Monday, March 16, 2015

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  သမိုင်းဝင်နေ့ ရက်တစ်ရက်ဖြစ်တဲ့ မတ်လ (၁၆) ရက်နေ့  - တံတားနီနေ့  အထိမ်းအမှတ်အတွက် ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့  သမိုင်းဝင်နေ့ ရက်တစ်ရက်ဖြစ်တဲ့ မတ်လ (၁၆) ရက်နေ့  - တံတားနီနေ့  အထိမ်းအမှတ်အတွက် ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။

ဒီကဗျာကို ရေးသားခဲ့သူကတော့ ဖမ်းဆီးခံနေရတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးသပိတ်မှောက်ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ပါ။ ၂၀၁၁ ခုနှန်တုန်းက ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ဂုဏ်ပြုတဲ့အနေနဲ့  သူ့ ရဲ့  ကဗျာကို ယနေ့  ကျရောက်တဲ့ မတ်လ ၁၆ ရက်နေ့  - တံတားနီနေ့ မှာ ပြန်လည်ဖော်ပြလိုက်ရပါတယ်။

“ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား”

ဒို့ ဗမာလွတ်လပ်ရေးအတွက်

မတရားမှုကို ငုံ့ မခံတတ်တဲ့

ရန်ကုန်တက္ကသိုလ်ဆီက

အိုးဝေသံတွေကြောင့်

နေမ၀င်သခင်တွေခမျာ

အင်္ဂလန်ကို ဘင်သံနဲ့ ပြန်ပြေးခဲ့ရဘူးတယ်။

ဒါတင်မကသေးပါဘူး

လွတ်လပ်ပြီး ဗမာ့သမိုင်းတလျှောက်မှာ

ဗကသဒေါင်းဇာနည်တွေ ရဲရဲတောက်လိုက်ပုံများ

တရားမျှတခြင်းအတွက်

ပြည်သူတွေရှေ့ မားမားရပ်လို့ 

ရန်ကုန်တက္ကသိုလ်ဝင်းထဲက

ရှေ့ တန်းမှာတောင် မသုံးရသေးတဲ့

ဂျီသရီးရိုင်ဖယ်သံနဲ့ 

စစ်အာဏာရှင်စနစ် လာပြီဟေ့လို့ 

တစ်တိုင်းပြည်လုံးကို စိန်ခေါ်ခဲ့တဲ့

စစ်ဘီလူးတွေကြား

ခွပ်ဒေါင်းသွေးတွေ ရဲခဲ့ဘူးတယ်။

၇ ဇူလိုင် …..

တံတားနီအရေးအခင်း

ရှစ်လေးလုံးအရေးတော်ပုံ

၉၆ ကျောင်းသားအရေးတော်ပုံ

ရွှေဝါရောင်တော်လှန်ရေးစတဲ့

ဗမာ့သမိုင်းအလှည့်အပြောင်းတွေမှာ

“ရဲ” စိတ်တွေလက်ဆင့်ကမ်းရင်း

ဒေါင်းမျိုးဆက်တွေက

မောင်းပြန်တွေရှေ့ မှာ

ဒေါင်းအလံလွှင့်ထူရင်း

ကျည်ကာမဲ့ ဗလာရင်ဘတ်တွေနဲ့ 

ပြည့်ရင်သွေးတွေလေ

လမ်းပေါ်မှာလဲ သွေးမြေကျဘူးတယ်

ထောင်ထဲမှာလဲ ဘ၀ဆုံးဘူးတယ်

စစ်ကြောရေးမှာလဲ ခွေးကိုက်ခံရဘူးတယ်။

တာဝန်ကြေတဲ့ နောင်တော်တို့ ရဲ့ 

ပေးဆပ်မှုတွေအတွက်

ညီနောင်တို့ ရေ …..

သမိုင်းအဆက်ဆက်

ရဲရဲနီခဲ့ကြတဲ့ ကျောင်းသားသွေးတွေက

ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..

ဒို့ ခေတ်သမိုင်းမှ အရိုင်းခံကြတော့မှာလား …..

မင်းသွေးသစ်

ဗကသများအဖွဲ့ ချုပ်။


No comments: