Monday, September 23, 2013

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မှ ဗွီဒီယိုမှတ်တမ်းဖြင့် ရွှေဝါရောင်လှုပ်ရှားမှုကြီးအား အထူးဂုဏ်ပြုအပ်ပါသည်။

ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့  မြင်ကွင်းများကို အချိန်နှင့် တပြေးညီ မိနစ်ပိုင်းအတွင်း ရိုက်ကူးပြီး အခက်အခဲများကြားစွာမှနေ ၀ိုင်းဝန်းပံ့ပိုး ပို့  ပေးခဲ့ကြတဲ့သူများ အားလုံးကို ကျွန်တော် နစ်နေမန်းကနေ ဤနေရာမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လ စက်တင်ဘာလ အောက်တိုဘာလအတွင်း နေ့ စဉ်နေ့ တိုင်း စက္ကန့် နှင့်အမျှ အဆက်မပြတ် စည်းလုံးညီညွှတ်စွာနဲ့ မှတ်တမ်းဓါတ်ပုံများ ဗွီဒီယိုအပိုင်းများ သတင်းရေးသားပြောဆိုမှုများကို အဘက်ဘက်မှ ကြိုးစားပေးပို့ ခဲ့ကြလို့  ကျွန်တော်တို့  အားလုံးရဲ့  ရွှေဝါရောင်သမိုင်းဟာ မြန်မာနိုင်ငံတစ်လွှမ်း ကမ္ဘာ့တစ်ဝှမ်းကို ချက်ချင်း အလျင်အမြန် ပျံ့ နှံ့  ရောက်ရှိခဲ့ပြီး အဖြစ်မှန်များကို မျက်ဝါးထင်ထင် သက်သေအထောက်အထားဖြင့် မြင်တွေ့  စေခဲ့ပါတယ်။

မြန်မာ့ ရွှေဝါရောင်လှုပ်ရှားမှုကို မြင်တွေ့ ကြရတဲ့ နိုင်ငံအသီးသီးမှ အစိုးရများ ကမ္ဘာ့ပြည်သူပြည်သားများရဲ့  အားပေးမှုကို အပြည့်အ၀ ရရှိခဲ့သလို၊ အနှောင့်အယှက်များစွာ ဘေးအန္တရာယ်များစွာကိုလည်း မြန်မာအာဏာရူးများနှင့် လက်ပါးစေများဖြစ်ကြတဲ့ အဓမ္မ၀ါဒီများထံမှ ရရှိခဲ့ကြပါတယ်။

သို့ သော်လည်းပဲ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထုရဲ့  တစ်ဦးချင်းစီ အသိစိတ်ဓါတ်ဖြင့် အသီးသီးတာဝန်ယူ ထမ်းဆောင်မှုကြောင့် ရွှေဝါရောင်သမိုင်းဟာ ကမ္ဘာတည်သ၍ မြန်မာ့သမိုင်း ကမ္ဘာသမိုင်းမှာ လူသားတိုင်းရဲ့  ရင်တွင်းနှလုံးသားမှာ ကမ္ဗည်းတင်စွဲ ထင်မှတ်တည်ရှိနေမှာ အစဉ်ထာဝရ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အတူတစ်ကွ လက်တွဲကူညီ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသော အနီးအနားမှ မိတ်ဆွေများ၊ မည်သူမည်ဝါ အမည်နာမမှပင် မသိရှိကြဘဲ တစ်ဦးနှင့်တစ်ဦး စိတ်ထားတူညီစွာဖြင့် တိုင်းပြည်အရေး လူမျိုးအရေးအတွက် စုံဆည်းခဲ့ကြသော အဝေးရပ်ခြားမှ မိတ်ဆွေများ၊ ဘလော့ဂါ မိတ်ဆွေများ၊ သတင်းဌာနများ၊ အစစ အရာရာ အဘက်ဘက်မှ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးခဲ့ကြသူများ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကြသူ သံဃာတော် ရဟန်းရှင်သူမြတ်များ ပြည်သူပြည်သားများအားလုံးအား လေးစားမှတ်တမ်းတင်ပါကြောင်းနဲ့  ဓါတ်ပုံမှတ်တမ်းများ ဗွီဒီယိုမှတ်တမ်းများ သတင်းမှတ်တမ်းများအား သက်စွန့် ကြိုးပမ်း ရယူဆောင်ရွက်ခဲ့ကြသောသူများအား ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နှင့် အချိန်အခါသမယတိုင်းတွင် များစွာ ဦးညွှတ်ဂုဏ်ယူပါကြောင်း ပြောကြားလိုက်ရပါတယ်။

မတရားမှုမှန်သမျှကို ဆန့် ကျင်သော ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူလူထု၏ တော်လှန်သမိုင်းသည် ခေတ်ဆက်ဆက်တိုင်း တည်တံ့နေမည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မှ ဗွီဒီယိုမှတ်တမ်းဖြင့် ရွှေဝါရောင်လှုပ်ရှားမှုကြီးအား အထူးဂုဏ်ပြုအပ်ပါသည်။

လေးစားစွာဖြင့် -

နစ်နေမန်း

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်။



No comments: