မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြခဲ့သော အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်း သဘောထားကြေညာချက်ထုတ်ပြန်။
မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြခဲ့သော အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်း သဘောထားကြေညာချက်ထုတ်ပြန်။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁၀) တွင် ဖေါ်ပြခဲ့သော အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းခြင်းအပေါ် သဘောထားထုတ်ပြန်ကြေညာချက်။
၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀) ရက်နေ့ (စနေနေ့)။
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့။
၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင် ရာထူးမှ ထုတ်ပယ်ခံရခြင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာမှတဆင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းခြင်းသည် ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုရှိသော ဆောင်ရွက်ချက်တစ်ခုအဖြစ် ယူဆပါသည်။
သို့ပါသော်လည်း အဆိုပါ ရှင်းလင်းချက်ကြောင့် အများပြည်သူအား အခြေအနေအမှန်အပေါ် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေသည့်အပြင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဖြစ်စဉ်တစ်ရပ်လုံးအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ပြီး ပြေလည်အောင် ဖြေရှင်းပေးလိုသော သဘောထားများ ထင်ဟပ်မှု မရှိဟု ယူဆသည့်အတွက် ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အဆိုပါ ရှင်းလင်းချက်ကို ကန့်ကွက်လိုက်ပါသည်။
၂။ အဆိုပါ ရှင်းလင်းချက်တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဆရာမဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့သော ပညာရေးဝန်ကြီးဌာန၊ အမှတ် (၂) အခြေခံပညာဦးစီးဌာန၏ မူလ တရားဝင် စွပ်စွဲချက်များဖြစ်သည့် (၁) ဒေါ်စိုစိုးခိုင်သည် ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂) ဒေါ်စိုစိုးခိုင်သည် ကျောင်းအုပ်ကြီးထံမှ ကြိုတင်ခွင့်ပန်ကြားခြင်း မရှိဘဲခရီးဝေး (ရန်ကုန်သို့) ထွက်ခွာခဲ့ခြင်း၊ (၃) ဒေါ်စိုစိုးခိုင်သည် နိုင်ငံရေးအဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ခြင်း (ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၈၈ကျောင်းသားလှုပ်ရှားမှုငွေရတုအစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း) စသည့် စွပ်စွဲချက်များနှင့် တိုက်ဆိုင်ဖြေရှင်းထားခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား အရေးယူအပြစ်ပေးရေးအတွက် လိုအပ်သော တရားဝင်စွဲချက်များအပေါ်တွင် ဥပဒေကြောင်းအရ လွှမ်းမိုးပိုင်ခွင့် မရှိသောအကြောင်းအရာများဖြစ်သည့် ၀န်ထမ်းတစ်ဦး၏ လုပ်ငန်းခွင်အတွင်း သာမန်ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံရေးများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် ဖြစ်စဉ်တစ်ခုလုံးအတွက် ကျေနပ်လောက်သော ဥပဒေကြောင်းအရ ဖြေရှင်းချက်တစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ မယူဆပေ။
၃။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ စုပေါင်း၍ ထုတ်ပြန်ခဲ့သော ကြေညာချက်အတိုင်း ကျွန်ုပ်တို့အနေဖြင့် စည်းကမ်းဥပဒေ ပျက်ကွက်ခဲ့သော နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေးဆန်ဆန် ကာကွယ်လိုသော ရည်ရွယ်ချက် အလျဉ်းမရှိဘဲ ပြစ်မှုနှင့် ပြစ်ဒဏ်ကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ကြောင်း ထပ်မံအသိပေးပါသည်။ ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ရက် ပါ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် နိုင်ငံဝန်ထမ်းဥပဒေပါ ပုဒ်မများ၊ ဝန်ထမ်းကျင့်ဝတ်ပါ အချက်များကို အခြေခံကာ ရှင်းလင်းထားခြင်း မရှိဘဲ၊ ဖြစ်စဉ်အပေါ်အခြေခံကာ အကွက်ချ အမှုဆင် ရှင်းလင်းထားခြင်းမျှသာ ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်။
၎။ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များကို အောက်ပါအတိုင်း သုံးသပ်ပါသည်။
(က) နဂိုမူလစွဲချက်တင်ထားသော အချက် (၃) ချက်ကို မှေးမှိန်စေကာ နောက်ကြောင်းပြန် အမှုဆင်၍ ရှင်းလင်းထားခြင်း၊
(ခ) ၂၀၁၃ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း ၄ အပိုဒ် ၁၁ (ဍ) ပါ နိုင်ငံ့ဝန်ထမ်း၏ ခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့် စသောအချက်များကို စွပ်စွဲခံရသူ ဆရာမဒေါ်စိုးစိုးခိုင်အား လုံလောက်စွာ လုပ်ဆောင်နိုင်ခွင့်ကို လစ်လျှူရှု၍ လိုရာကို ဆွဲယူထားပြီး တစ်ဘက်သတ်ရှင်းလင်းထားခြင်း၊
(ဂ) တရားဝင်ဆေးကုသခွင့်လက်မှတ်ရ ဆရာဝန်တစ်ဦး၏ ဂုဏ်သိက္ခာတရားကို ထိပါးပြောဆိုထားခြင်း၊
(ဃ) ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ရက် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ရှင်းလင်းချက်များသည် စွပ်စွဲခံရသူကို မူလထုတ်ပြန်ထားခဲ့သော ထုတ်ပြန်စာများပါ ရက်စွဲ၊ ဆုံးဖြတ်ချက်၊ ဖြစ်စဉ်များနှင့် ကွဲလွဲမှုများ ရှိနေခြင်း။
(င) စွပ်စွဲခံရသူ၏ ဝန်ထမ်းဘဝကို နာလန်မထူ အညွန့်တုံးစေမည့်အချက်များဖြင့် ဆုံးဖြတ်ရှင်းလင်းထားသည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေအပိုဒ် ၅၄ ပါ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့် အခါ (က) ပညာပေး ပြုပြင်ရေးနှင့် စည်ကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည်ဟူသောအချက်နှင့် (ခ) ပြစ်မှုနှင့် ပြစ်ဒဏ် လိုက်လျောညီထွေ ဖြစ်ရမည်ဟူသောအချက်တို့နှင့် သွေဖီနေခြင်း။
(စ) စွပ်စွဲခံရသူသည် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက်ရှိခဲ့သည်ဟု ဖော်ပြပါရှိသော်လည်း မူလစွဲချက်တင်ရာတွင် ဤအချက်ကို ထည့်သွင်းထားခြင်း မရှိသကဲ့သို့ ထို ၄၃ ရက်ကာလ ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်းကို နိုင်ငံ့ ဝန်ထမ်းဥပဒေအခန်း ၁၁ အပိုဒ် ၅၃ (က) ပါ စာဖြင့် သတိပေးခြင်းဟူသောအချက်ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးမှ လုပ်ဆောင်ရန် ပျက်ကွက်သည်ကို ဖော်ပြထားမှု မရှိခြင်း။
၅။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ အရေးယူအပြစ်ပေးမှုသည် ပြစ်မှုနှင့် ပြစ်ဒဏ် မျှတမှု လုံးဝ မရှိဘဲ လုပ်ပိုင်ခွင့်အာဏာကို လွန်ကဲစွာ အသုံးပြုခဲ့သည့်အပြင် ဒီမိုကရေစီဖော်ဆောင်ရေး၏ အခြေခံဖြစ်သော တရားမျှတမှု၊ သာတူညီမျှမှု စသည့်အချက်များကို အခြေခံ ဆုံးဖြတ်ထားခြင်း မရှိသောကြာင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပါကြောင်း ထပ်မံအသိပေး အကြောင်းကြားပါသည်။
၆။ ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် လုပ်သက်အားဖြင့် (၁၈) နှစ်ရှိပြီဖြစ်သော သင်ကြားရေးအတွေ့အကြုံ ပြည့်ဝသော ဆရာမတစ်ဦးအား လွန်ကဲစွာ အရေးယူအပြစ်ပေးခြင်းကြောင့် အချီးနှီးဆုံးရှုံးရခြင်းသည် ကာယကံရှင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုသက်သက်ဟု မမှတ်ယူဘဲ ဒီမိုကရေနိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသော အဟန့်အတားဖြစ်စေသည်ဟု ယူဆပါသည်။ ထို့အပြင် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် လူစွမ်းအား မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအတွက်သော်လည်းကောင်း၊ ပညာရေးအသိုင်းအ၀ိုင်းတစ်ခုလုံးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်တစ်ခုလုံးအတွက်သော်လည်းကောင်း ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေသည့် လုပ်ဆောင်မှုဟု အလေးအနက် ယူဆပါသောကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးအား စိတ်စေတနာအရင်းခံဖြင့် လက်တွေ့ကျကျ ချဉ်းကပ်ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်ပါသည်။
၇။ ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ဖြစ်စဉ်တစ်ရပ်လုံးအား ပြေလည်စေရန် ရည်ရွယ်၍ ဥပဒေနှင့်အညီ လိုအပ်သည့် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ပါက ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း အသိပေးအကြောင်းကြား ထုတ်ပြန်လိုက်ပါသည်။
တက္ကသိုလ်ဆရာ/ဆရာမများအသင်း - ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)။
No comments:
Post a Comment