြပါတယ်။
တိုင်းပြည်တိုးတက်ကောင်းမွန်ဖို့ အတွက် အမျိုးသားပြည်လည်သင့်မြတ်ရေးလုပ်ဆောင်ရာမှာလည်း မှားယွင်းမှုတွေကို သင်ခန်းစာယူရုံမက မှားယွင်းမှုများအတွက် တရားဝင် ၀န်ချတောင်းပန်မှု အစရှိတဲ့ ဒီလို အခြေခံကျတဲ့ လုပ်ဆောင်မှုတွေကို ဦးစွာ လုပ်ဆောင်ပြမှသာ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်မှု ဖြစ်မှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ဖို့ အတွက် ယုံကြည်မှုဆိုတာ အခြေခံဖြစ်သလို အခြေခိုင်ဖို့ လည်း လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံပြောဆို နောက်ပိုင်းကြတော့ လုပ်ချင်ရာလုပ် ဖောက်ဖျက်ချင်ရာ ဖောက်ဖျက် ကျူးလွန်ချင်ရာ ကျူးလွန် လုပ်လို့  မရပါဖူး။
အုပ်ချူပ်သူလက်နက်ကိုင်အင်အားစုတွေဟာ တစ်ဘက်သတ် လက်နက်အားကိုးနဲ့  မတရားဖမ်းဆီး နှိပ်စက်ထောင်ချ သတ်ဖြတ်ခြေမှုန်းခဲ့မှုများ အစရှိသည့် မှားယွင်းမှုများအားလုံးအတွက် ရှေးဦးစွာ ၀န်ချတောင်းပန်မှု ပြုလုပ်မှသာလျှင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစေဖို့ ၊ တိုင်းပြည်ရဲ့  အနာဂါတ် ကောင်းမွန်စေဖို့  လက်တွေ့ ကျကျ တိတိကျကျ အာ မ ခံနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သမျှသော မှားယွင်းမှုများအတွက် တရားဝင်တောင်းပန်မှုကို တိတိကျကျ သတ်သတ်မှတ်မှတ် တိုင်းပြည်လူထု ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သိရှိစေရန်၊ မြန်မာသမိုင်းတွင် မှတ်တမ်းတင်ရှိစေရန်နှင့် နောက်နောင် ဤကဲ့သို့ သော မှားယွင်းမှုများကို ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ်ဦးတည်၍ အရင်ဦးစွာ ၀န်ချတောင်းပန်ဖို့ လိုအပ်တယ်ဆိုတာ သမ္မတရဲ့  အတိုင်ပင်ခံ ကိုကိုလှိုင်တင်သာမက လက်ရှိ တိုင်းပြည်ကို အုပ်ချူပ်နေသော သိန်းစိန်တို့ နှင့် အနာဂါတ်အစိုးရများအနေနဲ့  သိရှိလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အုပ်ချူပ်သူတွေရဲ့  ဆောင်ရွက်မှုများအတွက် ယုံကြည်မှုကို တည်ဆောက်ပြချင်တယ်ဆိုရင် ရိုးသားဖြူစင်စွာဖြင့် သိက္ခာရှိရှိ စေတနာမှန်မှန်နဲ့  ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် မှားယွင်းခဲ့မှုများအတွက် တရားဝင် ၀န်ချတောင်းပန်ပါလို့  ပြောလိုပါတယ်။

No comments:
Post a Comment