Sunday, October 13, 2013

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက် Y ။

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက် Y ။

အခုတလော မယ်စင်္ကြဝဠာအလှမယ် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး အင်တာနက်အွန်လိုင်းတွေမှာ ဗွက်ထနေအောင် ကိုယ့်အမြင် သူ့အမြင် အလုအယက်ဝေဖန်နေကြတာတွေ့တော့ ကျနော်လည်း ကိုယ့်အယူအဆလေး ပြောချင်လာတာကို သည်းခံပေးပါ။ တကယ်တော့ မိုးစက်Y ရဲ့ အလှအပနဲ့ တိုင်းပြည်ဂုဏ်ဆောင်မယ့်လုပ်ရပ်ကို အငြင်းပွားစရာမရှိပါ။ ပြောစရာတွေက မရှင်းမရှင်း နိုင်ငံရေးနဲ့ ရပ်တည်မှုကိစ္စ၊ အကျိုးစီးပွားကိစ္စ၊ လူမျိုး ဘာသာခွဲခြားမှုကိစ္စနဲ့ အမျိုးသားရေးကိစ္စနဲ့ သွယ်ဝိုက်လို့ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပတ်သက်နေတာပဲဖြစ်တယ်။

မြန်မာပြည်ဟာ တိုင်းရင်းသားအစုံ လူမျိုးစုံနေထိုင်ရာ တိုင်းပြည်တခုလည်းဖြစ်တယ်။ အသားအရောင်၊ အမျိုးဘာသာအစုံမို့ ယဉ်ကျေးမှုစုံ ဖွံ့ဖြိုးရာ နေရာပဲ၊ လူမျိုး ဇာတိ ဘယ်လိုကွဲကွဲ ကိုယ့်နိုင်ငံသားတိုင်း တစိတ်တဝမ်းတည်းဖြစ်ရမယ့် အယူအဆကိုလည်း ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းနဲ့ ဥရောပတိုင်းတွေကပါ လက်ခံကျင့်သုံးနေတာပဲ။ နော်ဝေးမှာဆို လူမျိုးစုံ၊ နိုင်ငံစုံ၊ အသားအရောင် ယဉ်ကျေးမှုအစုံကို လက်ခံထားသလို ဒါကိုက ဂုဏ်ယူစရာတခုဖြစ်တယ်။ တခုတော့ရှိတယ်၊ ဒီနိုင်ငံမှာနေထိုင်ရင်၊ ဒီနိုင်ငံသားဆိုရင် ဒီနိုင်ငံရဲ့ ဘာသာစကားနဲ့ စာပေကိုသာ အသုံးပြုရမယ်၊ တတ်ကျွမ်းရမယ်၊ သက်ဆိုင်ရာ မိခင်ဘာသာစကားတွေ သင်ကြားခွင့် သီးသန့်ရှိတယ်၊ တပါးနိုင်ငံကပြောင်းလာတာဆိုပြီး ခွဲခြားမဆက်ဆံဘူး၊ ဒါပေမယ့် ဒီက နော်ဝေးစကားနဲ့ နော်ဝေးစာ မတတ်ရင် ဒီနိုင်ငံမှာ ပညာသင်ခွင့်မရှိ၊ အလုပ်လုပ်ခွင့်မရ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေဖြစ်မယ်။ ဥရောပနိုင်ငံတိုင်း အဲလိုချည်းပဲ။

ဒါက နိုင်ငံအတွင်း မှီတင်းနေထိုင်သူတွေကို ထိန်းချုပ်ထားတဲ့ အနှစ်သာရပါပဲ။ အရောင်ကွဲ၊ ဘာသာကွဲ၊ စကားကွဲ၊ ယဉ်ကျေးမှု အကွဲကွဲအပြားပြားတွေကို ဒီနိုင်ငံသားဖြစ်ခွင့်နဲ့ ဒီနိုင်ငံမှာ နေထိုင်ရတဲ့သူ့စကား၊သူ့စာတွေက တပြေးညီညှိလိုက်တာဖြစ်တယ်။ ဒီနိုင်ငံသား ဒီစကား၊ ဒီစာတတ်သူတွေ နိုင်ငံရေးခေါင်းဆောင်လုပ်နေကြတယ်။ အဖြူမဟုတ်လို့၊ မွတ်စလင်မို့လို့ဆိုပြီး လွှတ်တော်ထဲထိုင်ခွင့်မရတာ မဟုတ်။ လူသားမျိုးနွယ်အားလုံးအတူတူပဲဘာမှ ခွဲခြားစရာမလိုဘူး။ ကျနော်တို့အားလုံး ဒီအတွေးအခေါ်ကို နှစ်ခြိုက်တယ်၊ လက်ခံတယ်။ ကိုယ့်နိုင်ငံမှာလည်း အဲလို ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံက လူမျိုးစုံ၊ ဘာသာစုံ၊ အရောင်စုံဆိုတော့ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်၊ နဂိုရှိပြီးသား ယဉ်ကျေးမှုအစုံအလင်နဲ့ အလှတရားဖြစ်တယ်။ ပန်းအရောင်တမျိုးတည်းထက် ပန်းရောင်စုံအားလုံး တညီတညာတည်း စီထားရင်း ကြည့်လို့ လှနေတဲ့သဘောပဲ။ ဒါက လူမျိုးစုံဝါဒအပေါ်ထားရှိတဲ့ ကျနော်တို့ ၈၈ မျိုးဆက် ပြည်ပရောက်တွေရဲ့ ခံယူချက်လို့ပြောရင် မမှားနိုင်ဘူး။

အခု… တရုတ်လူမျိုးလို့ တိတိကျကျ စွပ်စွဲခံနေရတဲ့ မိုးစက်Y ကိစ္စက အဲလို နိုင်ငံတခုထဲမှာ လူမျိုးစုံ ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်တဲ့ အတွေးအခေါ်အပေါ် ထိပါးတဲ့အရာနဲ့ မသက်ဆိုင်ဘူး၊ အဲဒီ အစ်ရှူး မဟုတ်ဘူး။ မိုးစက်Y အစ်ရှူးက ခရိုနီ ရေပေါ်ဆီတွေနဲ့ တချိန်က တိုင်းပြည်ခေါင်းဆောင်တွေ မရှင်းမရှင်း စီးပွားရေးကနေ အခြေခံနေတာဖြစ်တယ်။ လူမျိုးရေးဘက်ကကြည့်ရင် ခေတ်ကာလကိုက ကုလားတွေရဲ့ စီးပွားရေးနဲ့ ဘာသာရေး၊ လူမျိုးရးကို တဖက်သတ် ချိုးနှိမ်နေတဲ့အချိန် ပေါ်လာတဲ့ အစ်ရှူးဖြစ်တယ်။ တနည်းပြောရရင် ဘက်မမျှဘူး။ လူမျိုးကွဲတာခြင်းအတူ ကုလားကို ဖိမယ်၊ တရုတ်ကို မြှောက်မယ်ဆိုတဲ့ မညီမျှတဲ့ လူသားမဆန်တဲ့ အလေ့အထတွေ ခေါင်းထောင်နေတဲ့အချိန်ဖြစ်တယ်။ တရုတ်မယ်လေးလို့ သတ်မှတ်ခံနေရတဲ့ မိုးစက်Y ရဲ့ အလှအပ၊ အချိုးအဆက်၊ အပြေအပြစ်နဲ့ ဉာဏ်ရည်တွေပေါ် ဆုရွေးချယ်ရေးအဖွဲ့က ကွက်ကွက်ကြည့်ပြီး ရွေးချယ်တာကို အပြစ်မြင်စရာလို့ မထင်ရပေမယ့် သူ့ရဲ့ နောက်ခံအခြေအနေနဲ့ သူနဲ့ ယှဉ်ပြိုင်ဘက်နောက်ခံတွေအပြင် နိုင်ငံရေးအခြေအနေကို မတွက်ဆလိုက်တာက အများဝေဖန်စရာ ဖြစ်နေတာပါ။ မိုးစက်Y ဟာ မိဘ ၂ ပါးလုံး တရုတ် လူမျိုးတွေဆိုပေမယ့် မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ပညာသင် ကြီးပြင်းသူတယောက်ဖြစ်တယ်။ သူဟာ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တယ်။ နှင်းနှင်းခိုင် ကုမ္ပဏီရဲ့ ဗီဗီအချိုရည် ပိုင်ရှင်တွေဆိုတော့ ကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေဖြစ်သလို စစ်တပ်ကြောရိုး ခရိုနီတွေ၊ အသိုင်းအဝိုင်းတွေနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတဲ့ အကျိုးစီးပွားတော့ ရှိနေပါတယ်။

ဒီကနေ့ မိုးစက်ဝိုင်ရဲ့အစ်ရှူးက စစ်အာဏာရှင်ကြီးရဲ့မြေး လူရှေ့ထွက် မင်္ဂလာယူတဲ့ပွဲကနေ အရှိန်ကြီးသွားတာပါ။ အကျိုးစီးပွားနဲ့ ဘက်ရွေးချယ်မှုပေါ်အခြေခံပြီး အများပြည်သူ မကျေနပ်မှုတွေ အရှိန်ကြီးသွားတာပါ။ မိမိတို့ အတ္တအကျိုးစီးပွားသာကြည့်ပြီး ပြည်သူတွေနဲ့ တိုင်းပြည်ကြီးတခုလုံးကို ကျွန်စုတ်တဲ့ သရက်စေ့ လို့ စုတ်ခြာမွဲတေသွားအောင်လုပ်ခဲ့သလို ၂၁ ရာစုအတွင်း မြန်မာနိုင်ငံရဲ့ အမျိုးသားဇာတိမာန်နဲ့ ဂုဏ်သိက္ခာတွေပါ ကျဆင်းသွားအောင်လုပ်ခဲ့တဲ့ တချိန်က စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအသိုင်းအဝိုင်းတွေကို ပြည်သူတွေက ဒီနေ့ထိ မျက်စိစပါးမွှေးစူးနေတုန်းပါ။ ပြီးတော့ ပြည်သူတွေက မွဲတေနေပေမယ့် ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်သယံဇာတတွေကို ဘနဖူးသိုက်တူးခဲ့သူ (သိုက်တူးဖို့ ဆက်လက်ကြံရွယ်ဆဲ) ခရိုနီတွေတွေကိုလည်း ပြည်သူတွေက သူတို့ဥစ္စာ မတရား လုယက်ခိုးဝှက်သူတွေလို့ မကျေမနပ်ဖြစ်နေတာပါ။ ဒီလို ပြည်သူအများစုရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး ရပ်တည်ချက်အမြင်တွေကို ထည့်မတွက်မိလို့ မိုးစက်Y တယောက် သတင်းစာရှင်းပွဲလုပ်ရတဲ့အထိ ဖြစ်သွားတာပါ။

သတိထားကြည့်စရာတခုက မိုးစက်Y ကို ဝန်းရံနေတဲ့ အသိုင်းအဝိုင်း အင်အားစုတွေပါ။ ရေပေါ်ဆီလို့ အများက ခေါ်ဝေါ်ကြတဲ့ တိုင်းပြည်မွဲပြီး သူဌေးဖြစ်နေတဲ့ ဂုဏ်သိက္ခာပဲ့ရွဲ့နေသူတွေက အဲဒီအလှမယ်ကို ချီးမြှောက်နေတာ စဉ်းစားကြည့်ဖို့လိုတယ်။ ဒီအလှမယ်ကို ဘန်းပြပြီး သူတို့ရဲ့စီးပွားရေးအတွက် မဲဆွယ်မယ့် လူမှုရေးအယောင်ပြလှုပ်ရှားမှုတွေမှာ အသုံးချဖို့ သက်သက်ဖြစ်ပါတယ်။ တကယ်လို့ မိုးစက် မဟုတ်ဘဲ တခြားသူတို့ အသိုင်းအဝိုင်းက ဆွယ်လို့ရနိုင်တဲ့ တခြားအလှမယ်တယောက်ဆိုရင်လည်း သူတို့ဘက်ပါအောင် ဆွဲမှာပါပဲ။ အလှမယ်တွေနဲ့ စီးပွားရေး ကင်ပိန်းလုပ်တာ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ နာမည်ကြီးချင်သူတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပဲလေ…။

ကိုကျော်သူလို လူမှုဝန်ထမ်းထူးချွန်သူတယောက်တောင် နန်းခင်ဇေယျာ ကို လူမှုရေးနယ်ပယ်ထဲပါလာအောင် အားထုတ်သေးတာပဲ။ စစ်ခရိုနီအသိုင်းအဝိုင်းတွေက သူတို့ရဲ့ ပဲ့ရွဲ့နေတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆက်ပေးမယ့်သူဟာ မိုးစက်Y ဖြစ်လာလိမ့်မယ်လို့ တွက်ချက်ခဲ့ကြတယ်၊ ဒါကြောင့် ဖုံတက်နေတဲ့ သူတို့ဂုဏ်သိက္ခာကို ပြောင်စင်အောင် ပေါ်လစ်တိုက်ပေးဖို့ သူတို့ အသိုင်းအဝိုင်းထဲက မိုးစက်Y ကို အပြန်အလှန်အနေနဲ့ သိဒ္ဓိတင်ပေးကြတာဖြစ်တယ်။ တကယ်တော့ မိုးစက်Y ဟာ ခရိုနီတွေရဲ့ စီးပွားရေး တည်ကြက်ဆိုတာကိုလည်း သတိပြုမိဖို့လိုပါတယ်။

နောက်တချက်က တိုင်းပြည်ရဲ့ သယံဇာတတွေကို ယခင်အာဏာရှင်တွေ ကောင်းစားစဉ်က သူခိုးဈေးနဲ့ ခပ်ပေါပေါရတုန်း နှစ်ရှည် စာချုပ်တွေချုပ်ပြီး ပေါချောင်ကောင်းအမြတ်ထုတ်နေတဲ့ အိမ်နီးချင်း တရုတ်ကို ပြည်သူတွေ စက်ဆုတ်ရွံရှာမုန်းတီးနေတဲ့ ပြဿနာပါ။ အာဏာရှင်ဟောင်းတွေရဲ့ အမွေခံ ကြံ့ဖွတ်အစိုးရက ကျေးဇူးရှင်တွေလို အကာအကွယ်လုပ်ထားတာကလည်း လူထုဒေါသကို တမြေ့မြေ့ဖြစ်စေပါတယ်။ မြန်မာပြည်စီးပွားရေးတခုလုံးကို မောင်ပိုင်စီးထားသလို၊ ကျင့်ဝတ်တွေပျက်ပြားပြီး စီးပွားရေး၊ နိုင်ငံရေး၊ အမြတ်ထုတ်နေတဲ့ တရုတ်နိုင်ငံကို အကြောင်းပြုပြီး ပြည်တွင်းက တရုတ်အရင်းရှင်တွေကိုပါ မကျေနပ်စိတ်တွေရှိနေတာကို ကျနော်တို့ သတိပြုမိဖို့ လိုပါတယ်။ အဲဒါ ပြည်သူတွေရင်ထဲ တမြေ့မြေ့လောင်နေတဲ့ မီးပွားကြီးတခုပါ။ အဲဒီမီးကို တို့မိရှို့မိရင် ရခိုင်ပြည်က ရိုဟင်ဂျာလူမျိုးဆိုတဲ့ ပဋိပက္ခထက်ဆိုးတဲ့ စစ်မီးကြီး တောက်နိုင်တယ်။

တိုင်းပြည်ကို အထက်အောက် ၂ ခြမ်းခွဲ ဓားလယ်ခုတ်ထားသလို ဂက်စ်ပိုက်လိုင်းတွေနဲ့ ကတုတ်ကျင်းလုပ်ထားတဲ့ တရုတ်တပ်တွေ သူတို့ အကျိုးစီးပွားနဲ့ ချည်းကပ်ဖို့ ကြံ့ဖွတ်အစိုးရက တံခါးဖွင့်ထားပြီးဖြစ်တယ်။ အရင် အစိုးရ ဆင်ခြင်တွေးခေါ်မှုနဲ့၊ ဉာဏ်အမျှော်အမြင်နည်းစွာ ငါးစာဟတ်မိခဲ့လို့ တိုင်းပြည်တခုလုံး တရုတ်ကျွန်ဖြစ်တော့မယ့်ကိန်းကို ပြည်သူတွေက ရှင်းရှင်းကြီး မြင်သွားကြပါပြီ။ ဒါကို မကျေနပ်ကြဘူး။ မိုးစက်Y ကို မကျေနပ်တာထက် တရုတ်တွေ အရာရာကြီးစိုးနေတာကို မနှစ်မြို့တာ၊ တရုတ်က ရေရှည်ရည်မှန်းချက်ထားပြီး ကျွန်ပြုစီမံကိန်းလုပ်နေတာကို မကျေနပ်လို့ မယ်စကြာဝဠာလည်း တရုတ်မဖြစ်သင့်လို့ အော်ကြတာကို သဘောပေါက်အောင် ကြည့်သင့်တယ်။ တရုတ်လူမျိုး မုန်းတီးမှုဆိုတာထက် တရုတ်အစိုးရ၊ တရုတ်နိုင်ငံက မြန်မာပြည်သူတွေအပေါ် မတရားစီးပွားရေး၊ နိုင်ငံရေး အမြတ်ထုတ်မှုကို မကျေနပ်တာဖြစ်တယ်။

တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရရှိရေးလမ်းကြောင့်မှာ အနှောက်အယှက်ကြီးကြီးတွေ ပေးခဲ့တယ်။ ဟိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအပါအဝင် တကမ္ဘာလုံးက ကုလသမဂ္ဂကနေ စစ်အစိုးရကို အရေးယူဖို့ အားကြိုးမာန်တက် ဆောင်ရွက်နေစဉ်မှာ တရုတ်အစိုးရက အထွေထွေညီလာခံမှာ ဗီတိုအာဏာသုံးပြီး အကြိမ်များစွာ ပယ်ချခဲ့တယ်။ မြန်မာ့နိုင်ငံရေးကို စစ်အစိုးရကျောရိုးအဖြစ် ဗြောင်ကျကျစွက်ဖက်ခဲ့တယ်။ သူ့ရဲ့အကျိုးစီးပွားသက်သက်သာကြည့်ပြီး မြန်မာပြည်သူတွေ စီးပွားချို့တဲ့၊ ပညာချို့တဲ့၊ ဒီမိုကရေစီကင်းမဲ့မှုတွေမြင်ပေမယ့် ဂရုမစိုက်တဲ့အထိ လူသားကျင့်ဝတ်ရော၊ အစိုးရကျင့်ဝတ်ပါ ပျက်ခဲ့တယ်။ အနှစ် ၂၀ ကျော် မြန်မာပြည်ကို ရေစုန်မြောနေတာကြည့်ပြီး အမြတ်တွေထုတ်ခဲ့တယ်။

ဒီနေ့ထိ တောင်တွေဖြို၊ တောတွေရှင်း၊ မျိုးရိုးစဉ်ဆက်ထိ သေရာပါ ဒဏ်ရာဒဏ်ချက်တွေရအောင် ကျနော်တို့အိမ်နီးချင်း တရုတ်နိုင်ငံက ပါးပါးလှီးခဲ့တယ်။ ဒီကနေ့ မိုးစက်Y တရုတ်မ ဖြစ်လို့ ဆန့်ကျင်တာထက် တရုတ်လူမျိုးတွေနဲ့ တရုတ်ပြည်က မြန်မာပေါ် မတရားခဲ့တဲ့ အနာဟောင်းတွေ ပြန်ပေါ်တာဖြစ်တယ်။ အနာပေါ် တုတ်ကျသွားတာဖြစ်တယ်။ ဒါဟာ… နိုင်ငံရေးက မြစ်ဖျားခံတဲ့ စီးပွားရေး၊ လူမှုရေး လက်ဝါးကြီးအုပ်မှုကို ပေါက်ကွဲပြနေတာလို့ ရှင်းရှင်းလင်းလင်း မြင်ကြဖို့လိုတယ်။

ကျနော်တို့တတွေက မြန်မာပြည်ဖွား တရုတ်မချောချောလေးတယောက် မြန်မာဂုဏ်ဆောင်ပြီး စင်္ကြာဝဠာမယ်ပြိုင်ပွဲနွှဲမှာကို လက်ခုတ်တီးပါတယ်။ ကြေနပ်ရမှာပါ။ဒါပေမဲ့ရာစုနှစ်ဝက်ကျော်လောက်အကြာ ပထမဆုံးပေါ်လာတဲ့ မြန်မာ့မယ်စင်္ကြာဝဠာဟာ တရုတ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ တရုတ်နိုင်ငံကပါ ကြွားလုံးထုတ်နေတာကို မြန်မာပြည်သူတွေက ခံပြင်းပါတယ်။ တချို့က ဒီနေရာမှာ မြန်မာတိုင်းရင်းသူတယောက်ဖြစ်ရင် ပိုကောင်းမယ်လို့ အယူအဆရှိကြပါတယ်။ မြန်မာမယ်ဟာ တရုတ်လူမျြိုးဖစ်နေတာက တရုတ်ကိုလိုနီနယ်ချဲ့မှုကို သက်သေပြနေသလိုပါပဲ… လို့ ဝေဖန်ကြတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့သြဇာကို ပြသနေတာလို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေအကျိုးစီးပွားအပေါ် မျက်နှာမူသူတွေအနေနဲ့ ပြည်သူတွေခံစားမှုကို နားလည်စာနာပေးရပါ့မယ်။

ဒီတော့ မိုးစက်Y ဘယ်ဘက်ကို ရွေးပြီး ဘယ်လမ်းကို လျှောက်အုံးမလဲဆိုတာပဲ စာင့်ကြည့်ရအုံးမှာပါ။ ပြည်သူတွေကတော့ သူတို့သဘောဆန္ဒတွေကို ရှင်းရှင်းလင်းလင်းပြနေပါပြီ။ သေချာတာက လူပေါင်းမှားနေလို့ အားပေးထောက်ခံမှု လျှော့ကျနေတာပါပဲ။ ဖြူချင်ဖြူ၊ မဖြူချင်မဲဆိုတဲ့ ပြည်သူ့ဘက်နဲ့ ငွေရှင် ဓနရှင်တွေဘက်ဆိုပြီး လွန်ဆွဲနေဆဲဖြစ်တဲ့ ဒီကနေ့ မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်မှာ အလှမယ်လေး လှလှပပ လျှောက်တတ်ဖို့ လိုပါတယ်။ လောဘသားတွေရဲ့ ဒေါက်ဖိနပ်စီးပြီး ကက်ဝပ်ခ် လျှောက်မလား၊ ပြည်သူ့မေတ္တာ ဒေါက်မြင့်စီးပြီးပဲ ကြွကြွရွရွလေးလျှောက်မလားဆိုတာတော့ မိမိရွေးချယ်ခွင့်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဘယ်ဖိနပ်စီးရင် သင့်တော်မယ်၊ ချော်လဲမကျနိုင်ဘူး ဆိုတာ ကိုယ့်ဖာသာပဲ ရွေးချယ်ဆုံးဖြတ်ပါ။ ကျနော်တို့တတွေကတော့ မိုးစက်Y တယောက် မြန်မာပြည်သူတွေရဲ့ နှလုံးသားစင်မြင့်ပေါ်မှာ ဒလိမ့်ခေါက်ကွေး ချော်မလဲစေဘဲ ကက်ဝပ်ခ် လှလှလေးလျှောက်ရင်း ပြည်သူ့မေတ္တာ အလှသရဖူကို ဆွတ်ခူးနိုင်ဖို့သာ မျှော်လင့်နေကြတာပါ…။ ။

ကိုညို (အော်စလို)
(၁၀ အောက်တိုဘာ ၂၀၁၃)

http://www.naytthit.net/2013/10/11/ကက်ဝပ်ခ်-လှလှလေး-လျှောက်/

No comments: