Sunday, November 30, 2014

စစ်သည်တော်များ အားလုံးသို့  ... ။

စစ်သည်တော်များ အားလုံးသို့  ... ။
 
လာမယ့် ဒီဇင်ဘာလ (၇) ရက်နေ့  နေ့ လည် ၂ နာရီကျရင် သူရဲကောင်းစစ်သည်ဗိမာန်မှာ နိုင်ငံတော် ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးအတွက် တာဝန်ထမ်းရင်း အသက် စွန့်ခဲ့ရတဲ့ စစ်သည်တော်များကို ရည်စူးပြီး လွမ်းသူ့ ပန်းခွေချမယ်ဆိုတဲ့ အစီအစဉ် ဖိတ်စာတွေ တပ်မတော်သားတွေရဲ့  အတွင်းမှာ ပြန့် နှံ့ လို့ နေပါတယ်။
 
တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အသက်တွေပေးပြီး စွန့် လွှတ်အနစ်နာခံသွားကြတဲ့ အညတရစစ်သည်တော်တွေအတွက် ဂုဏ်ပြုမှုတွေ ရှိသင့်ပါတယ်၊ ပေါ်ပေါက်သင့်ပါတယ်၊ သမိုင်းကမ္ဗည်းတင်သင့်တယ်ဆိုတာ လုပ်ဆောင်သင့်တဲ့ အလုပ်လို့  သတ်မှတ်ပါတယ်။ ဒီလိုဂုဏ်ပြုကမ္ဗည်းတင်တာအပြင် ကျန်ရစ်ခဲ့ကြသော အညတရစစ်သည်တော်များရဲ့  မိသားစုများနဲ့  ကိုယ်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ကြတဲ့ အညတရစစ်သည်တော်များရဲ့  ဘ၀ရပ်တည်ရေးအတွက်ကိုပါ အာမခံတဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သင့်ပါတယ်။

သို့ သော် အညတရစစ်သည်တော်တွေ ဆင်နွဲနေတဲ့ စစ်တွေဟာ တရားမျှတမှု ရှိမရှိ၊ ဆင်နွဲတဲ့ စစ်ဟာ မည်သည့်အကျိုးစီးပွား မည်သူ့ အကျိုးစီးပွားအတွက်လည်းဆိုတာကို သုံးသပ်သင့်ပါတယ်။ တစ်မြေထဲနေ တစ်ရေတည်းသောက် သွေးရင်းသားရင်း တိုင်းရင်းသားညီအကိုမောင်နှမချင်း အပြန်အလှန် သွေးချောင်းစီးနေကြရတဲ့ ပြည်တွင်းစစ် မတရားစစ်တွေ နှစ်ပေါင်းများစွာ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေ လက်ထက်မှာ ပေါ်ပေါက်နေတာကြောင့် အညတရစစ်သည်တော်ပေါင်းမြောက်မြားစွာ ဆုံးရှုံးခဲ့ကြရသလို ကျန်ရစ်သူမိသားစုတွေလည်း ကိုယ့်ဘ၀ ကိုယ်တိုင်သာ ရုန်းကန်လှုပ်ရှားကြရတာ မနည်းလှပါဖူး။ ထို့ အတူ တစ်ဘက်သော စစ်ပွဲအတွင်း အသက်လုပြီး တိုက်ပွဲဆင်နွဲရင်း အသက်ဆုံးရှုံးကြရသူ မိသားစုသေကွဲကွဲကြရသူ ဘ၀တွေ ပျက်ဆီးကြရသူများလည်း ထပ်တူထပ်မျှပါဘဲ။
 
တကယ်တမ်းမှာ တိုင်းပြည်ရဲ့  စနစ်ဆိုးအောက်မှာ အာဏာဆုပ်ကိုင်မက်မောနေကြတဲ့ ကိုယ်ကျိုးစီးပွား ကြွယ်ဝချမ်းသာရေးကိုသာ တစ်ဘို့ ထဲကြည့်ကြတဲ့ အာဏာရှင်ကြီးတွေလက်အောက်မှာ မြေစာပင်အဖြစ် ချကျွေးထိုးကျွေးခံရတဲ့ ဘ၀တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မဟုတ်ဘဲ လက်တစ်ဆုပ်စာလူတစ်စုအတွက်သာ ဖြစ်နေရတာ အင်မတန်မှ ကြေကွဲဝမ်းနည်းစရာပါ။ တိုင်းပြည်အတွက် ပြည်ပရန်ကာကွယ်ရေးမှာ အားကိုးအားထားကြရမယ့် သားကောင်းဇာနည်တွေ တိုင်းပြည်ကို ပြည်ပရန်က မကာကွယ်ရဘဲ အာဏာရှင် ဗိုလ်ချူပ်ကြီးများ အကျိုးစီးပွား အသက်စည်းစိမ်ကို အကာအကွယ်ပေး ပြုစုစောင့်ရှောက်နေရတဲ့ ယခုလိုအနေအထား အခြေအနေ အဖြစ်မှန်တွေကို သိစေလိုချင်တဲ့ စိတ်နဲ့  ဝေဖန်သုံးသပ် ထောက်ပြပြောဆိုနေရတာဟာ အညတရစစ်သည်တော်တွေရဲ့  တန်ဖိုးရှိလှတဲ့ အသက်တွေ ထပ်မံမဆုံးရှုံးစေချင်သလို၊ တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့  ဘ၀တွေကို မပျက်စီးစေချင်လို့  ပြောဆိုနေရတာသာ ဖြစ်ပြီး တပ်မတော်က အောက်ခြေအကြပ်တပ်သား အရာရှိအရာခံတွေအပေါ် မုန်းတီးစိတ် မရှိကြဖူး၊ တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော် ဂုဏ်သိက္ခာတရားရှိတဲ့ တပ်မတော်ဖြစ်စေချင်တာပါ။ တိုင်းရင်းသားညီအကိုမောင်နှမတွေ ချစ်ခင်စွာ လက်တွဲကြပြီး တိုင်းပြည်ရဲ့  ပြည်ပရန်ကို ကာကွယ်တွန်းလှန်နိုင်တဲ့ ပြည်ထောင်စုတပ်မတော်ကြီး ဖြစ်စေချင်တာပါ။
 
ဒီအတွက် ပြည်တွင်းစစ်တွေ ရပ်စဲကွယ်ပျောက်ရေးကို ဦးတည်တဲ့၊ ပဋိပက္ခဖန်တီးမှုတွေ ကင်းမဲ့မယ့်၊ မုန်းတီးမှု အာဃာတတွေ ကင်းစင်တဲ့၊ တိုင်းရင်းသားညီအကိုမောင်နှမတွေအချင်းချင်း စည်းလုံးညီညွတ်စေမယ့်၊ စစ်မှန်သော ငြိမ်းချမ်းရေးနဲ့  တရားမျှတမှုရှိသော နိုင်ငံသားအားလုံးရဲ့  အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အ၀ ကာကွယ်စောင့်ရှောက်နိုင်မယ့် ခေတ်စနစ်ကောင်းသို့ ဦးတည်စေမယ့် လွမ်းသူ့ ပန်းခွေချ ဆုတောင်းမှုကို ပြုလုပ်နိုင်ပါစေလို့  တိုက်တွန်းလိုပါတယ်။
 
- အသက်ခန္ဓာကိုယ် ပေးလှူခဲ့ကြတဲ့ တပ်မတော်သားများနဲ့  တိုင်းရင်းသားညီအကိုမောင်နှမများ ကောင်းမွန်ရာ ဘုံဘ၀သို့  ရောက်ရှိကြပါစေ။
 
- ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ကြရတဲ့ စစ်သည်တော်အပေါင်း ခေတ်ဆိုး စနစ်ဆိုး မင်းဆိုးလက်အောက်မှ ဘ၀အဆက်ဆက် လွတ်မြောက်နိုင်ကြပါစေလို့  ဆုတောင်းအပ်ပါတယ်၊ လွမ်းဆွတ်ကြေကွဲရပါတယ်၊ ဂုဏ်ပြုဦးညွှတ်အပ်ပါတယ်။
 
ဒီဇင်ဘာလ (၇) ရက်နေ့  နေ့ လည် ၂ နာရီကျရင် သူရဲကောင်းစစ်သည်ဗိမာန်မှာ ကျင်းပပြုလုပ်မယ့် လွမ်းသူ့ ပန်းခွေချမှုဟာ အသက်ပေးဆပ်ခဲ့ကြသော တပ်မတော်မှ စစ်သည်တော်အပေါင်းနှင့်တစ်ကွ တိုင်းရင်းသားညီအကိုမောင်နှမ စစ်သည်တော်များ အားလုံးအတွက်ပါ ရည်စူးပြီး လွတ်ဆွတ်တမ်းတ ဆုတောင်း ဂုဏ်ပြုခြင်း ဖြစ်ပါစေသား။
 
မြန်မာပြည်သူပြည်သားအားလုံး အာဏာရှင်စနစ်နှင့် အာဏာရှင်ကြီးများ လက်အောက်မှ အမြန် လွတ်မြောက်ကြပါစေ ..... ။
 
 
 

No comments: