Monday, February 17, 2014

“ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာ ကိုယ်ကိုးကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမျိုးမှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်းလို့ ယူဆရမှာပဲ ….. “

“ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာ ကိုယ်ကိုးကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမျိုးမှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်းလို့ ယူဆရမှာပဲ ….. “

ပင်လုံညီလာခံ ညစာထမင်းစားပွဲကြီး၌ ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစကား။

ယခု အစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်၊ ကျွန်တော်ဒီကို ရောက်လာတဲ့ ကိစ္စ နားလည်တာ တစ်ခုပဲရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည် လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ဒီဟာပါပဲ။ တိုင်းပြည်လွတ်လပ်အောင် ညီညွတ်အောင် ကြီးပွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကစပြီး ကြိုးစားလာခဲ့ပါတယ်။ နောက်လဲ ကြိုးစားပါဦးမယ်၊ လုံးလုံးလွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။

တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ် တိုင်းပြည်မဆို ကိုယ့်တိုင်း ပြည်တပြည်တည်း အထီးထီးနေနိုင်တဲ့အခြေမျိုး မရနိုင်ကြဘူး၊တစ်ပြည်နှင့်တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆို တဲ့ အချက်ပါပဲ။

နောက်တစ်ချက်က လူမျိုးရေးအကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေးဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး - ဘာသာ - သာသနာ - ပညာ) ဆိုတဲ့ စကားမျိုးကို လက်ကိုင်အသုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြားအမျိုးများလည်းရှိသေးတယ်၊ အခြားနိုင်ငံများကို ကြည့်လိုက်ရင် ဗမာပြည်မှာလို တိုင်းရင်းသား အများရှိတာကို တွေ့နိုင်ပါတယ်။

တရုတ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း ဒီအတိုင်းပါပဲ။ အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင်လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။ ဒါ့ကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် အမျိုးတမျိုးတည်းကို လိပ်ခဲတည်းလည်းစွဲပြီး ယူဆလို့ မဖြစ်နိုင်တော့ဘူး၊ ဘာသာစကားပင် တူသော်လည်း လူမျိုး ခြားနားမှုလည်း ရှိပါတယ်။ ဘာသာမတူ သော်လည်း လူမျိုးသီးခြားဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ - အမေရိကန်ကို ကြည့်လျှင် လူတစ်မျိုး ဖြစ်သော်လည်း ဘာသာစကားတူပါတယ်။ ရုရှားပြည်မှာဆိုရင် ဘာသာစကား အမျိုးပေါင်းများစွာ ကွဲပြားသော်လည်း လူမျိုးကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။ သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ ဒီတော့ ဒါတွေကို စွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီးအတွင်းက ကျွန်တော် စစ်ဝန်ကြီးလုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း စွဲ ဖွဲ့တဲ့အခါမှာ ထမင်းစားပွဲတစ်ခုမှာ ကရင်စစ်သားတစ်ယောက်က လူမျိုးအချင်းချင်း ညီညွတ်ဖို့ပြောတဲ့အခါမှာ (ဗမာက ဖဲရိုက် - ကရင်က ငါးမျှား ) ဆိုတာလို အတူတူပါပဲလို့ ပြောတာကို သတိရမိပါတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာ ကိုယ်ကိုးကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမျိုးမှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်းလို့ ယူဆရမှာပဲ။

အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါး တော့ရှိ မှာပဲ။ ဒါပေမယ့် သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်ကိုစွန့်ပြီး မလျှော့
ကာကွယ်တိုက်ခိုက်ကြတာမျိုးကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ၊ တိုက်ခိုက်ကြတဲ့အခါမှာလည်း စစ်သေနာပတိဟာ ကရင် ဖြစ်ရင်လည်း ဖြစ်မယ်၊ ချင်း ကချင်ဖြစ်ရင်လည်း ဖြစ်မယ်၊ ဘယ်သူဖြစ်ဖြစ် တစ်မိန့်ထဲ လိုက်နာကြရမှာပဲ။

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအားငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်းကချင် ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်။ ပထမတော့ ကျုပ်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက်၊ အ၀တ်အထည်များမှ စလို့ အတော် ချွေတာပြီး အဆင်းရဲ ခံနေကြတယ်။ ဒါ ဘာလဲ ဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင် လုပ် နေကြတာဖြစ်တယ်။ ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက် တစ်ခုထားဖို့ နားလည်စေ ချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအားမျိုးရှိရင်တော့ ကမ္ဘာ့ထိပ်တန်း အခြေဆိုက်ရောက်နိုင်မှာပဲ။

နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နဲ့သခင်) ဘ၀မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း - ၁၉၄၇။


No comments: