Sunday, April 12, 2015

မတရားမှုကို ၀ိုင်းဝန်းဆန့် ကျင်ကြပါ။

မတရားမှုကို ၀ိုင်းဝန်းဆန့် ကျင်ကြပါ။

မနေ့ က စစ်ကိုင်းမြို့ မဈေးမှာ မတရားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ် တတိယနှစ်က ကျောင်းသူလေးတစ်ယောက် မိခင်နဲ့ အတူ မိသားစုအိမ်တွင်းလုပ် ကလေးမုန့် လေးတွေကို ၀ယ်ယူသူထံ သွားပို့ ခဲ့ပါတယ်။ ယခင်ကျောင်းပိတ်ကာလတွေမှာလည်း ဒီလိုဘဲ မုန့် လိုက်ပို့ တာ သုံးလေးကြိမ် ရှိခဲ့ပါတယ်။

သင်္ကြန်နားနီးတာရယ်ကြောင့် အရောင်းအဝယ်တွေများနေလို့  ငွေယူဖို့  စောင့်ဆိုင်းနေစဉ်၊ ခါတိုင်းလို ပို့ တဲ့ဆိုင်ဘေးမှာ မထိုင်မိပဲ၊ သားအမိနှစ်ယောက် ဈေးခေါင်းရုံး အောက်တည့်တည့် လှေခါးမှာ ထိုင်ရင်း ဖရုံယိုသည်နဲ့  စကားပြောကာ စောင့်ဆိုင်းနေခဲ့ပါတယ်။

 ဒီလိုစောင့်ဆိုင်းနေစဉ်မှာ ရုတ်တရက် ရဲ (၃) ယောက်နဲ့  အရပ်ဝတ် (၂) ယောက် ရောက်လာခဲ့ပါတယ်။ ထစမ်း ... စခန်းလိုက်ခဲ့ဆိုပြီး ပြောပါတယ်။ ဘာအတွက် လိုက်ရမှာလဲ၊ ဘာအပြစ် ရှိလို့ လဲလို့  ပြန်မေးတော့၊ နင်တို့ လုပ်ထားတာ နင်တို့  သိမှာပေါ့လို့  ဆိုပါတယ်။ ဒါနဲ့  ကျမ ကျောင်းသူပါ မုန့် လာပို့ တာပါ၊ မုန့် ပို့ စာရင်းတွေ ရှိပါတယ်၊ အနီးအနားက ဈေးသည်တွေကိုလည်း မေးကြည့်ပါလို့  ပြန်ပြောတဲ့အခါမှာတော့၊ ရဲတွေရဲ့  တုန့် ပြန်ပုံကတော့ ပြန်ပြောလို့ တဲ့ဆိုပြီး ပါးနဲ့  နားအုံကို ရိုက်ပါတယ် ၃ ချက်ပါ၊ ပြီးတော့ ဝိုင်းဆွဲပါတယ်။ နောက်ထပ် အရပ်ဝတ် ရဲမေ နှစ်ယောက် ရောက်လာပြန်တယ်၊ လက်ထိပ်နဲ့  ဇွတ်ခပ်လိုက်ပြီး၊ လှေကားကနေ သုံးဘီးဆိုင်ကယ်ထိ လက်ထိပ်ကနေကိုင် ဒရွတ်ဆွဲပါတယ်။ သားအမိနှစ်ဦး ရုန်းပါတယ်၊ အိမ်ကို ဖုန်းဆက်ချင်တယ်ဆိုတော့ ဖုန်းကိုပါ သိမ်းလိုက်ပါတယ်။ ရဲစခန်းကို ရောက်တော့ တစ်ခန်းလုံးက တရားခံလို ဆက်ဆံပါတယ်။ ဈေးသည် လေး ငါးယောက် လိုက်လာ အဖြစ်မှန်ကို ပြောပေမဲ့ မထူးပါဘူး။

မနက် ၁၀ နာရီခွဲကနေ ညနေ ၃ နာရီခွဲ ရောက်တော့မှ လွဲမှားမှုတစ်ခုပါဆိုပြီး ပြောလာပါတယ်။ ထပ်ပြောသေးတာက နောက်ဆို မှတ်ထား၊ ရဲ ခေါ်ရင် လိုက်ကို လိုက်ရတယ်တဲ့ လို့  ပြောပါတယ်။ လွဲမှားမှုနဲ့  ဖြစ်တာဆိုတာမှာလည်း ဘယ်လိုလွဲမှားတာလည်းဆိုတာ လုံးဝမပြောပါဖူး။

ဈေးက အကြောင်းကြားပေးလို့  နေ့ လည် ၂ နာရီလောက်မှာ ရောက်လာခဲ့တဲ့ ကျောင်းသူရဲ့  အဖေဖြစ်သူက ဒီလို လူတွေကြားထဲမှာ နာကျင်အောင် အရှက်ကွဲအောင် ရိုက်တာ လက်မခံပါဖူးလို့  ပြောတဲ့အခါမှာ၊ ရဲစခန်းမှူးကတော့ သူ့ ရဲဘော်ကို ပြန်ရိုက်ပေးပါမယ်လို့  ဆိုပါတယ်။ အမေဖြစ်သူကတော့ ကိုယ့်သမီးလေး ကိုယ့်မျက်စိအောက် အရိုက်ခံရတာမို့  အမှုပြန်ဖွင့်ချင်ပါတယ်လို့  ဆိုတဲ့အခါ၊ စခန်းမှူး ပြန်ပြောတာက - ခင်ဗျားတို့ ကို ဖမ်းတဲ့သူတွေက ဝတ္တရားနှောင့်ယှက်မှု၊ ပြီးတော့ ခင်ဗျားတို့ ရုန်းလို့  သူတို့ လက်လဲ နာတာပဲ နာကျင်စေမှုနဲ့ အမှု ပြန်ဖွင့်မှာပေါ့၊ ဒါဆို ခင်ဗျားတို့  ဒုက္ခရောက်မှာပေါ့တဲ့။ ထပ်ပြောသေးတာက ခင်ဗျားတို့  ဖွင့်တဲ့ အမှုကို တရားရုံးမှာ အရပ်သားရော ရဲရော တန်းစီပြမှာ၊ ရိုက်တဲ့သူကို ထုတ်ပြနိုင်ရမှာ၊ မှန်မှန်ကန်ကန် ထုတ်မပြနိုင်ရင် ခင်ဗျားတို့ ကိုပဲ ပြန်ပါတ်မှာ၊ ကျွန်တော်ကတော့ လူကများတော့ ဘယ်သူ့ ကို ဘယ်မှာ တာဝန်ချမိတယ်ဆိုတာ မသိပါဖူးတဲ့။

ဒီအဖြစ်အပျက်ကတော့ မတရားမှု၊ ပေါ့ဆမှု၊ မှားယွင်းမှု၊ အနိုင်ကျင့်မှု၊ ဥပဒေစည်းမျဉ်းစည်းကမ်းဖောက်မှု၊ နာကျင်စေမှု၊ ဂုဏ်သိက္ခာကျဆင်းစေမှုတို့ အပြင် တာဝန်ခံမှု၊ လိမ်ညာမှု၊ လစ်လျူရှုမှု၊ ခြိမ်းခြောက်မှုတို့  ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့  ပတ်သက်တဲ့ တာဝန်ရှိ ရဲများ ရဲမေများနဲ့  စခန်းမှူးကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ ကို စစ်ကိုင်းမြို့ နေ ပြည်သူပြည်သားများ စုပေါင်းတောင်းဆိုသင့်ပါတယ်။

ပြည်သူကို မတရားအနိုင်ကျင့်ကြတဲ့ ရဲများဟာ ပြည်သူ့ ရဲ မဟုတ်ပါဖူး။ အာဏာပါဝါ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ အကြမ်းဖက်ကြတဲ့ အကြမ်းဖက်ဝါဒီ ဥပဒေချိုးဖောက်သူများသာ ဖြစ်ပါတယ်။


No comments: