Monday, May 12, 2014

သမ္မတရုံး အသုံးစရိတ်၊ နေပြည်တော် တည်ဆောက်မှု ကုန်ကျစရိတ်၊ ငြိမ်းချမ်းရေးလုပ်ငန်း ကုန်ကျစရိတ်၊ ရွေးကောက်ပွဲကော်မရှင်အသုံးစရိတ်တွေ ပြည်သူလူထု သိရဖို့ ။

သမ္မတရုံး အသုံးစရိတ်၊ နေပြည်တော် တည်ဆောက်မှု ကုန်ကျစရိတ်၊ ငြိမ်းချမ်းရေးလုပ်ငန်း ကုန်ကျစရိတ်၊ ရွေးကောက်ပွဲကော်မရှင်အသုံးစရိတ်တွေ ပြည်သူလူထု သိရဖို့ ။

နိုင်ငံတော်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဌာန်းချက်ထဲမှာ ၀န်ကြီးဌာနများနဲ့  ဦးစီးဌာနတွေရဲ့  သုံးငွေတွေကြတော့ ဖေါ်ပြထားပြီး သမ္မတရုံးရဲ့  သုံးငွေကို ဖေါ်ပြထားတာ မရှိဖူးဆိုတော့ သိန်းစိန်က ကြိုက်သလို သုံးနေတာပေါ့။

မြန်မာပြည်သူပြည်သားတွေ သုံးစွဲမှုအပေါ် ကောက်ခံတဲ့ အခွန်အကောက်တွေ - ယစ်မျိုးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ သွင်းကုန်အခွန်၊ အောင်ဘာလေထီအခွန်၊ သယ်ယူပို့ ဆောင်ရေးအခွန်၊ တံဆိပ်ခေါင်းခွန်၊ ၀င်ငွေနှင့် ပိုင်ဆိုင်မှုအခွန်၊ အကောက်ခွန်၊ နိုင်ငံပိုင်ပစ္စည်းများသုံးစွဲမှုအခွန်၊ ရေခွန်၊ တာတမံအခွန်၊ သစ်တောအခွန်၊ ဓါတ်သတ္တုခွန်၊ အင်းအိုင်ခွန်၊ ကြက်ပေါင်စေးထုတ်လုပ်မှုအခွန် စသဖြင့် ပြည်သူပြည်သားတွေအပေါ် ကောက်ခံတဲ့ အခွန်တွေက မနည်းပါဖူး။ ကျန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတင် ကျပ်သန်းပေါင်း သန်းနဲ့ ချီရှိပါတယ်။ နိုင်ငံရဲ့  မြေပေါ်မြေအောက် ထွက်ရှိတဲ့ သယံဇာတ ကျောက်သံပတ္တမြားရတနာတွေ၊ သဘာဝတွင်းထွက်ပစ္စည်းတွေ၊ လောင်စာဆီနဲ့  သဘာဝဓါတ်ငွေ့ တွေ ထုတ်လုပ်ရောင်းချမှုက ရရှိတဲ့ ၀င်ငွေတွေ ကုဋေနဲ့ ချီပြီး အမြောက်အမြား ရှိပါတယ်။

ပြည်သူ့ ထံက အခွန်အကောက်တွေ၊ ပြည်သူတွေရဲ့  လုပ်အားတွေ၊ ပြည်သူပိုင် သယံဇာတတွေကြောင့် ရရှိနေတဲ့ နိုင်ငံဘဏ္ဍာငွေတွေ ပြည်သူပိုင်ငွေတွေနဲ့  သုံးစွဲမှုတွေကို ပြည်သူလူထုထံကို သိသာထင်ရှားစွာ ဖေါ်ပြခြင်း မရှိတာဟာ မရိုးသားစွာ အလွဲသုံးစားပြုလုပ်တာ ဖြစ်ပါတယ်။

နေပြည်တော် တည်ဆောက်မှုမှာ လွှတ်တော်အဆောက်အဦးတစ်ခုတည်း အမေရိကန်ဒေါ်လာ ဘီလီယျံနဲ့  ချီပြီး ကုန်ကျခဲ့ရှိတယ်။ အခြားသော အမြန်လမ်းမကြီးတွေ၊ ပန်းခြံတွေ၊ ဘုရားစေတီပုထိုးတွေ၊ အစိုးရ၀န်ကြီးဌာနအဆောက်အဦးတွေ၊ ၀န်ကြီးတွေနဲ့  အရာရှိတွေ ၀န်ထမ်းတွေ နေထိုင်ဖို့  အဆောက်အဦးတွေ၊ အပန်းဖြေရိပ်သာတွေ အစရှိတဲ့ ကုန်ကျစရိတ်တွေဟာလည်း အကြီးအမား ကုန်ကျစရိတ်ဖြစ်ပါတယ်။ နေပြည်တော်တည်ဆောက်မှု ကုန်ကျစရိတ်ကို ပြည်သူ့ ဘဏ္ဍာငွေ သုံးစွဲနေတဲ့ သိန်းစိန်တို့ အစိုးရက ဘာလို့  ပွင့်လွင့်လင်းလင်း သိသာမြင်သာစွာ မဖေါ်ပြရဲရတာလည်း၊ နေပြည်တော်တည်ဆောက်မှု ကုန်ကျစရိတ်ကို ဘယ်သူက ခွင့်ပြုခဲ့သလည်း ကုန်ကျသုံးစွဲမှုတွေကို ဘယ်သူတွေက တာဝန်ခံပြီး ပြည်သူလူထု သိရှိရအောင် ဖေါ်ပြဖို့  တာဝန်ရှိသလည်း။

နေပြည်တော် တည်ဆောက်မှုအပြင် နေပြည်တော်မှာ ကျင်းပခဲ့ကြတဲ့ အိုလံပစ်ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ အာဆီယံနဲ့  ဆိုင်တဲ့ အခမ်းအနားကြီးတွေ၊ နိုင်ငံတကာအစိုးရများ အဖွဲ့ အစည်းများ သံတမန်များကို ဧည်ခံကျွေးမွေးစရိတ်တွေ အစရှိတဲ့ ကုန်ကျစရိတ်တွေကို ဘယ်က ငွေတွေနဲ့  သုံးစွဲတာလည်း။ ငွေသုံးစရိတ်စာရင်းထုတ်ပြန်မှုတွေ ဘာကြောင့် မလုပ်ရတာလည်း။

ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ လုပ်နေကြသူတွေရဲ့  အသုံးစရိတ်တွေ၊ သန်းခေါင်စာရင်းကောက်ခံမှုလို တစ်နိုင်ငံလုံးအတိုင်းအတာ လုပ်ဆောင်မှု ကုန်ကျစရိတ်တွေ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့  လုပ်ဆောင်မှုလုပ်ငန်းတွေနဲ့  နိုင်ငံရေးပါတီကြီးဖြစ်တဲ့ ကြံ့ ခိုင်ဖွံ့ ဖြိုးရေးပါတီအပေါ် ထောက်ပံ့သုံးစွဲနေမှုတွေနဲ့  ပတ်သက်တဲ့ အသုံးစရိတ်တွေကို ဘာလို့  တရားဝင် မထုတ်ရဲရတာလည်း။

နိုင်ငံတော်ဘဏ္ဍာငွေအရအသုံးစာရင်းမှာ သိန်းစိန် ကြိုက်သလို သုံးစွဲ၊ ကြိုက်သလို စီမံ၊ ကြိုက်သလို ပေးသုံး၊ အကန့် အသတ်မရှိ သုံးစွဲခွင့်ပြုထားတာတွေဟာ ပြည်သူ့ အစိုးရ မဟုတ်တဲ့အတွက် ပြည်သူတွေအတွက် သိသာထင်ရှားစွာ သိရှိခွင့် မပေးဘဲ ပြည်သူ့ ဘဏ္ဍာငွေကို ထင်သလို သုံးစွဲနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့ ဘဏ္ဍာငွေဖြစ်တဲ့အတွက် သမ္မတရုံးရဲ့  အသုံးစရိတ်ကို ပြည်သူလူထု သိရှိရအောင် ထုတ်ပြန်ပေးပါ။ နေပြည်တော် တည်ဆောက်မှုနဲ့  နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ အစိုးရပိုင်းဆိုင်ရာ သုံးစွဲမှု ကုန်ကျစရိတ်တွေကို ထုတ်ပြန်ပေးပါ။ ကာကွယ်ရေးဝန်ကြီးရဲ့  စစ်အသုံးစရိတ်ကို တိတိကျကျ ထုတ်ပြန်ပေးပါ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်ဆိုတဲ့ လုပ်ငန်းတွေ ကုန်ကျစရိတ်ကို အသေးစိတ် ထုတ်ပြန်ပေးပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့  အသုံးစရိတ်ရှင်းတမ်းတွေကို ထုတ်ပြန်ပေးပါ။

ဒီအသုံးစရိတ်တွေကို ပြည်သူလူထု မသိရှိရဖူးဆိုရင် သိန်းစိန်အစိုးရဟာ မသန့် ရှင်းတဲ့ အစိုးရပါလို့  သတ်မှတ်ပါတယ်။ ပြည်သူ့ အစိုးရ မဟုတ်ဖူးလို့  သတ်မှတ်ပါတယ်။




No comments: