Friday, January 17, 2014

သီတဂူဆရာတော်ဘုရားကြီး ရပ်တည်ချက်က ဘယ်လိုပါလည်း။

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရအနေဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း “ဧကရာဇ်မင်းကြီးရဲ့ ဘ၀နိဂုံး” “ရာဇောဝါဒ“ “လူမိုက်တို့  သွားရာလမ်း“ အစရှိသည့် တရားတော်များကို ချီးမြှင့် ဟောကြားတော်မူခဲ့ရာ အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာ ကျောကော့ခံနေခဲ့ကြရသော ပြည်သူလူထုအနေဖြင့် များစွာ နှစ်ခြိုက်ကာ ဆရာတော်ဘုရားကြီးအား ရိုသေလေးစား ကိုးကွယ်မှု ပိုမိုခဲ့ကြပေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းကာလတွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် နောက်ပေါက် အာဏာရှင်ဗိုလ်ချူပ်ကြီးများလက်ထက်တွင် ပိုမိုရင်းနှီင်္းစွာ ကိုးကွယ်မှုရရှိကာ ကမ္ဘာ့ဗုဒ္ဒဘာသာညီလာခံသို့  တက်ရောက်ခွင့်ရရှိခဲ့သည့် အခွင့်အရေးများ၊ သာသနာတော်ဆိုင်ရာ ချီးမြှင့်ခံရမှုများ၊ သမ္မတ သိန်းစိန်၏ ဆုချီးမြှင့်ခြင်း ခံရမှုများ၊ ဗုဒ္ဒသာသနာဖျက် ဘာသာရေး လူမျိုးရေး ပဋိပက္ခဖန်တီးသူ ၀ီရသူအား အင်းစိန်ထောင်တွင်း တွေ့ ဆုံမှုမှ တပည့်မွေးခဲ့မှုများ၊ နိုင်ငံတကာရောက် တရားပွဲများအတွင်း နိုင်ငံတစ်နိုင်ငံတွင် လက်သီးမြှောက်တန်း၍ ဒါမျိုးသာ (ဆန္ဒပြတာ) မလုပ်နဲ့  မြန်မာပြည်ကို ပြန်လာရင် တာဝန်ယူသည်ဟု မိန်ကြားခဲ့မှုများအပေါ် မြန်မာပြည်သူလူထုမှ သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရအနေဖြင့် ပြောင်းလဲသွားပြီလားဟု သံသယဖြစ်စရာ ဖြစ်ခဲ့ပေသည်။

သို့ သော်လည်း တစ်ဘက်တွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရအနေဖြင့် ကျန်းမာရေး လူမှုရေး ဘာသာရေးတို့ တွင် ကြိုးပမ်းဆောင်ရွက်မှုများမှာ နတ်လူသာဓုခေါ်ဆိုထိုက်သည့် ဆောင်ရွက်မှုများမှာ အများပြည်သူလူထုမှ အသိအမှတ်ပြု ရိုသေလေးစား ကိုးကွယ်ဖွယ်ရာ ဆရာတော်ကြီး ဖြစ်ပေသည်။

ယခုနှစ် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အပါအ၀င် နောင်နှစ်များသည် မြန်မာနိုင်ငံ နိုင်ငံအတွက် ရဟန်းရှင်လူပြည်သူလူထုအတွက် အင်မတန်အရေးကြီးသော အချိန်ကာလ ဖြစ်ပေသည်။ ဤကဲ့သို့ သော အချိန်ကာလမျိုးတွင် ပေါ်ထွက်လာခဲ့သော “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာသနာ မှေးမှိန်စရာရှိသည်ဟု” သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ မိန့် ကြားခဲ့သည်ဟု ထွက်ပေါ်လာခြင်းသည် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရအနေဖြင့် အဖြူအမဲ သဲသဲကွဲကွဲ ဖြစ်စေရန် ရဟန်းရှင်လူပြည်သူလူထု သိသာစေရန် ပြန်လည်ဖြေရှင်းမိန့် ကြားပေးရန် သင့်တော်သည့်အတူ သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ၏ ရပ်တည်ချက်အား တိတိကျကျဖြစ်ရန် ရှင်းလင်းပေးတော်မူပါရန် လျှောက်ထားအပ်ပါသည်။





No comments: