Thursday, August 15, 2013

ဆရာမင်းလူရဲ့  “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာ (၁၉၈၉ ခုနှစ်) ကို သရုပ်ဖေါ်ထားတဲ့ ကာတွန်းစာအုပ် (၁၉၉၁ ခုနှစ်) ဖြင့် ဆရာမင်းလူအား နောက်ဆုံး ဂါဝရပြုလိုက်ရပါတယ်။

ဆရာမင်းလူရဲ့  “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာ (၁၉၈၉ ခုနှစ်) ကို သရုပ်ဖေါ်ထားတဲ့ ကာတွန်းစာအုပ် (၁၉၉၁ ခုနှစ်) ဖြင့် ဆရာမင်းလူအား နောက်ဆုံး ဂါဝရပြုလိုက်ရပါတယ်။

ဆရာမင်းလူ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြားရတော့ ရင်ထဲမှာ အတော့်ကို ကြေကွဲဝမ်းနည်းမိရပါတယ်။ အများပြည်သူအတွက် တိုင်းပြည်အတွက် တန်ဖိုးရှိလှတဲ့သူတွေ မြင့်မြတ်တဲ့ ကြယ်တွေ ကြွေနေကြပါလားလို့  စိတ်မကောင်းဖြစ်ရပါတယ်။

ဆရာမင်းလူ ကွယ်လွန်သွားတဲ့သတင်း သိရချိန်မှာ ကြေကွဲဝမ်းနည်းမှုနဲ့ အတူ ဆရာမင်းလူကို လေးစားစွာ နောက်ဆုံး နှုတ်ဆက်ဂုဏ်ပြုလိုစိတ်ဖြစ်လာချိန်မှာ တစ်ချိန်တုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အချိန်က နှစ်ခြိုက်စွာ ဖတ်ရှူခဲ့ရတဲ့ တန်ဖိုးရှိလွန်းလို့  မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့တဲ့ ကာတွန်းစာအုပ်လေးတစ်အုပ်ကို သတိချက်ခြင်း ရလိုက်ပါတယ်။

ဆရာမင်းလူရဲ့  “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာကို ကာတွန်းဆရာ Mr. Burma ကနေ ဂုဏ်ပြု သရုပ်ဖေါ်ရေးဆွဲတာ ဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့  အကျင့်စရိုက်ကို အားပါးတရ မှန်ကန်စွာ ဖေါ်ကျူးထားတဲ့ ဆရာမင်းလူရဲ့  ကဗျာဟာလည်း အင်မတန်ကို ဂုဏ်ပြောင်မြောက်သလို၊ ကာတွန်းဆရာ Mr. Burma ရဲ့  ကာတွန်းလက်ရာနဲ့  အာဏာရှင်တွေကို သရော်ထားတဲ့ အတွေးအရေးဟာလည်း လက်ရာမြောက်လွန်းလို့  ဒီ ကဗျာသရုပ်ဖေါ်ကာတွန်းစာအုပ်လေးကို မပျောက်မပျက်ရအောင် သိမ်းဆည်းထားခဲ့တာပါ။

ကာတွန်းဆရာ Mr. Burma ကနေ ဆရာမင်းလူရဲ့  “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာအား သရုပ်ဖေါ်ကာတွန်းများဖြင့် စာမျက်နှာ (၄၀) ရှိသော ကာတွန်းစာအုပ်ငယ်လေးအား မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF ဗဟိုပြန်ကြားရေးဌာနမှနေ ၁၉၉၁ ခုနှစ်မှာ ဂုဏ်ပြုထုတ်ဝေခဲ့ပါတယ်။

ဆရာမင်းလူရဲ့  “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာဟာ အာဏာရှင်တွေရဲ့  သရုပ်မှန်ကို ထိထိမိမိ ဖေါ်ပြခဲ့တဲ့ ကဗျာ ဖြစ်ပါတယ်။ ဆရာမင်းလူကို ဒီစာအုပ်လေးနဲ့  ဂုဏ်ပြုလိုစိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ထွက်ခဲ့ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် ယခု ဆရာမင်းလူ ကွယ်လွန်တာ သိရှိရမှ လွမ်းဆွတ် နှမြောတသစွာနဲ့  ဖေါ်ပြဖြစ်တာကို ပိုမို စိတ်မကောင်း ဖြစ်ရပါတယ်။

ဆရာမင်းလူရဲ့ “ဘာတွေဖြစ်ကုန်ကြပြီလည်း” ကဗျာဟာ ဘယ်လောက် လေးနက်သလည်း မှန်ကန်သလည်း တန်းဖိုးမဖြတ်နိုင်သလည်းဆိုတာ ထပ်လောင်းပြောကြားရင်းနဲ့  ကျွန်တော်တို့  လေးစားချစ်ခင်ရတဲ့ ဆရာမင်းလူအား ဂုဏ်ပြုတဲ့အနေနဲ့  ဒီ ဆရာမင်းလူရဲ့ ကဗျာကို သရုပ်ဖေါ်တဲ့ ကာတွန်းစာအုပ်ကလေးကို အစမှ အဆုံး ဖတ်ရှူစေချင်ပါတယ်၊ ပြီးရင် လက်ဆင့်ကမ်းမျှဝေကြခြင်းဖြင့် ဆရာမင်းလူကို ဂါဝရပြုကြရအောင်လားဗျာ။

ပြည်သူချစ်တဲ့ ဆရာမင်းလူ ကောင်းရာသုဂတိလားပါစေခင်ဗျာ ……

နစ်နေမန်း။


 


No comments: