Saturday, May 24, 2014

တပ်မတော်သားဝန်ထမ်းချင်းအတူတူ ရာထူးအဆင့်အတန်းချင်းတူတာတောင် ခွဲခြားဆက်ဆံသော သိန်းစိန်တို့  မင်းအောင်လှိုင်တို့  လုပ်ရပ်။

တပ်မတော်သားဝန်ထမ်းချင်းအတူတူ ရာထူးအဆင့်အတန်းချင်းတူတာတောင် ခွဲခြားဆက်ဆံသော သိန်းစိန်တို့  မင်းအောင်လှိုင်တို့  လုပ်ရပ်။

တိုင်းပြည်တာဝန် ထမ်းဆောင်တာချင်းအတူတူတောင် အရပ်ဘက်ဝန်ထမ်းတွေနဲ့  တပ်မတော်သားဝန်ထမ်းတွေအကြား လစာတွေကို ခွဲခြားတဲ့အပြင်၊ တပ်မတော်သားဝန်ထမ်းချင်းအတူတူ ရာထူးအဆင့်အတန်းချင်းတူတာတောင် ခွဲခြားထားမှုကတော့ သိန်းစိန်တို့  မင်းအောင်လှိုင်တို့  လုပ်ရပ်ကို လုံးဝ မကျေနပ်စရာပါဘဲ။

တိုင်းပြည်တာဝန် ထမ်းဆောင်တာချင်းအတူတူတောင် အရပ်ဘက်ဝန်ထမ်းတွေနဲ့  တပ်မတော်သားဝန်ထမ်းတွေအကြား လစာတွေကို ခွဲခြားမှုတွေကတော့ -

တပ်မတော်ဝန်ထမ်းအတွက် အနိမ့်ဆုံးပေးထားတဲ့ လစာက အောက်ခြေ တပ်သားသစ်ကို တသောင်းခွဲပေးထားတယ်။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ အရပ်ဘက်ရဲ့  အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ်လို ရာထူးကို တစ်လ ၁ သိန်း ၉ သောင်းပေးထားပေမဲ့ စစ်တပ်မှာ ၁ သိန်း ၉ သောင်းရသူဟာ ဗိုလ်မှူးကြီးအဆင့်ဘဲ ရှိပါသေးတယ်။ ယခုနှစ် ၂၀၁၄ ခုနှစ်မှာ များစွာကွာခြားသွားပါတယ်။ ဒုတိယဗိုလ်အဆင့်တင်ပင်လျှင် ၁ သိန်း ၆ သောင်းရှိနေပါတယ်။

ပင်ပန်းကြမ်းတမ်းမှုနဲ့  သက်စွန့် ဆံဖျားတာဝန်ထမ်းဆောင်တာမို့  ဆိုပြီး အပိုလစာငွေ ၅၀၀၀ ကျပ်ကိုလည်း ပေးထားပါတယ်။ အရပ်ဘက်ဝန်ထမ်းတွေခမြာ တိုင်းပြည်တာဝန်ထမ်းဆောင်ရာမှာ မပင်မပန်းသလို အသက်ဘေးအန္တရာယ် မရှိသလိုဘဲ ခွဲခြားဆက်ဆံလိုက်တာပါ။

တပ်မတော်ဝန်ထမ်းတွေရဲ့  အောက်ခြေရာထူးသမားတွေရဲ့  လစာနဲ့  အရပ်ဘက် အမြင့်ဆုံးရာထူးရှိသူတွေရဲ့  လစာနဲ့ တန်းတူညှိပေးထားတာကြည့်ရင် စစ်ဘက်ရာထူးမှန်သမျှဟာ လစာနဲ့ ခံစားခွင့် များစွာရထားသူတွေမို့ မြန်မာနိုင်ငံ ဝန်ထမ်းလောကရဲ့ အခွင့်ထူးခံ လူတန်းစားလို ဖြစ်နေပါတယ်။

ဒီအပြင် စစ်တပ်ထဲက လုပ်သက် ၂၅ နှစ်ရှိတဲ့ အရာခံဗိုလ်လို ပုဂ္ဂိုလ်တွေကို စစ်မှုထမ်းကောင်းဆုအဖြစ် ရွှေ ၃ ကျပ်သား ဆုချဖို့  သိန်းစိန်အစိုးရက ပြင်ဆင်နေပေမယ့် အရပ်ဘက် အမှုထမ်းကောင်းတွေကိုတော့ ရွှေ ၃ ကျပ်သား ဆုချဘို့ အစီအစဉ် မရှိကြောင်း သိရှိရပါတယ်။

သိန်းစိန်တို့  မင်းအောင်လှိုင်တို့ ဟာ အာဏာရှင်တွေပီပီ အရပ်ဘက်ဝန်ထမ်းတွေနဲ့  တပ်မတော်ဝန်ထမ်းတွေရဲ့  လစာတွေကို အဆပေါင်းမြောက်မြားစွာ ခွဲခြားပေးထားတာကတော့ သိသိသာသာကြီးမို့ လို့  ပြောရရင်လည်း ထူးမခြားနားလို ဖြစ်နေပေမယ့်၊ ထူးခြားတဲ့ အခြားသော ရာထူးတူ အဆင့်တူချင်းကို လစာ မတရား ခွဲခြားထားမှုကတော့ ထူးဆန်းတယ်လို့  ပြောလို့ ရသလို အာဏာရူးဗိုလ်ချူပ်ကြီး အဟောင်း အသစ်ဖြစ်ကြတဲ့ သိန်းစိန်တို့ မင်းအောင်လှိုင်တို့ ရဲ့  တပ်မတော်သားအချင်းချင်း ခွဲခြားမှုလို့  ပြောရပါမယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) က တပ်မတော်အရာရှိများရဲ့  လစာတွေနဲ့  တပ်မတော်သူနာပြုအရာရှိတွေရဲ့  လစာတွေကို တပ်မတော်ရာထူးအဆင့်အတူတူချင်းမှာကို လစာတွေ ခွဲခြားထားတဲ့ မတရားလုပ်ရပ် ဖြစ်ပါတယ်။ တပ်မတော်အတွင်းမှာ အရာရှိချင်းအတူတူ အဆင့်ချင်းအတူတူ ခွဲခြားမှုတွေ၊ တပ်မတော်သားချင်းအတူတူ ကြည်းဘက် ရေဘက် လေဘက် ခွဲခြားဆက်ဆံမှုတွေ၊ အောက်ခြေအကြပ်တပ်သားတွေနဲ့  အထက်အရာရှိတွေအကြား ခွဲခြားဆက်ဆံမှုတွေ၊ တိုက်ခိုက်ရေးဘက်နဲ့  ပညာတတ် ပညာရှင်တပ်တွေဘက် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ် ရှိနေတယ်ဆိုတာ နေ၀င်း သန်းရွှေ သိန်းစိန် မင်းအောင်လှိုင်တို့  လက်ထက်တွေမှာ ရှိနေပါတယ်။ ဒီလို အရပ်ဘက်နဲ့  တပ်မတော်ဘက်၊ တပ်မတော်အတွင်း ခွဲခြားမှုတွေ ရှိနေ လုပ်နေ ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းကတော့ အာဏာရှင်စနစ်ကို တည်တံအောင် လုပ်နေကြတဲ့ အာဏာကို မက်မက်မောမော ဖက်တွယ်ထားကြတဲ့ အာဏာရူးဗိုလ်ချူပ်ကြီးတွေရဲ့  ဇာတ်တူသားချင်း စားဖို့  ၀န်မလေးကြတဲ့ အပေါ်ဖား အောက်ဖိတတ်ကြတဲ့ စရိုက်အကျင့်နဲ့  မျက်နှာလို မျက်နှာရ ပေါင်းတတ်ကြတဲ့ လူယုံမွေး အုပ်စုဖွဲ့ တတ်ကြတဲ့ အာဏာရှင်ပီပီ ကျင့်သုံးတဲ့ လုပ်ရပ်တွေကြောင့်ပါဘဲ။

တပ်မတော် (ကြည်း၊ ရေ၊ လေ) က တပ်မတော်အရာရှိများရဲ့  လစာတွေနဲ့  တပ်မတော်သူနာပြုအရာရှိတွေရဲ့  လစာတွေကို တပ်မတော်ရာထူးအဆင့်အတူတူချင်းမှာကို လစာတွေ ခွဲခြားထားတဲ့ မတရားလုပ်ရပ်ကို သက်သေပြရရင် -

တပ်မတော် (ကြည်း၊ ရေ၊ လေ) က ဒုတိယဗိုလ်ရဲ့  လစာဟာ ၁ သိန်း ၆ သောင်းက စပြီး၊ တပ်မတော်သူနာပြု ဒုတိယဗိုလ်ရဲ့  လစာက ၁ သိန်း ၅ သောင်းကသာ စပါတယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) က ဗိုလ်ရဲ့  လစာဟာ ၁ သိန်း ၇ သောင်းက စပြီး၊ တပ်မတော်သူနာပြု ဒုတိယဗိုလ်ရဲ့  လစာက ၁ သိန်း ၆ သောင်းကသာ စပါတယ်။

ဒီတော့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရဲ့  ဒုတိယဗိုလ်လစာနဲ့  တပ်မတော်သူနာပြု ဗိုလ်ရဲ့  လစာက နိမ့်ကျပြီး သွားညီနေပါတယ်။ တစ်ဘက်က ပြောရရင် တပ်မတော် (ကြည်ူ၊ ရေ၊ လေ) က စစ်ဗိုလ်တွေနဲ့  တပ်မတော်သူနာပြုစစ်ဗိုလ်တွေ ရာထူးအဆင့်ချင်း တူညီပေမယ့် ရရှိတဲ့ လစာချင်းကတော့ ခွဲခြားခံထားရတာ ဖြစ်ပါတယ်။

ရာထူးအဆင့်ချင်း တူပေမယ့် လစာကွာခြားမှုတွေကို ဆက်ပြီး နှိုင်းယှဉ်ကြည့်ရင် - တပ်မတော် (ကြည်း၊ ရေ၊ လေ) က ဗိုလ်ကြီးရဲ့  လစာဟာ ၁ သိန်း ၉ သောင်းက စပြီး၊ တပ်မတော်သူနာပြု ဗိုလ်ကြီးရဲ့  လစာက ၁ သိန်း ၇ သောင်းကသာ စပါတယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) က ဗိုလ်မှူးရဲ့  လစာဟာ ၂ သိန်းက စပြီး၊ တပ်မတော်သူနာပြု ဗိုလ်မှူးရဲ့  လစာက ၁ သိန်း ၉ သောင်းကသာ စပါတယ်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) က ဒုတိယဗိုလ်မှူးကြီးရဲ့  လစာဟာ ၂ သိန်း ၃ သောင်းက စပြီး၊ တပ်မတော်သူနာပြု ဒုတိယဗိုလ်မှူးကြီးရဲ့  လစာက ၂ သိန်း ၁ သောင်းကသာ စပါတယ်။

အခြားအခြေအနေတွေကတော့ တပ်မတော်ရဲ့  အထက်ပိုင်းက အရာရှိကြီးတွေရဲ့ လစာတိုးမှုတွေနဲ့  ရာထူးတိုးမြှင့်မှုတွေဟာ မြန်ဆန်ပေမယ့်၊ အောက်ခြေ တပ်မတော်သား အရာခံအကြပ်တပ်သားတွေရဲ့  လစာတိုးမှုနဲ့  ရာထူးတိုးမြှင့်မှုဟာ အင်မတန်မှ နှေးပါတယ်။

တပ်မတော်သားဝန်ထမ်းချင်းအတူတူ ရာထူးအဆင့်အတန်းချင်းတူတာတောင် ခွဲခြားထားမှုကတော့ သိန်းစိန်တို့  မင်းအောင်လှိုင်တို့  လုပ်ရပ်ရဲ့  အာဏာရှင်ပီပီ တပ်မတော်ထဲမှာတောင် ခွဲခြားဆက်ဆံမှု ပြုလုပ်တယ်ဆိုတာကို တပ်မတော်အတွင်းက တပ်မတော်သားတွေနဲ့  အများပြည်သူလူထု သိရှိရအောင် သက်သေအထောက်အထားများနဲ့  ဖေါ်ပြလိုက်ရပါတယ်။

အာဏာရှင်စနစ်နဲ့  အာဏာရူးဗိုလ်ချူပ်ကြီး အဟောင်းအသစ်များ ရှိနေသ၍ မည်သူမျှ ထိုက်သင့်စွာ ရရှိရသင့်ထိုက်သော တန်းတူညီမျှအခွင့်အရေးများနှင့် တရားမျှတသော ခံစားပိုင်ခွင့်များကို ရရှိကြမည် မဟုတ်ပါကြောင်း။




No comments: