သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ နေ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာမိသားစုများ၏ သဘောထားထုတ်ပြန်ကြေညာချက်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ နေ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာမိသားစုများ၏ သဘောထားထုတ်ပြန်ကြေညာချက်။
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ (၂၅) နှစ်မြောက် ငွေရတုအချိန်အခါသမယတွင် ကျွန်ုပ်တို့  သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ နေ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာမိသားစုများမှ ငွေရတုအထိမ်းအမှတ် အခမ်းအနားအား စုပေါင်းညီညာစွာဖြင့် ဆင်ယင်ကျင်းပကာ၊ ဒီမိုကရေစီရရှိရေး ဒို့ အရေး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဒို့ အရေး ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေး ဒို့ အရေးတည်းဟူသော တောင်းဆိုချက်များအား လက်ကိုင်ထား၍ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံး လူထုလူတန်းစား အလုပ်သမား လယ်သမားများ တပ်မတော်သားများအပါအ၀င် တစ်ပြည်လုံး အုံကြွတော်လှန်ခဲ့ကြသည့် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း အသက်ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းအား ရှေးဦးစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ အကျိုးရလဒ်များအဖြစ် တိုင်းပြည်နှင့် လူမျိုးအား ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိတိုင်အောင် နှစ်ပေါင်း (၂၆) နှစ်ကြာ ဖိနှိပ်အုပ်ချူပ်ခဲ့သည့် အာဏာရှင် နေ၀င်းဦးဆောင်သော တစ်ပါတီ အာဏာရှင်စနစ်အခြေခံ မဆလပါတီနှင့် အစိုးရတစ်ရပ်လုံးအား ဖြုတ်ကျနိုင်ခဲ့ခြင်း၊ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွဲခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသမိုင်းအား မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ မှတ်တမ်းတင်နိုင်စေခဲ့ခြင်း၊ ဒီမိုကရေစီစနစ်ပုံသဏ္ဍန်နှင့် ပါတီစုံရွေးကောက်ပွဲ နည်းလမ်းများ ပေါ်ပေါက်ကျင့်သုံးနိုင်စေရေးအတွက် ကြီးမားသော တွန်းအားတစ်ရပ်အဖြစ် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့ ယခုထိတိုင်အောင် အာဏာရှင်အုပ်စုမှသည်ပင်လျှင် မရှောင်လွှဲနိုင်ဘဲ လက်ခံဆောင်ရွက်လာစေသည့်အခြေအနေ ပေါ်ထွက်နိုင်စေခဲ့ခြင်း၊ ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ဒီမိုကရေစီအင်အားစုများနှင့် မျိုးဆက်သစ်အင်အားစုများမှ သမိုင်းလက်ဆင့်ကမ်းကာ အနာဂါတ်မြန်မာနိုင်ငံအတွက် လက်ချင်းချိတ်တွဲ၍ ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုများတွင် အတူတစ်ကွ ဆောင်ရွက်နိုင်ကြခြင်း၊ မြန်မာနိုင်ငံ ပြည်တွင်းတွင်သာမက နယ်စပ်ဒေသအသီးသီး နိုင်ငံတကာအသီးသီးသို့  ရှစ်လေးလုံးအင်အားစုများ ပြန့် နှံ့ ရောက်ရှိကြကာ၊ ဒီမိုကရေစီအရေးတော်ပုံကြီး လှုပ်ရှားမှုကြီးအား ပညာစွမ်း ဥာဏ်စွမ်း စိတ်ဓါတ်စွမ်းအားသစ်များ အားအင်သစ်များ မျိုးဆက်သစ်များဖြင့် ဆက်လက်ဆောင်ရွက်နိုင်ကြခြင်း - အစရှိသည့် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ အကျိုးရလဒ်များ ပေါ်ပေါက်ထွန်းကားလျက်ရှိပေသည်။
သို့ သော်လည်း ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး၏ အဓိက ဦးတည်ချက် ပန်းတိုင်ဖြစ်သည့် စစ်မှန်သော ဒီမိုကရေစီအား အလျဉ်း မရရှိသေးသည့်အပြင် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်သည်လည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထို့ အတူ တရားဝင်ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂအဆောက်အဦး ပေါ်ပေါက်မှု မရှိသေးကြောင်း ကျွန်ုပ်တို့ မှ သုံးသပ်သည်။
ဤသုံးသပ်ချက်အပေါ် မူတည်၍ ကျွန်ုပ်တို့ သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ နေ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာမိသားစုများမှ အောက်ဖေါ်ပြ တောင်းဆိုချက် (၃) ချက်အား လက်ရှိတိုင်းပြည်အား အုပ်ချူပ်နေသော လက်ရှိအစိုးရနှင့် လွှတ်တော် (၂) ရပ်သို့  တောင်းဆိုအပ်သည်။
၁။ အများပြည်သူ့ ဆန္ဒနှင့် မကိုက်ညီသော ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခန်း (၃) အပိုဒ် (၅၉) ပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းဆိုင်ရာ အချက်ဖြစ်သည့် အပိုဒ်ခွဲ (ခ) နှင့် (စ) အပါအ၀င် အခြားသော မမှန်ကန်သည့် ပြဋ္ဌာန်းချက်များသည် မတရား ကန့်  သတ်ချူပ်ချယ် ပိတ်ပင်တားဆီးမှုများဖြစ်သည့်အတွက် ပယ်ဖျက်ပေးရန် တောင်းဆိုအပ်သည်။
၂။ တိုင်းရင်းသားအင်အားစုများအားလုံး သာတူညီမျှ ရှိသင့်ရှိထိုက် ရသင့်ရထိုက်သော တိုင်းရင်းသားအခွင့်အရေးများရရှိရေးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို မှန်ကန်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုအပ်သည်။
၃။ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြို့ အသီးသီး နေရာအသီးသီးတွင် ပေါ်ပေါက်ခဲ့သည့် အထွေထွေသပိတ်ကြီးဆင်နွဲခဲ့သော ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့  (ရှစ်လေးလုံးနေ့ ) အား အသိအမှတ်ပြုသည့် အနေဖြင့် “သြဂုတ်လ ၈ ရက်နေ့ - မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ ” ဟု ခေါ်တွင်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုအပ်သည်။
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအား ဦးညွှတ်ဂုဏ်ပြုလျက် -
သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ နေ မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာမိသားစုများ
သြဂုတ်လ (၁၀) ရက်နေ့ ၊ ၂၀၁၃ ခုနှစ်။
.jpg)
No comments:
Post a Comment