“၀ါဝါမြင်တိုင်း ဘုန်းကြီး မထင်နဲ့ ” ။
“၀ါဝါမြင်တိုင်း ဘုန်းကြီး မထင်နဲ့ ” ။
ဗုဒ္ဓဘာသာ သာသနာတော်နဲ့  သံဃာထုရဲ့  အဓိက ရန်သူဟာ ဘယ်သူတွေလည်း ဆိုတာ ၂၀၀၇ တုန်းက ဓါတ်ပုံတွေက သက်သေပြနေပါရဲ့ နဲ့  ယခုတော့ ပြည်သူလူထုနဲ့  ဒီမိုကရေစီဘက်တော်သားတွေကို လှည့်ပတ်ရန်ရှာ ရမ်းကားပြမယ်ဆိုတဲ့ သင်္ကန်းရုံထားသူတွေဟာ အမှန်တကယ် ဗုဒ္ဓသားတော်တွေမှ ဟုတ်ရဲ့ လား။
အာဏာရှင်ကြီး နေ၀င်းလက်ထက်တုန်းကလည်း စစ်ထောက်လှမ်းရေး အရပ်ဘက်ထောက်လှမ်းရေးတွေကို သံဃာတော်တွေရဲ့  လှုပ်ရှားမှုတွေ သိရှိရအောင် သင်္ကန်းဝတ်ခိုင်းပြီး ဘုန်းကြီးကျောင်းတွေမှာ သူလျှို သတင်းပေး ၀င်လုပ်ခိုင်းခဲ့တယ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတုန်းကလည်း သင်္ကန်းဝတ်ပြီး လူထုသပိတ်တွေ ဖြိုခွဲဖို့ အတွက် သွေးထိုးခဲ့တာတွေ ရှိခဲ့တယ်၊ သန်းရွှေလက်ထက်မှာဆို စစ်သားတွေကို လုံခြုံရေးရဲတပ်ဖွဲ့ ဝင်အဖြစ် ယူနီဖောင်းပြောင်းဝတ်ခိုင်းပြီး အကြမ်းဘက်ဖြိုခွင်းမှုတွေမှာ ခိုင်းစေခဲ့တယ်၊ ထောင်ထွက်လူဆိုးလူမိုက်တွေကို စွမ်းအားရှင်တွေအဖြစ် ဖန်တီးပြီး ရိုင်းစိုင်းတဲ့လုပ်ရပ်တွေ လုပ်ခိုင်းခဲ့တယ်။ ဒီလို အရောင်ပြောင်း ဟန်ဆောင်ခိုင်းမှုတွေတင်သာမက အစစ်အမှန်တွေထဲမှာ သွေးခွဲပြီး ငါးကြင်းဆီနဲ့  ငါးကြင်းပြန်ကျော်သလို အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းသလို လုပ်ခိုင်းပြီး ယာလည်းညက်စေ ကြက်လည်းမောစေ တစ်ချက်ခုတ် သုံးလေးငါးချက်ပြတ်စေသည်အထိ လှည့်ဖြားခဲ့တယ်။
နေ၀င်းတို့  သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  စစ်ထောက်လှမ်းရေးတွေ အရပ်ဘက်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စွမ်းအားရှင် ရမ်းကားသူတွေ ယခုဆိုရင် ဘယ်ရောက်နေကြသလည်း၊ ပျောက်ခြင်းမလှ ပျောက်နေကြပြီး ဘုန်းကြီးကျောင်းတွေမှာ ရောက်နေကြပြီလား။
“၀ါဝါမြင်တိုင်း ဘုန်းကြီး မထင်နဲ့ ” စကားဟာ ရဟန်းသံဃာတော်အစစ်အမှန်တွေကို စော်ကားတာ မဟုတ်ဖူး၊ ရဟန်းသံဃာတော်အစစ်အမှန်ပုံသဏ္ဍန် ခုတုံးလုပ် ဟန်ဆောင်ပြီး သာသနာတော်ကိုပါ ဖျက်ဆီးပစ်မယ့် မိစ္ဆာမိဒိတွေရဲ့  မျက်နှာဖုံးအတု သင်္ကန်းခြုံအတုတွေသာ ဖြစ်တယ်ဆိုတာ ခွဲခြားမြင် ခွဲခြားဆက်ဆံမှ ပယ်ရှားဖယ်ရှားမှသာလျှင် သန့်ရှင်းစင်ကြယ်တဲ့ ဗုဒ္ဓဘာသာ သာသနာတော်နဲ့  သီလဖြူစင်တဲ့ ရဟန်းသံဃာတော်တွေနဲ့  ကွဲကွဲပြားပြား ကွာကွာခြားခြား ဆက်လျှောက်လို့  ရမှာ ဖြစ်တယ်။
ယခုလို ဖြစ်ပျက်နေတဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေနဲ့  ပတ်သက်ပြီး ရဟန်းသံဃာတော်အစစ်အမှန်တွေအနေနဲ့  လက်ပိုက်ကြည့်နေမယ် အဓမ္မဒါဒီ သင်္ကန်းခြုံထားသူတွေကို မဖယ်ရှားနိုင်ဖူးဆိုရင် သာသနာတော်လည်း တံထွေးခွက် မြောမှာတင်မကဖူး ကွယ်ပျောက်တဲ့အထိ ဖြစ်ပါလိမ့်မယ်။
ဗုဒ္ဓဘာသာ သာသနာတော်ကို ဘယ်သူတွေ ကာကွယ်ကြမလည်း။ ဗုဒ္ဓမြတ်စွာဘုရားရဲ့  ဆိုဆုံးမတဲ့ တရားတော်တွေ ၀ိနည်းတွေ သီလကျင့်ကြံမှုတွေနဲ့  လားလားကြီး ဆန့် ကျင်လွဲဖယ်နေတဲ့သူတွေရဲ့  လုပ်ရပ်ကို ဘယ်သူတွေက ဖယ်ရှားကြမှာလည်း ….. ။
No comments:
Post a Comment