Sunday, February 15, 2015

အထက်အမိန့် အရ။

အထက်အမိန့် အရ။

ကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်နဲ့ ခွဲတော့
သနားစိတ် မရှိဘူးလားမေးမိတယ်
အထက်အမိန့် အရ ... တဲ့။

အလံကိုင် ကျောင်းသားလေးတွေကို သေနတ်နဲ့ စိမ်ပြေနပြေ ပစ်တော့
ညှာတာစိတ် မရှိဘူးလားလို့ မေးမိတယ်။
အထက်အမိန့် အရ ... တဲ့။

ဒီပဲယင်းမှာ စွမ်းအားရှင်တဖြစ်လဲ ဝါးရင်းဒုတ်နဲ့ အသေရိုက်စဉ်က
စာနာစိတ် မရှိဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

ရွှေဝါရောင်မှာ ဝါဝါမြင်တိုင်း မောင်းခလုတ် ဖြုတ်ခဲ့စဉ်က
ဘာသာတရား မသိဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

သင်္ကန်းကိုချွတ် ခေါင်းပေါ် စစ်ဖိနပ်နဲ့ နင်း ညှင်းပန်းစဉ်က
ရိုသေရကောင်းမှန်း မသိဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

ကချင်ရွာမှာ
ရှမ်းရွာမှာ
ကရင်ရွာမှာ
ကျေးရွာမီးရှို့ ရွာလုံးကျွတ် မြေလှန်တော့
ပြည်ထောင်စုစိတ် မရှိဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

ညသန်းခေါင်ယံ သံဃာတွေကို မီးဗုံးနဲ့ ပစ်
ငရဲမကြောက်ဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

တိုင်းရင်းသားစုံတဲ့ စစ်သင်တန်းကို အမြောက်နဲ့ ထုစဉ်က
ကျင့်ဝတ်သိက္ခာ မရှိဘူးလား မေးမိတယ်
အထက်အမိန့် အရ ... တဲ့။

ကိုဖုန်းမော် မဝင်းမော်ဦး ကိုပါကြီး ဒေါ်ခင်ဝင်း စတဲ့ စတဲ့
ပြည်သူတွေရဲ့ သွေးဝိညာဉ်တွေက တရားမျှတမှုကို မေးတော့
အထက်အမိန့် အရ ... တဲ့။

အထက်အမိန့် အရ ...
သင်တို့ ရင်ဝ ကျည်ခ တဲ့ အခါ
သင်တို့ ခြေလက် ပြတ်တဲ့အခါ
သင်တို့ မိသားစု ပျက်စီးတဲ့ အခါ
သင်တို့ မျိုးဆက် ဒုက္ခရောက်တဲ့အခါ
သင်တို့ သားသမီး ဘဝပျက်တဲ့အခါ

အထက်အမိန့်ကို ပူဇော်ပါလေ
အထက်အမိန့်ကို ကိုးကွယ်ပါလေ
အထက်အမိန့်ကို တောင်းဆိုပါလေ

အထက်အမိန့်ထံက
သနားမှု
ညှာတာမှု
စာနာမှု
တွေနဲ့

အထက်အမိန့်ဘုံမှာ
R.I.P ပါ။

(မင်းစိုးနိုင်)။



No comments: