Tuesday, January 21, 2014

အရပ်သားပညာရေး စစ်တပ်ပညာရေး ဗိုလ်ချူပ်သားသမီးများပညာရေး ….. အနာဂါတ် မြန်မာနိုင်ငံအရေး ….. ။

အရပ်သားပညာရေး စစ်တပ်ပညာရေး ဗိုလ်ချူပ်သားသမီးများပညာရေး ….. အနာဂါတ် မြန်မာနိုင်ငံအရေး ….. ။

စစ်တပ်အင်အားကြီးထွားရေးအတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအထဲက ပညာရေးနဲ့ ပတ်သက်လို့  စစ်ဗိုလ်လောင်းများရဲ့  ပညာသင်ကြားရေး ဘယ်လို အခွင့်အရေးတွေ အပြည့်အ၀ ပေးသလည်းဆိုတာကို မြန်မာပြည်သူပြည်သားတွေရဲ့  သာမန်ပညာသင်ကြားရေးနဲ့  ဘယ်လိုကွာခြားသလည်းဆိုတာ သိမြင်နိုင်အောင်လို့ ပါ။

တိုင်းပြည်နဲ့  လူမျိုး နိုင်ငံအကျိုး ပြည်သူ့ အကျိုးအတွက် အမှန်တကယ်လိုလားတယ်ဆိုရင် တူညီသော ပညာသင်ကြားရေးစနစ် မူဝါဒနဲ့  အခွင့်အရေး ရပိုင်ခွင့်တွေဟာ ပညာသင်ကြားသူ မည်သည့် ကျောင်းသူကျောင်းသားအတွက်မဆို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာရှင်က ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ပြီးအချိန်က စလို့  စစ်တပ်ရဲ့ ပညာရေးနဲ့  အရပ်သားပညာရေးတို့ ဟာ မိုးနဲ့  မြေကွာခြားအောင် လုပ်ခဲ့တာဟာ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများရဲ့  ရေရှည်စီမံကိန်းတွေနဲ့  ဦးနှောက်တွေ အရည်အချင်းတွေ အခွင့်အရေးတွေ ခွဲခြားလိုက်ပြီး ပြည်သူ့ ရင်သွေး ကျောင်းသးကျောင်းသားများရဲ့  အနာဂါတ်ကို အမှုန့် ကြေတဲ့အထိ ချိုးဖဲ့ဖျက်ဆီးခြင်းသာ ဖြစ်ပါတော့တယ်။

အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများက ၄င်းတို့  စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးအတွက် အမိန့် အာဏာ စည်းမျဉ်းစည်းကမ်း အခွင့်အရေးများနဲ့  တည်ဆောက်ယူပြီး အနာဂါတ် စစ်အာဏာရှင်ပေါက်စသစ်များကို ပိုးမွေးသလို လိုလေသေးမရှိသော ပြည့်စုံမှုများနဲ့  ထောက်ပံ့ပြီး မွေးထုတ်နေတယ်ဆိုတာ တွေ့ မြင်ရမှာပါ။ ဒီလို အခွင့်အထူးစံပြီး မွေးထုတ်ခြင်းခံရတဲ့သူများဟာလည်း တိုင်းပြည်နဲ့  လူမျိုးအတွက်ဆိုတာထက် အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများရဲ့  ပုံသဏ္ဍန်ခွက်ထဲက ပုံရုပ်လို သွေးထားတိုက်ထားတဲ့ ကျောက်ရုပ်သံရုပ်လို တိုင်းတာရေးဆွဲထားတဲ့ အရုပ်လို ဖြစ်ကြရပြီး အာဏာရှင်စနစ်ကို ပုံဆက်ဖေါ်နေတဲ့ စစ်အုပ်ချူပ်မှုယန္တယားအောက်ထဲမှာသာ ရောက်ရှိသွားကြပါတယ်။

နိုင်ငံတော်အတွက် တပ်မတော်ရဲ့  အင်အား တပ်မတော်ရဲ့  စွမ်းပကားတွေကို အရည်အချင်းပြည့်မှီစွာနဲ့  တင်ထိုက်လို့  တင်တယ်ဆိုရင်လည်း အရပ်ဘက်က စီမံမှု အုပ်ချူပ်မှု တရားရေး ကျန်းမာရေး လူမှုဖူလုံရေး အစရှိတဲ့ တိုင်းပြည်အင်အား ပြည်သူ့ ဝန်ထမ်း စွမ်းပကားတွေ အရည်အချင်မြင့်မားဖို့  အခြေခံအုတ်မြစ်ဖြစ်တဲ့ ပြည်သူ့ ပညာရေးကိုလည်း တန်းတူညီတူ ဆောင်ရွက်ပေးသင့်တယ် ဆောင်ရွက်ပေးရမယ် အခွင့်အရေးတွေကိုလည်း သာတူညီမျှ ပံ့ပိုးထောက်ပံ့ပေးအပ်သင့်တယ် ပေးအပ်ရမယ်ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ကြတဲ့ အစိုးရရဲ့  အဓိကတာဝန်ဆိုတာ မဟုတ်ပါလား။

နှစ်ပေါင်းမြောက်မြားစွာ ဖြစ်ပျက်နေတာကတော့ ကျောသားရင်သား ခွဲခြားပြီး ဦးနှောက်အရည်အချင်းတွေ ဘ၀မြင့်မားမှုတွေ ကွာခြားသွားအောင် ပညာရေး သင်ကြားမှု အဆင့်အတန်းကို ခွဲခြားနေတဲ့ အာဏာရှင်တို့ ရဲ့  ပြည်သူအပေါ်မှာ ထားရှိတဲ့ သဘောထားဟာ ဘာလည်းဆိုတာ သက်သေပါဘဲ။

ဒီလို အခွင့်အရေးတွေ ပေးပြီး မွေးထုတ်နေတဲ့ သူတို့ ရဲ့  သွေးသားအလောင်းအလျာများကို ရည်ညွှန်းပြီး ပြောဆိုထားတဲ့ ဆောင်ပုဒ်တွေကိုဘဲ ကြည့်ရင်ဘဲ “နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်” “ကျင့်ဝတ်တီထွင် စွမ်းအားရှင်” အစရှိတဲ့ဟာတွေက အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများရဲ့  အနာဂါတ်အိမ်မက်တွေဆိုတာနဲ့  အဲ့ဒီ အိမ်မက်တွေကို အကောင်အထည်ဖေါ်နေတယ်ဆိုတာ ရှင်းနေပါတယ်။

သာမန်ပြည်သူလူထုရဲ့  ရင်သွေးငယ်တွေအတွက်ကတော့ - မကြာခဏ စမ်းသပ်ပြောင်းလဲသလိုနဲ့  မတည်ငြိမ်သော ပညာရေးစနစ်တွေကို တစ်ခုပြီး တစ်ခု ပြောင်းလဲကျင့်သုံးလိုက်၊ ဝေးလံလွန်းလှတဲ့ နေရာဒေသတွေမှာ အခက်အခဲပေါင်း မြောက်မြားစွာ ကြုံတွေ့ စေတဲ့ ပညာပေးသင်မှုများ၊ အပျော်အပါး မက်မောတပ်မက်မှုများနဲ့  ပညာရေးရည်မှန်းချက်တွေ ပပျောက်သွားအောင် ပညာမပြည့်စုံ ကြင်ဖေါ်သာ စုံသွားစေတဲ့ အတုအယောင် အခွင့်အရေးများ ဖန်တီးထားမှုများ၊ စာရိတ္တပျက်ယွင်းမှုများ ဖြစ်ပေါ်ပြီး ပညာမတတ် ဆေးချတတ်စေတဲ့ အနေအထားမျိုးရောက်ရှိ ပညာရှင် မဖြစ် ဘာဘာညာညာရှင် ဖြစ်သွားစေအောင် ကျောင်းသူကျောင်းသားထုအတွင်း အဖျက်အဆီးများ ထည့်သွင်းဖန်တီးခြင်း၊ စာပေစာလုံးနဲ့ သာ ပြီးနေစေပြီး လက်တွေ့ အတတ် လေ့ကျင့်မှုအတတ်များ မရှိစေရန် ပညာရေးအထောက်အကူပြု ပစ္စည်းကိရိယာများ မဖြည့်ဆီးပေးထားခြင်း အစရှိတဲ့ ယုတ်မာသော တဖြေးဖြေး ဆေးထိုးသတ်သည့် ပညာရေးစနစ်ကိုသာ သင်ယူနေရပါတော့တယ်။

အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများရဲ့  ပညာရေးခွဲခြားဆောင်ရွက်မှုဟာ အာဏာရှင်နေ၀င်းလက်ထက်က စလို့  သန်းရွှေလက်ထက်တွေမှာထက် ယခုလက်ရှိ သိန်းစိန်တို့  အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများ လက်ထက်မှာ ပိုပြီးတိုးလို့ သာလာတယ်ဆိုတာ စစ်တက္ကသိုလ်အမျိုးအစားပေါင်းနဲ့  စစ်တက္ကသိုလ်အရေအတွက်ပေါင်း ဘယ်လောက် တိုးပွားလာတယ်ဆိုတာ ကြည့်ရင် လက်တွေ့ သက်သေပါဘဲ။

မိုးပေါ် နတ်ပြည်မှာ ကျောင်းတော်ကြီးနဲ့  မြေကြီးအောက် ငရဲပြည်က ကျောင်းစုတ်ကြီးမှာ ပညာသင်ကြားနေရတဲ့ ပညာရေးအဆင့်အတန်းကြီး ကွာခြားလှတယ်ဆိုတာ တွေးကြည့်ရင် ပြည်သူ့ ရင်သွေးတွေ အနာဂါတ်အတွက် အာဏာရှင်စနစ်ကြီးရယ် အာဏာရှင်တွေရယ် မရှိတော့မှသာ ဖြစ်မယ်ဆိုတာ တိတိကျကျ သုံးသပ်မိဖို့ ပါဘဲ။

ပြည်သူ့  ကျောင်းသူကျောင်းသားများက ပညာရေးအတွက် ရင်လေးနေရပြီး ငိုကြွေးနေရပြီး၊ စစ်တက္ကသိုလ်တွေက စစ်ဗိုလ်လောင်းတွေကတော့ အိမ်မက်လှလှလေးတွေနဲ့  ပျော်ပျော်ရွှင်ရွှင်နေရတာကို အဆိုပါ တိုင်းပြည်နဲ့  လူမျိုးအတွက် မနက်ပိုင်း နေ့ စဉ် တန်းစီတိုင်းနဲ့  စားသောက်ချိန်တိုင်းမှာ သစ္စာဆိုနေကြရတဲ့ စစ်သည်တော် ဗိုလ်လောင်းများကရော ကိုယ်ချင်းစာတရားများ ရှိကြရဲ့ လား တွေးရောတွေးမိကြရဲ့ လား ရင်တွင်းက စကားလေးများရော ထုတ်ဖေါ်ပြောဖြစ်ကြရဲ့ လားဆိုတာ သိချင်နေမိပါတယ်။ ပြည်သူ့ ရင်သွေး သာမန်ကျောင်းသူကျောင်းသားတွေဘဲဖြစ်ဖြစ် စစ်တက္ကသိုလ်က စစ်ကျောင်းသားကျောင်းသူတွေဘဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွင်းမှာ ကွဲကွဲပြားပြား ရှိနေသလို တစ်ဘက်မှာလည်း အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများရဲ့  သွေးရင်းသားရင်း သားသမီး တူရင်းတူမရင်း ဆွေမျိုးသားရင်းတွေကတော့ နိုင်ငံရပ်ခြားက ကမ္ဘာကျော် ကျောင်းတော်ကြီးတွေမှာ ငွေကို အလျှံပယ်သုံးစွဲပြီး ပြည်သူလူထုနဲ့  စစ်ဗိုလ်အနုအပျိုတွေအပေါ်မှာ ဂုတ်ပိုးပေါ် ခွထိုင်ပြီး လိုရာအတိုင်း အုပ်ချုပ်နိုင်ဖို့  ပညာသင်ကြားနေကြတယ်ဆိုတာကိုလည်း မမေ့မလျော့ကြဖို့ ပါ။

အရပ်သားပညာရေး စစ်တပ်ပညာရေး ဗိုလ်ချူပ်သားသမီးများပညာရေး ….. အနာဂါတ် မြန်မာနိုင်ငံအရေး ….. ။


No comments: