Friday, July 10, 2015

ဂျိုထောင်နေတဲ့ တင်အေး သိစေဖို့ ။

ဂျိုထောင်နေတဲ့ တင်အေး သိစေဖို့ ။

၂၀၁၅ ရွေးကောက်ပွဲကာလရောက်လာခါနီးမှ တင်အေးလည်း ပြောချင်တာ ပြောလို့ ရသလို ပါမစ်များ ရထားသလား မသိ။ ရွေးကောက်ပွဲနဲ့  မဆိုင်တဲ့ စကားတွေကို လက်လွတ်စပယ်ပြောနေတယ်ဆိုကတည်းက သိန်းစိန်တို့  အားလုံး လက်ဝါးချင်းရိုက်ပြီး သူက ဒါပြော ငါက ဒါပြောမယ်ဆိုတာ ဖြစ်နေကြတယ်နဲ့ တူတယ်။

ယူထားတဲ့ တာဝန်က ပြည်သူက ခန့် အပ်တာ မဟုတ်ဘဲ စစ်အာဏာရှင်လက်ပါးစေအချင်းချင်း ဝေစုခွဲယူသလို အရေးကြီးတဲ့နေရာတွေမှာ ချယ်လှယ်ထိန်းချုပ်ထားနိုင်ရေးအတွက် အဓမ္မယူထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ်နဲ့ တောင် နေရာ ပါလေရာ ငပိချက်လို ပြောနေတာ အာဏာရှင်စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ယခုထိတိုင် အာဏာရှင်စိတ်မပျောက်သေးတာ သိသာလွန်းပါတယ်။

တင်အေးပြောတဲ့ “စစ်တပ်သိမ်းလို့၊ အာဏာသိမ်းလို့ ပြောတယ်။ အာဏာမသိမ်းအောင် လုပ်ကြပါလား။ ကျနော်ပြောတာ ခြိမ်းခြောက်တာလည်း မဟုတ် ဘူး။ ကျနော့်ရဲ့ ၄၇ နှစ်အတွေ့အကြုံနဲ့ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းချင်လို့ သိမ်းတာမရှိဘူး။ ဆူလို့သာ” ဆိုတဲ့ စကားဟာ တစ်တိုင်းပြည်လုံးက ပြည်သူလူထုကို အကြီးအကျယ် စော်ကားတာပါ။ ယခင် အာဏာရှင်ကြီးနေ၀င်း ပြောခဲ့သလို “ဆူဆူပူပူ လုပ်လို့ ရှိရင် သေနတ်ဆိုတာ မိုးပေါ် ထောင်မပစ်ဖူး” ဆိုတဲ့ စကားအတိုင်း ဖြစ်နေလေရဲ့ ။

အာဏာရှင်ကြီးနေ၀င်းလက်ထက် နှစ်ပေါင်း ၂၆ ကျော်၊ အာဏာမူးကြီး သန်းရွှေလက်ထက် နှစ်ပေါင်း ၂၀ ကျော်၊ အခု ဖွတ်တစ်ပိုင်း ခွေးတစ်ပိုင်း သိန်းစိန်လက်ထက်ထိ ပြည်သူလူထုခမြာ တရားဥပဒေမဲ့ အကြမ်းဘက် အနိုင်ကျင့်ခံနေခဲ့ရတာတွေ၊ တစ်နေ့ လုပ်ရင်တောင် တစ်နေ့  နပ်မှန်အောင် မစားနိုင်တဲ့ ဘ၀စုတ်ပြတ်နေတာတွေ၊ ပညာရေး ကျန်းမာရေး လူမှုရေး ချွတ်ခြုံကျပြီး လူအဆင့်အတန်း အနိမ့်ကျဆုံး မသေရုံတမယ် ဖြစ်နေကြရတဲ့ ဘ၀တွေ ဖြစ်နေတာ တရားခံက အာဏာရှင် အာဏာရူးတွေကြောင့်ဘဲ။ ဒီအာဏာရှင် အာဏာရူးတွေက ဘယ်ကလည်း။ ပြည်သူ့ တပ်မတော်ကို လက်ကိုင်ဒုတ်တပ် ခါးပိုက်ဆောင်တပ် အဓမ္မတပ်ဖြစ်အောင် ဖန်တီးပြီး ထိပ်ဆုံးနေရာတွေမှာ နေရာရယူထားကြတဲ့ အာဏာရူး ဗိုလ်ချုပ်စုတ်တွေဘဲ။ စစ်တပ်အာဏာသိမ်းတယ်ဆိုတာ အာဏာရူးဗိုလ်ချူပ်တွေက တိုင်းပြည်ရဲ့  အချုပ်အခြာအာဏာကို သိမ်းတာမို့  စစ်တပ်ကို ချယ်လှယ်နေတဲ့ စစ်ဗိုလ်ချုပ်တွေ လုပ်ရပ်ဖြစ်တာမို့  စစ်တပ်အာဏာသိမ်းတာဘဲ။ စစ်တပ်အာဏာသိမ်းတာလို့  အပြောမခံချင်ရင် စစ်တပ်အတွင်းမှာ အာဏာရူးဗိုလ်ချုပ်တွေကို ဖယ်ရှားပစ်။

“စစ်တပ်က အာဏာသိမ်းချင်လို့ သိမ်းတာမရှိဘူး။ ဆူလို့သာ” ဆိုတဲ့စကားမှာ ရဟန်းရှင်လူပြည်သူလူထုက ခေတ်အဆက်ဆက်တိုင်းမှာ အေးအေးဆေးဆေးနဲ့  ငြိမ်းချမ်းစွာ ရင်တွင်းက ခံစားချက်တွေ ဘ၀ရဲ့  ခါးသီးစွာ ရင်ဆိုင်ရမှုတွေ ခေတ်စနစ်ရဲ့  ဆိုးရွားမှုတွေ အုပ်ချုပ်မှုရဲ့  လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပြောဆိုကြတာပါ။ ဒါကို အနာပေါ် ဒုတ်ကျတဲ့ အာဏာရူးတွေကသာ ဆတ်ဆတ်ထိ မခံနိုင် အာဏာသုံး လက်နက်သုံး ဥာဏ်နီဥာဏ်နက်သုံးပြီး အမျိုးမျိုးသော ကောက်ကျစ်လိမ်ညာမှုများ အကြမ်းဘက်မှုများနဲ့  ဆူပူသောင်းကျန်းခဲ့ကြတာပါ။ ဆူပူတာ အာဏာရူးတွေပါ၊ ဆူပူအောင် ဖန်တီးတာ အာဏာရူးတွေပါ၊ ဆူပူအောင် လက်တွေ့ လုပ်တာ အာဏာရူးတွေပါ။ လက်ပါးစေတွေကို ဆူပူခိုင်းတာ အာဏာရူးတွေပါ။ ဆူပူသူတွေဟာ အာဏာရူးတွေရဲ့  လက်ပါးစေတွေပါ။ ဆူပူမှုဖြစ်စေပြီးမှ အာဏာသိမ်းတာ အာဏာရူးတွေပါ။ လက်ရှိ မနေ့ တစ်နေ့ ကထိတိုင်အောင်တောင် အေးအေးဆေးဆေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို လက်နက်ကြီးတွေ တကိုင်ကိုင်၊ အင်အားတွေ တပြပြနဲ့ ရိုက်လို့ ရိုက် ဆွဲလို့ ဆွဲ ချုပ်လို့ ချုပ် ဖမ်းလို့ ဖမ်း လူ့ ရွာထဲ ဘီလူးတွေ ၀င်ရောက်သောင်းကျန်းသလိုဘဲ လုပ်ကြတာ ဆူပူတာပါ၊ အဲ့ဒီဆူပူတာ ဘယ်သူတွေလုပ်လည်းဆိုတာ တင်အေးမှာ မျက်စိပါရင် ကြောင်တောင်ကန်း မဖြစ်နေရင် မြင်မှာပါ။ ဒီတော့ ဆူပူတာ ဘယ်သူလည်း၊ တင်အေးအပါအ၀င် တင်အေးရဲ့  မအေပေး အဘတွေခိုင်းတာလို့  ပြောရင် ရိုင်းတယ်ဖြစ်ဦးမယ်။

အာဏာရှင်ကြီးနေ၀င်းလက်ထက်ကနေစလို့  ယခု သိန်းစိန်လက်ထက်အထိ ကာလအတွင်းမှာ သခင်အားရ ကျွန်ပါးဝကြတဲ့သူတွေ ဖြုတ်ထုတ်သတ်တွေထဲ ပါသွားကြတာ မနည်းလှပါဖူး။ တင်အေးလည်း သိပ်ပြီး မဟောင်ပါနဲ့ ။ တစ်နေ့  တင်အေး ခံစားရမယ့် အလှည့်ရောက်လာရင်တော့ အခု ခင်ညွှန့်  ငိုပြသလို ငိုမပြပါနဲ့ ။ သမိုင်းကလည်း ဒဏ်ခံမှာဖြစ်သလို၊ လောကပါလတရားကလည်း ဒဏ်ခတ်မှာပါ။ ဒီအပြင် ပြည်သူလူထုကလည်း ဒဏ်ခတ်မှာပါ။

တင်အေးကို ထပ်သတိပေးပါတယ်။ ၀ဋ်မှာအမြဲ ငရဲမှအပ ဆိုသလို မသေခင်မှာ တူဖြစ်တုန်း နှံနေရင်တော့ ပေဖြစ်ရင် ခံဖို့  ပြင်ထားပါ။

လက်ရှိအခြေအနေအရ သုံးသပ်ကြည့်တဲ့အခါမှာလည်း ၂၀၁၅ ရွေးကောက်ပွဲကို လုံးဝ အပျက်မခံရဲဖူးဆိုတာရယ်၊ အရင်ခေတ်တွေတုန်းကလို စစ်တပ်က အာဏာပြန်သိမ်းပြီး စစ်အာဏာရှင်အစိုးရဘ၀ကို ပြန်အရောက်မခံရဲဖူးဆိုတာရယ်ကို ပြောလို့ ရတာမို့  အာဏာသိမ်းမယ် နောက်ကြောင်းပြန်လှည့်မယ်တဲ့စကားလုံးတွေနဲ့  ခြောက်ရင် တွန့် ကြောက်သွားမှာဘဲဆိုတဲ့ စကားတွေ မပြောပါနဲ့ ။ နိုင်ငံရေးအခြေအနေကို သုံးသပ်နိုင်စွမ်းရှိကြတဲ့ ပြည်သူလူထုဟာ ယနေ့ ယခုခေတ်ကြီးမှာ နလပိန်းတုံး အတွေးအခေါ်ညံ့ဖြင်းနေကြသူတွေ မဟုတ်ဖူးဆိုတာ သိထားပါ။

စစ်တပ်အာဏာသိမ်းခဲ့တယ်၊ ဆူခဲ့လို့ ။ ဆူခဲ့တာ ဘယ်သူလည်း၊ အာဏာကို ဆက်လက်ထိန်းချုပ်လိုတဲ့သူတွေ ဆူခဲ့လို့ ဘဲ။ တင်အေး မှတ်ထားဖို့ ပါ။


No comments: