Thursday, September 12, 2013

အခြားနိုင်ငံတွေမှာတော့ ရှေးဟောင်းသမိုင်းတွေကို အသည်းအသန် ထိန်းသိမ်းနေကြတယ်၊ မြန်မာပြည်မှာတော့ အာဏာရူးတွေ အတော့်ကို ဥာဏ်တုံးနေကြပါလား။

အခြားနိုင်ငံတွေမှာတော့ ရှေးဟောင်းသမိုင်းတွေကို အသည်းအသန် ထိန်းသိမ်းနေကြတယ်၊ မြန်မာပြည်မှာတော့ အာဏာရူးတွေ အတော့်ကို ဥာဏ်တုံးနေကြပါလား။

သမိုင်းတန်ဖိုး အမွေအနှစ်ကို နားမလည်ကြပါလား။

ကျွန်တော်တို့ သန်လျင်မှာ ၁၇ ရာစုက ငဇင်ကာ ဆောက်ထားခဲ့တဲ့ ပေါ်တူဂီဘုရားကျောင်းပျက်နဲ့ အဲဒီဘုရားကျောင်းပျက်ထဲမှာ တရားဟောဓမ္မဆရာရဲ့ သမီးတစ်ယောက်ရဲ့ အုတ်ဂူတစ်ခုရှိပါတယ်။ သန်လျင်တံတားထိပ်မှာပါ။

သန်လျင်ကို ငဇင်ကာဆီက ၁၇၄၀ ခုနှစ်ကျော်မှာ အနောက်ဘက်လွန်မင်းက သိမ်းတော့ အဲဒီဘုရားကျောင်းက စောင့်ရှောက်မယ့်သူမရှိလို့ ပျက်စီးသွားခဲ့ပါတယ်။

အရင်ကတော့ တော်တော်ခမ်းနားခဲ့မယ့်ပုံပါပဲ။ နေရာက အကျယ်ကြီး ၊အုတ်ရိုးဟောင်းတွေလဲ ရှိသေးပါတယ်။ အဆောက်အအုံအုတ်ရိုးအမြင့်ကြီးတွေလဲ ကျန်ပါသေးတယ်။

အဲဒီနေရာကို သန်လျင်ရေနံချက်စက်ရုံက ရေနံအရာထမ်းဝန်ထမ်းအိမ်ရာဝင်းထဲမှာ ရှိနေလို့ ပုဒ်မ (၁၄၄) နယ်မြေထဲမှာပါတယ်ဆိုပြီး သိမ်းထားခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုကတော့ လုံးဝမရှိပါဘူး။

တနေ့ကမန္တလေးက ဧည့်သည်တစ်ယောက်ကို ညနေပိုင်း အဲဒီနေရာကို လိုက်ပြတော့ ရေနံက လုံခြုံရေးတွေက ကျွန်တော်တို့ နာမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေကို လာယူလို့ သူတို့နဲ့ စကားများခဲ့ကြပါတယ်။ အဲဒီမှာ စစ်တပ်က ပြောင်းလာတဲ့ ဗိုလ်ကြီးဟောင်းတစ်ယောက်က စက်ရုံထဲကရောက်လာပြီး ပုဒ်မ (၁၄၄) နယ်မြေလို့ မင်းတို့ကို ဖမ်းလို့ရတယ်လို့ ပြောပါတယ်။

ကျွန်တော်က သမိုင်းဆိုင်ရာနေရာတစ်ခုကို သိမ်းထားတဲ့ ပုံစံမျိုးဖြစ်နေတဲ့အပြင် ပုဒ်မ (၁၄၄) နယ်မြေဖြစ်လို့ အများပြည်သူ ၀င်ရောက်လေ့လာခွင့်မရှိရင်လဲ ဥပဒေထုတ်ထားကြောင်း အများပြည်သူ သိရှိအောင် သတိပေးဆိုင်းဘုတ် ထောင်ထားဖို့ လိုကြောင်းပြောပြတဲအခါ၊ အဲဒီဗိုလ်ကြီးဆိုသူက ဥပဒေဆိုတာ မသိလို့ ကျူးလွန်မိရင်လဲ ပြစ်ဒါဏ်ခံရမှာပဲတဲ့။ ဌာနဆိုင်ရာ တာဝန်ရှိသူအရာရှိတစ်ယောက်အနေနဲ့ တော်တော်တာဝန်မဲ့တဲ့ စကားပါ။

အများပြည်သူနဲ့ဆိုင်တဲ့ဥပဒေမျိုးကိုတော့ အများပြည်သူ သိရှိအောင် အသိပေးကြေငြာဖို့  မလိုကြောင်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ မဟုတ်ပဲ ရေနံချက်စက်ရုံမှူးရဲ့ ကားကို မောင်းတဲ့ ဒါရိုက်ဘာက ကျွန်တော်တို့ကို ကြိမ်းမောင်းပြောဆိုပြီး မှတ်ပုံတင်နံပါတ်တွေ၊ အမည်တွေ မေးမြန်းတာကို မကျေနပ်ကြောင်း၊ ဒီလိုသမိုင်းဆိုင်ရာနေရာကို ပုဒ်မ (၁၄၄) နယ်မြေထဲ ထည့်ထားပြီး ထိမ်းသိမ်းစောင့်ရှောက်မှုမရှိပဲ ခြုံနွယ်ပိတ်ပေါင်းနဲ့ ဒီအတိုင်း ပစ်ထားပြီး အထဲမှာ အမှိုက်တွေ၊ ကွန်ဒုံးအခွံတွေ တွေ့ခဲ့တဲ့အတွက် ဒီနေရာကို လေ့လာချင်သူတွေကို ၀င်ခွင့်မပြုပဲ ဘယ်လိုလူမျိုးတွေကို ၀င်ခွင့်ပြုနေရတာလဲလို့ မေးမြန်းပြီး ဒီကိစ္စကို ကျေနပ်မှုမရှိတဲ့အတွက် သတင်းမီဒီယာမှာ သတင်းဖြန့်ဝေမယ့်အကြောင်းပြောတော့ လေသံပြောင်းသွားပြီး အောက်ခြေလုံခြုံရေးဝန်ထမ်းတွေက ဒီကိစ္စကို အေးအေးဆေးဆေး ပြီးသွားစေချင်ကြောင်းပြောပြီး ၀ိုင်းတောင်းပန်ကြပါတယ်။

ကျွန်တော် မကျေနပ်တာကတော့ ကျွန်တော်တို့နေရာ အကြောက်တရားရှိနေသေးတဲ့ ရိုးသားတဲ့ ပြည်သူတစ်ယောက်သာဆိုရင် ဒီနေရာကို လာလေ့လာမိတဲ့အတွက် အခုပဲ ထောင်ချတော့မှာလိုလို ပြောဆိုခြိမ်းခြောက်ခံရနိုင်တဲ့အတွက်ရယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူ မဟုတ်တဲ့ ကားဒရိုက်ဘာတစ်ယောက်က မှတ်တမ်းတွေ စစ်ချက်တွေတောင်းတဲ့ကိစ္စရယ်၊ သမိုင်းဆိုင်ရာ တန်ဖိုးရှိတဲ့နေရာတစ်ခုကို အများပြည်သူအပိုင်မသတ်မှတ်ပဲ ဌာနတစ်ခုရဲ့ကိုယ်ပိုင် သိမ်းထားတဲ့ကိစ္စတွေရယ်ကြောင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ သန်လျင်ရေနံချက်စက်ရုံက တာဝန်ရှိသူတွေ သမိုင်းဆိုင်ရာနေရာကို တန်ဖိုးထားတတ်ဖို့အတွက် ဒီကိစ္စကို အများပြည်သူသိရှိအောင် သတင်းမီဒီယာတွေမှာ သတင်းဖြန့်မယ့်အတွက် ကျွန်တော့်ကို ဖမ်းနိုင်ရင် ဖမ်းလို့ စိန်ခေါ်လာခဲ့ပါတယ်။

ငဇင်ကာနဲ့ ပတ်သက်တဲ့နေရာမို့ လို့ သမိုင်းဝင်လို့ ပြောရင်ရပေမယ့် အဲဒီနေရာကို အခုလို လုပ်ထားတာတော့ တာဝန်ရှိတဲ့သူတွေ တုံးတာပဲ။ အခြားနိုင်ငံတွေမှာဆိုရင် တိုရစ်ဇင် ဆွဲဆောင်မှုရှိအောင်လုပ်ပြီး ပိုက်ဆံရှာနေလောက်ပါပြီ။ ပြီးခဲ့တဲ့ ဆောင်းတွင်းက ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကို လေ့လာရေးခရီး လာရောက်တဲ့ နော်ဝေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ဒီဘုရားကျောင်းပျက်အကြောင်း ပြောပြတဲ့အခါ သူတို့ စိတ်ဝင်စားပြီး သွားချင်တယ်လို့ ပြောပေမယ့် ကျောက်တန်းရေလယ်ဘုရားက အပြန်မိုးချုပ်သွားတာကြောင့် မ၀င်ဖြစ်တော့တာကိုပဲ ပြန်သတိရပြီး ကျေးဇူးတင်မိနေပါတယ်။ အဲဒီနော်ဝေးကျောင်းသားတွေသာ ဒီနေရာကို ဒီလိုပုံစံမျိုးတွေ့လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကို အထင်အမြင်သေးပြီး ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့ချီပြီး အရှက်ရစေမယ့်ကိစ္စ ဖြစ်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ အစိုးရအဖွဲ့မှ သမ္မတမှစ၍ အောက်ခြေ၀န်ထမ်းများအထိ လေးစားတန်ဖိုးထားသင့်တဲ့အရာတွေကို လေးစားတန်ဖိုးထားတတ်တဲ့ အသိစိတ်ဓါတ်နဲ့ အသိပညာရှိနိုင်ကြပါစေ ………..။

မင်းသွေးသစ်

ဗကသများအဖွဲ့ချုပ်။


No comments: