Sunday, March 16, 2014

တံတားနီ။

“အကွပ်မဲ့ အနုမာန”

တင်ပါးကို တံဆိပ် မခတ်ယုံတမယ်
သတ်ခါနီး နွားတိရိစ္ဆာန် တကောင် လို
ဟောဒီ အင်းလျားကန်ဘောင်ရှေ့ တံတားနီ ရင် ခေါင်းထဲ
ငါတို့ .. မောင်းသွင်းခံခဲ့ ရ။

ပြည်လမ်းဟာ သူ့ ရဲ့ ဖားလျားချ ဆံချည်ထွေးများ အပေါ် ဒလိမ့် ခေါက်ကွေး
စီးကျလာသော သွေးများဖြင့် ဒယိမ်း ဒယိုင်
ကိုယ့် လက်ကောက်ဝတ်ကို ကိုယ့် သွေး ပြန်ကြောများနဲ့ 
နောက်ပြန် တုတ်နှောင်ခံလိုက်ရသော နေ့ ။

နတ်မိမယ်တပါး ယောင်ဆောင်ထားသော စစ်ဦးဘီလူး အဲဒီ နေ့ ကဘဲ
ကျုပ်ရဲ့ဆူးဟာ ကျုပ် ကိုယ်ထဲက စထွက်ခဲ့ရတယ် မနှင်းဆီ ခင်ဗျားလို
အသားထဲမြှုပ်ဝင်သွားတဲ့ ကျည်တတောင့်
ဘယ်တော့မှ ခွဲ မထုတ်ဘူးဆိုတဲ့ ဒီစကားကို ဒီအာဃာတနဲ့ ဘဲ
ဒီတံတားကပြောတုန်း နေစွယ်ကျိုးသွားတာ ဘယ်သူလဲ ဟေ့...။

အရင်လောက် ဘယ်တော့မှလှမှာ မဟုတ်တော့တဲ့ ဆည်းဆာ
နှီးဖျာတချပ်ရဲ့ ရာဇ၀င်ဟာ ကောဇောနီထက် ပိုတန်ဘိုးရှိတယ်
လူဖြစ်ချိန် မတန်ဘဲ လူဖြစ်လာတဲ့သူတွေအတွက် အပ္ပါယ်တံခါးကို
နောက်ကြောင်ပြန် ဥပဒေသ ထဲ ထည့်ဆွဲရအုန်းမယ်။

ခင်ဗျားတို့  ကျနော်တို့ ရဲ့ အနှီ မြက်ရိုင်း မြေနီတို့ ရဲ့
စုန်းစုန်းမှ မမြှုပ်ခဲ့သော တော်လှန်ရေးကို ကုက္ကိုရိပ်တန်းနား
အကြိမ်ကြိမ် အခါအခါ အရပ်လက်သည်တို့  ဖျက်ချခဲ့အုန်း
သွေးအလိမ်းလိမ်းကြားက နောက်ဆုံး
လှုပ်နိုင်သလောက် လေး တချက် လှုပ်သွား သွားခဲ့တဲ့ လွှာပြားတချောင်းက
သမိုင်းကို ဟောဒီ တံတားလို နီ စေ ရင့် စေကြောင်း
လက်ခမောင်း ကိုနောက်ဆုံး ကျန်ရစ်တဲ့ အရိုးတချောင်းနဲ့ ခတ် မယ်။

လက်နက်မဲ့ လှံစွပ်မဲ့
ကျည်ကပ်မဲ့ ရေဘူးမဲ့
မျက်ရည်ယိုဗုံးမဲ့ မီးလောင်ဗုံးမဲ့
အိမ်ခြေမဲ့ ယာခြေမယ်.
မိသားစုမဲ့ အိပ်ဆောင်မဲ့
ဘုရာသခင်လည်း ကိုးကွယ်ရာမဲ့ ခိုကိုးမဲ့။

နံပတ်တုတ် တချောင်းနဲ့ နိုင်ငံတော်အား အုပ်ချုပ်ရန်
နံပတ်တုတ်တချောင်းနဲ့  နိုင်ငံတော်အား ထောင်သွင်း အကျဉ်းချခဲ့ ၊
အာဏာရှင်တို့ မှာကား စာရင်းမဲ့အင်းမဲ့။

ကြွင်းရစ်ခဲ့ကျန်ရစ်ခဲ့ ချွင်းချန်ထားရစ်ခဲ့ရသော
အချက် အလက်မဲ့ အချိန်အခါမဲ့
နာရီ လက်တံ ပျက် တို့ သည် သမိုင်း ဟု
ဘယ်သောမှ မမည်။

မြစ် တို့ မည်သည် စီးတတ်တိုင်း ပင်လယ် မရောက်၊
ဒေါင်းတို့ မည်သည် ခွပ်တတ်တိုင်း အလံပေါ် မရောက်
ယခုသော်ကား
ငါတို့  အားလုံး အလုံးစုံ ညီညွတ်ခြင်းအားဖြင့်
ကျွ်တံတားနီမည်သော အရပ်၌ စုရုံးမိချေပြီ
ရင်၌
အတွေး၌
စိတ်ကူးတိုင်း၌
မျက်ကွင်း ဟောက်ပက်တိုင်း၌
အိပ်မက်သားနက်နက်တိုင်း၌ လွင့်လျက်ရှိသော အလံ၏ တိုင် သည် ၊
အာဇာနည်တို့ ၏ ကျောဆစ်ရိုးများဖြင့် တည်ဆောက်ကြလေကုန်၏
အင်ယားကန်၏ ရေအသေသည် ခင်ဗျားတို့  စိတ်ဇောအဟုန်ဖြင့် ရှင်ချေ ပြီ ။။

(လူလူ လက်ျာ)

မှတ်ချက် - ယနေ့  ကျရောက်တဲ့ တံတားနီနေ့  (၂၆) နှစ်မြောက် အခမ်းအနားကျင်းပရာ အင်းယားကန်စောင်းမှာ “လူလူ လက်ျာ” ကိုယ်တိုင် ရွတ်ဆိုခဲ့သော ဂုဏ်ပြု ကဗျာ။


No comments: