Thursday, January 22, 2015

အမိမြန်မာပြည်နဲ့  ပြည်သူ့ မျိုးဆက်သစ်တို့ အတွက် ကိုယ်ခေတ် ကိုယ့်အချိန်မှာ ကြိုးစားပေးကြပါ။

မန္တလေးနဲ့  ထားဝယ်ကျောင်းသူကျောင်းသားတွေကတော့ သမိုင်းပေးတာဝန်ကို ပုခုံးထမ်းပြီး ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်နေကြပြီ၊ အခြား မြို့ ရွာတွေက ကျောင်းသူကျောင်းသားတွေကရော ... ။

နိုင်ငံတစ်နိုင်ငံ အထူးသဖြင့် အာဏာရှင်လက်အောက်ကို နှစ်ပေါင်း ၅၀ ကျော် ကျရောက်နေရတဲ့ မြန်မာနိုင်ငံမှာ သမိုင်းခေတ်အဆက်ဆက်ကို ကြည့်ရင် ရှေ့ ဆုံးကနေ ရဲရဲဝန့် ဝန့်  စတင်ဦးဆောင်ခဲ့ကြတာ ကျောင်းသူကျောင်းသားတွေပါ။

ကျောင်းသူကျောင်းသားတွေဆိုတာ အနာဂတ်တိုင်းပြည်အတွက် ခေါင်းဆောင်လောင်းတွေပါ။ ပြည်သူ့ ရင်သွေးတွေပါ။ စာသင်ခန်းတွေထဲမှာ အေးချမ်းသာယာစွာ ငြိမ်းချမ်းစွာနဲ့  ဘ၀ပန်းတိုင်အတွက် ကြိုးစားပန်းစား စာပေအသိပညာ အတတ်ပညာတွေကို သင်ကြားနေချင်ကြပေမယ့် တိုင်းပြည်နဲ့  လူမျိုး ဆင်းရဲတွင်းထဲ နစ်နေရတာ၊ မတရားဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေတဲ့အခါ၊ အရည်အသွေးညံ့ဖြင်းတဲ့ ပညာရေးစနစ်တွေအောက် သင်ကြားနေရတဲ့အခါ၊ လုံလောက်တဲ့ ပညာရေးအထောက်အကူပြုပစ္စည်းကိရိယာတွေကို ပံ့ပိုးမှု မရှိတဲ့အခါ၊ ပညာရေးအသုံးစရိတ်တွေကို နိုင်ငံ့အသုံးစရိတ်ထဲမှာ နည်းပါးတဲ့အခါ၊ ကျောင်းသူကျောင်းသားတွေရဲ့  တန်ဖိုးကို နားမလည် မလေးစားတဲ့ တိုင်းပြည်အုပ်ချုပ်သူတို့ ရဲ့  လစ်လျူရှုခြင်းကို ခံရတဲ့အခါ၊ ကျောင်းသူကျောင်းသားတွေအပေါ် ရင်သွေးပမာ စောင့်ရှောက်ရမယ့်အစား ရန်သူသဖွယ်ဆက်ဆံခြင်း ခံရတဲ့အခါတွေမှာတော့ ခေတ်အဆက်ဆက်မှာ ပြည်သူ့ ရင်သွေးတွေ အနာဂတ်ပညာရေးအတွက်တင်သာမက တိုင်းပြည်ရဲ့  အနာဂတ်အတွက်ပါ စာသင်ခန်းပြင်ပကို ထွက်ရှိလို့  တိုက်ပွဲဝင်တောင်းဆိုကြရတာ အင်မတန်မြင့်မြတ်တဲ့ ကိုယ်ကျိုးထက် အများအကျိုးကို တာဝန်သိသိ သယ်ပိုးဆောင်ရွက်တာမို့  များစွာဂုဏ်ယူရတဲ့ လုပ်ရပ်ပါ။

ကျောင်းသားစိတ်ဓါတ်ဆိုတာ မတရားမှုကို ခေါင်းငုံ့ မခံတဲ့၊ ပြည်သူလူထုအတွက် မားမားမတ်ရပ်တည်တဲ့ စိတ်ဓါတ်ကို ကျောင်းသားစိတ်ဓါတ်လို့  ခေါ်ဆိုသတ်မှတ်ခဲ့တာပါ။

သမိုင်းတစ်ခေတ်လမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းနေကြတဲ့ ဒီကျောင်းသူကျောင်းသားတွေကို အားဖြည့်ပေးကြပါ၊ ကာကွယ်စောင့်ရှောက်ပေးကြပါ၊ အောင်မြင်မှုပန်းတိုင်ရောက်ရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါ။

အိမ်တိုင်းမှာ ကျောင်းသားရှိပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့  အနာဂတ်လှပမှ တိုင်းပြည်လှပပါမယ်။

မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက်ရဲ့  ပြောစကားတစ်ခွန်းရှိပါတယ် - တပ်ဦးက ကျောင်းသားတွေနဲ့  ဗုဒ္ဓမြတ်စွာဘုရားရဲ့  သားတော်တွေ၊ တပ်မတ်ေသားတွေရဲ့  တစ်ပြိုင်တည်း ပူးပေါင်းလက်တွဲကြရင် (သား သုံးသား ညီရင်) အမိမြန်မာပြည် လွတ်လပ်ပြီ ဆိုတာပါ။

ဒီ သား သုံးသားထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံ ပါဝင်ပါတယ်။

မိမိနဲ့  မဆိုင်ဖူးဆိုပြီး ရပ်ကြည့်နေကြမယ်ဆိုရင်တော့ အမိမြန်မာပြည်ဟာ ဒီထက် ပိုဆိုးတဲ့ အခြေအနေတွေကို နောင်နှစ်ပေါင်းများစွာ ပြည်သူ့ မျိုးဆက်သစ်တွေ အဆိုးဆုံး ထပ်ခံရပါလိမ့်မယ်။

ရှေ့ က ပေးဆပ်နေသူတွေ ပေါ်ပေါက်နေချိန်မှာ ကျရာနေရာကနေ လက်တွေ့ ကျကျ အားဖြည့်ပေးကြပါလို့  ... ။




No comments: