Saturday, September 28, 2013

ရွှေဝါရောင်မှာ အပြစ်မဲ့စွာ ပစ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတစ်ဦး။

ရွှေဝါရောင်မှာ အပြစ်မဲ့စွာ ပစ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတစ်ဦး။

မေး။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ မောင်ဇေယျာနိုင်က
သေနတ်ကျည်ဆံမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဟုတ်ပါသလားဗျ။

ဖြေ။ ဟုတ်ပါတယ်။ မောင်ဇေယျာနိုင် သေနတ်ကျည်ဆံမှန်ပြီး သေဆုံးသွားတယ်
ဆိုတာ အမှန်ပါဘဲ။

မေး။ မောင်ဇေယျာနိုင် ကွယ်လွန်ခဲ့တဲ့ နေ့ စွဲနဲ့ အချိန်ကို ပြောပြပေးပါ။

ဖြေ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (၂၇) ရက်နေ့ ၊ နေ့ လယ် ၂း ၀၀ နာရီ
၄၅ မိနစ်မှာ ကွယ်လွန်သွားတာပါ။ အသက်ကတော့ ၁၅ နှစ်နဲ့  ၆ လ ရှိပါပြီ။

မေး။ ဘယ်နေရာမှာ သေနတ်ကျည်ဆံမှန်ပြီး ကွယ်လွန်သွားတယ်ဆိုတာ
ပြောပြပေးပါ။

ဖြေ။ သေနတ်ကျည်ဆံမှန်တာက ယာဘက်ရင်အုံ အထက်ညှပ်ရိုးအောက်ကို
ကျည်ဆံထိမှန်ပြီး သေဆုံးသွားတာပါ။

မေး။ မောင်ဇေယျာနိုင်က ဘယ်ကျောင်းမှာ စာသင်ကြားပြီး ဘယ်နှတန်း
တက်နေတာလဲခင်ဗျ။ မောင်ဇေယျာနိုင်ကွယ်လွန်သွားတာကို မိဘများအနေနဲ့ 
ဘယ်လိုသိရပါသလဲ။

ဖြေ။ မောင်ဇေယျာနိုင်က တောင်ဥက္ကလာ အ.ထ.က (၂)မှာ
ပညာသင်ကြားနေတာပါ။ သူငယ်တန်းကနေ ဆယ်တန်းအထိ
ပညာသင်ကြားခဲ့တာပါ။ Eco ဘာသာနဲ့  ပညာသင်ကြားနေတာပါ။
ကျောင်းဆင်းပြီး အိမ်ကိုပြန်လာပြီး ပုဏ္ဏမီနဲ့  ဗဟိုဈေးမှာ ပစ်ခတ်မှုတွေဖြစ်တော့
ကျည်ဆံထိပြီး သေဆုံးသွားခဲ့တာပါ။ ကလေးက ကျည်ဆံမှန်ပြီး
သူ့ သူငယ်ချင်းတွေ ကျောင်းကိုခေါ်သွားကြတယ်။ ပြီးတော့မှ အိမ်ကိုလာပို့ တယ်။
အဲဒီအချိန်မှာ ကလေးက ဖြူဖတ်ဖြူလျော်ဖြစ်နေပြီ။ ဆေးရုံရောက်တော့
အသက်မရှိတော့ဘူးပေါ့။

မေး။ မောင်ဇေယျာနိုင်ရဲ့ နာရေးကို လုပ်ခွင့်ရခဲ့ပါသလား။

ဖြေ။ မောင်ဇေယျာနိုင်ရဲ့ နာရေးကို ထိန်ပင်သုသာန်မှာ သဂြို င်္လ်ခွင့်ရခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာလ၊ ၃၀ ရက်နေ့ မှာ မီးသဂြို င်္လ်ခဲ့ပါတယ်။

မေး။ မောင်ဇေယျာနိုင်နဲ့ အတူ မောင်ဇေယျာနိုင်ရဲ့ သူငယ်ချင်းများ
ကျောင်းကအပြန် မည်သူတွေ ဘာဖြစ်ကြသည်ကို သိရှိပါက ပြောပြပေးစေချင်
ပါတယ်။

ဖြေ။ အဲဒါတော့မသိပါဘူး။ သားရဲ့ အဖေကလည်း မိုးကုတ်ကို
ခရီးသွားနေတာ။ ကျွန်မကလည်း ခါတိုင်းဆို သားကြီးကို ကျောင်းကြိုကျောင်းပို့ 
နေ့ တိုင်းလုပ်ပေးနေတာ။ အဲဒီနေ့ မနက်ကျတော့ ကျွန်မလည်း စိတ်ထဲမှာ
လေးနေတာ။ အငယ်ကောင်လေးက မူကြိုတက်နေတော့ သွားကြိုနေတာပါ။

မေး။ မောင်ဇေယျာနိုင်အတွက် အစိုးရက ထောက်ပံ့ကြေးငွေများ ပေးခဲ့တာ
ရှိသေးလား။

ဖြေ။ ထောက်ပံ့ကြေး၊ နစ်နာကြေးတွေ ဘာမှမရပါဘူး။

မေး။ ဖိနှိပ်ခံရသည့် ပြည်သူများထဲမှ အပြစ်မဲ့ကျောင်းသားတစ်ယောက်
အသက်ဆုံးရှုံးသွားတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့  (သို့ မဟုတ်)
မိဘများအနေနဲ့  (၆)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးမှာ ဘာများပြောပြချင်ပါ
သလဲခင်ဗျ။

ဖြေ။ မိဘတွေအနေနဲ့  သားလေးမောင်ဇေယျာနိုင်ဆုံးရှုံးသွားတဲ့အတွက်
မိသားစုရဲ့  အစားထိုးမရတဲ့၊ ဘယ်လိုမှ ဖြေဆည်လို့ မရတဲ့၊ ကြီးမားတဲ့ဆုံးရှုံးမှုကြီး
တစ်ခုပါဘဲ။ အခုဆိုရင် သားဆုံးသွားတာ (၆)နှစ် ရှိသွားပြီဖြစ်ပေမယ့်
မိခင်တစ်ယောက်အနေနဲ့  မနေ့ တစ်နေ့ ကလိုပါဘဲ။ မမေ့နိုင်စရာ၊
ကြေကွဲစရာတစ်ခုပါ။ ဘာနဲ့ မှ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု၊ ခံစားမှုဟာ
ကျွန်မသေသည်အထိ ရင်ထဲမှာ တမြေ့မြေ့လောင်ကျွမ်းနေမှာပါ။

ဖြေကြားသူ - မောင်ဇေယျာနိုင်၏ မိခင် (အမည်ဖော်ပြမထားပါ)

မေးမြန်းသူ - ဖိုးစိုင်း။

(Monitor ဂျာနယ် အတွဲ ၂၊ အမှတ် ၇၃)။

No comments: