Tuesday, August 12, 2008

နအဖ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် ကြားသိစေရန်။

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ယောက် ကျောင်းကန်တင်းမှာ မြွေပေါက်ခံရပြီး ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေးမရှိလို့  အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့  ရင်တွင်းက ထွက်ရှိလာတဲ့ ခံစားမှုပြောဆိုချက်လေးတွေကို စုဆောင်းပြီး နအဖ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် ကြားသိစေရန် ဖေါ်ပြလိုက်ပါတယ်။

ဒီ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ယောက် မြွေပေါက်ခံရပြီး
သေဆုံးခဲ့ရတဲ့သတင်း မဖတ်ရသေးရင်တော့ (တက္ကသိုလ်ကျောင်းသူတစ်ဦး မြွေပေါက်ခံရတာ မြွေဆိပ်ဖြေဆေး မရှိလို့  ဆေးရုံတွေ အဆင့်ဆင့်လွှဲနေတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့။ http://niknayman-niknayman.blogspot.com/2008/08/blog-post_11.html ) ကို အရင်ဖတ်ကြည့်ပြီးမှ ပြည်သူတွေ ဘာတွေ ပြောလည်းဆိုတာ ပိုသိရမှာပါ။

ပြည်သူတွေ ဘာတွေ ပြောလည်း ကြည့်ရအောင် -

- အဲဒီ ၃ နေရာလုံးမှာ မြွေဆိပ်ဖြေဆေးက ရှိသင့်တာပေါ့နော်၊ ဒါပေမယ့်လေ လက်တွေ.့ မှာ နောက်ဆုံးက အကြီးဆုံးနေရာမှာတောင် ရှားရှားပါးပါး သိမ်းထားတာတွေက တစ်ခါတလေ expired date တွေနဲ့များ။

- မြေဆွိပ်ဖြေဆေးက ကျွန်တော်ကြားဘူးတာတော့ အလင်းရောင်တိုက်ရိုက်ထိတွေ့ မှု မရှိတဲ့ နေရာ၊ နောက်ပြီးတော့ ရေခဲသေတ္တာထဲမှာ (အပူချိန် ၈-ဒီဂရီစီအောက်မှာ) သိမ်းထားရတာလို့ ကြားဘူးတယ်ဗျ။ မြန်မာပြည်မှာ ဘယ်နေရာမှာမှ လျှပ်စစ်မီးက မမှန်တော့ မြွေဆိပ်ဖြေဆေးတွေလည်း ပျက်ပြယ်ကုန်ပြီ ထင်ပါရဲ့ဗျား။

- အော်... တာဝန်ခံ ဆရာဝန်တယောက်တည်း အပြစ်တဲ့လား။

- လှိုင်သာယာလို မြို့နယ်ဆေးရုံအဆင့်မှာတောင် ဆေးမရှိတာ၊ အင်းစိန်ဆေးရုံမှာလည်း မရှိတာ ထည့်စဉ်းစားပါဦးဗျာ။

နောက် သာမန်လူတစ်ယောက် မြွေကိုက်ခံရရင် အမြန်ဆုံးဆေးကုသမှုရနိုင်မယ့် အစီအစဉ် plan ကော ရှိလို့လားဗျာ။ ထုံးစံအတိုင်း စာရွက်ပေါ်မှာ ရှိတယ်ဆိုရင်လည်း အများသိရအောင် ပြောပါဦး။

- လှိုင်သာယာ၊ အင်းစိန်၊ ရန်ကုန်ဆေးရုံကြီးတွေကို အချိန်မှီရောက်ခဲ့လျက်သားနဲ့ လူတစ်ယောက်(သို့ ) ကျောင်းသူတစ်ယောက် (သို့ ) စက်မှုကျောင်းသူတစ်ယောက် ... မထင်မှတ်ပဲ မလိုအပ်ပဲ ဆုံးရှုံးသွားတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်။ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူးဗျာ။ သူ့ရဲ့ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းရပါတယ်။

- အခု ကျနော်တို့နိုင်ငံမှာ မြွေဆိပ်ဖြေဆေးဟာ အင်မတန်ရှားပါးနေပါတယ်။ ကမ္ဘာပေါ်မှာ မြွေဆိပ်ဖြေဆေးကို နိုင်ငံတိုင်းက မထုတ်လုပ်ပါဘူး။ အရင်က ဘီပီအိုင်မှာ အဆိပ်ရှိ မြွေတွေကို ၀ယ်ပါတယ်။ ၀ယ်လို့လည်း ရခဲ့ ပါတယ်။ ဟိုခေတ်ဈေးနဲ့ဆိုတော့ မြွေလာသွင်းတဲ့လူတွေ ပေါတယ်လေ။ ယခု လူတွေမြွေ လာမသွင်းကြတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆွေမျိုးပေါက်ဖေါ်နိုင်ငံက မိတ်အင်ဘားမား သစ်တောထွက်ဆို အားလုံး ဈေးကောင်းပေးဝယ်တယ်လေ။ တခြား အကောင်ပလောင်အစုံပါ ၀ယ်ပေးတော့ ရောင်းသူတွေက ကာစတန်မာ ဆားဗစ်ကောင်းတဲ့ဘက်ကို ရောင်းကြတယ်ဗျာ။ ဈေးကွက် စီးပွါးရေးပေါ့ ။

အဲသလိုနဲ့ နောက်ထပ်မြွေတွေမရတော့ အဆိပ်ဖြေဆေးလည်း ဆက်ထုတ်ဖို့ရန် အကြောင်းရယ် အဆင်မပြေပေါ့။ ရှိတာလေးတွေလည်း ဒိတ်တွေ အောက်ကုန်။ ကုန်ကြမ်းမရ၊ ကုန်ချောမထုတ်နိုင်တဲ့ ဘီပီအိုင်ပေါ့။ ( တခုတော့ လက်တို့လိုက်မယ်။ လက်ရှိဘီပီအိုင်တွေက မင်္ဂလာဈေးထဲက ဆေးဆိုင်တွေက ထုတ်တာတွေ များတယ်နော်)။

အခု လက်ရှိ မြန်မာပြည်က ဆရာဝန်တွေ ၁၉၈၈ ခုနစ် နောက်ပိုင်း ဆေးကျောင်းရောက်တွေ ကို မေးကြည့်ပါ။ အလောင်းမခွဲဖူးသူ၊ မြွေဆေးမထိုးဖူးသူ၊ အများကြီးနော်။ အလောင်းမခွဲဖူးဘူး ဆိုတာကလည်း လှူတဲ့လူရှိပေမယ့် ထိန်းသိမ်းတဲ့ စရိတ်မတတ်နိုင်လို့ပါ။ မျက်ကြည်လွှာ လှူတဲ့လူတွေများသား အိုင်းဘန့်ခ် (eyes bank) က လက်မခံနိုင်ပါဘူး ။

ကိုယ်တွေ့လေးတခုပါ။ ၂၀၀၆ တုန်းက ကျောင်းတုန်းက ဆရာမကို သွားကန်တော့တယ်။ ဆရာမကပြောတယ်။ သားတို့နဲ့ တတန်းထဲ တက်လာတဲ့ မ+++ မြွေကိုက်ခံရတယ်တဲ့။ မြို့ပေါ်မှာနော်။ ဆေးရုံသယ်သွားတယ်။ ကိုက်တဲ့မြွေက မြွေပွေး။ ဟုတ်ပြီ ဆေးရုံက မြွေဆေးထိုးပေးတယ်။ ထိုးရမှာ ၄လုံး၊ ဆေးရုံမှာ ၃လုံးရှိတယ်။ ထိုးပြီးတော့ တော်တော်သက်သာတယ်။ ၄လုံးတကို့စ်ဆိုတော့ ကျန်တလုံးဘယ်လိုလုပ်မလဲ။ ဆေးဆိုင်တွေ အားလုံးလိုက်မေးတော့ မရှိပါဘူး။ ဆရာဝန်ကပြောတယ်။ ထားလိုက်ပါ။ လူနာသက်သာနေပြီး မထိုးလည်းရတယ်တဲ့။ မထိုးတော့ဘူး၊ ထိုးစရာဆေးလည်းမရှိဘူး။ အင်း - ကောင်းတော့ကောင်းတယ်။ တပတ်၊ ရှစ်ရက်မြောက်လည်းရောက် တကိုယ်လုံး အကြောဆွဲ ပြာနှမ်းပြီး ဆုံးပါးသွားရရှာတယ်ဗျာ။ ကျနော်စိတ်မကောင်း တကယ်ဖြစ်တယ်။ သူငယ်ချင်းက ဘ၀တပါးပြောင်းတာလေ။

ကျနော်မေးကြည့်တယ် .... မြွေဆေးတွေဘာလို့ မရှိတာလဲ.... အဖြေကတခုထဲထွက်တယ် ။ တရုတ်ပြည်က ဘိုင်ယာက ဈေးကောင်းပေးဝယ်ပြီး သိမ်းသွားတာတဲ့ဗျာ။ ရန်ကုန်မှာလည်း မရှိဘူးဆိုပဲ... ဟုတ်မဟုတ်တော့ သေချာမသိပါ။

မြို့ကလူတွေ မြွေကိုက်တာ အသက်ဆုံးရတယ်ဆိုတော့ တောနေလူတန်းစား ပိုးထိ ( မြွေကိုက် ) ခံရရင် မစဉ်းစားနိုင်တော့ပါ။ အဖြေက ၁၀၀% တခုထဲရှိတာပါ။

- လွန်ခဲ့တဲ့ (၅) နှစ်လောက်ကပေါ့ ။ အဲဒီလိုမျိုးပဲ ကိုယ်တိုင်ခံစားခဲ့ရဘူးတယ်။ အမအရင်းခေါက်ခေါက်ကြီးပါ။ အဲဒီတုန်းက ရမည်းသင်းဆေးရုံမှာ။ အဖေတစ်ယောက် ဆရာဝန်တွေကို လက်အုပ်လေးချီလိုက် ကန်တော့ပြီးတော့ ပြောတာ။ နောက်ဆုံးတော့ ဘာမှာလုပ်လို့ မရပါဘူးဆိုတာလေးနဲ့ပဲ အမတယောက်လုံးဆုံးမှာကို ထိုင်ကြည့်နေရတော့တယ်။ အဲဒီတုံးက ဆရာဝန်တွေကို ဘာလို့ မလုပ်ပေးနိုင်တာလည်း စဉ်းစားလို့မရခဲ့ဘူး။ ခုတော့အဖြေက ရှင်းသွားပြီပေါ့ ။ မြွေကိုက်ခံရလျှင် တလမ်းပဲရှိတော့တာပေါ့ ရန်ကုန်မှာတောင် မမှီတာ။ ရမည်းသင်းဆိုတော့လည်း ဘာမှာမပြောတော့ပါဘူး။

- ကျွန်တော်တို့ တော်တော်သတိထားမှ ဖြစ်မယ်။ ကျွန်တော်အပါအ၀င် တော်တော်များများက မြွေပေါက်ခံရတာများ ဆေးရှိတယ် ထင်နေကြတာဗျ။ ခုဟာက ဆေးမရှိတာ သေချာပြီ။ ကျန်းမာရေးအနေနဲ့ အခုလို အားဆေးအမည်သစ်တွေကို တစ်မျိုး သိန်း (၂၀) နဲ့ သိန်း (၃၀) ကြား လက်ခံပြီး၊ ပါမစ်တွေ ချပေးနေမယ့်အစား မြွေဆိပ်ဖြေဆေးလိုဆေးမျိုးကို ပိုက်ဆံမယူပဲ ပါမစ်ချပေးသင့်တယ်။

- မြန်မာပြည်က ဆောင်ပုဒ်တွေကောင်းတဲ့ နိုင်ငံတော်လေ။ မြေမြိုလို့ လူမျိုးမပြုတ်၊ လူမြိုမှလူမျိုးပြုတ်မည် ။ မြွေကိုက်မသေ၊ ဓါတ်လိုက်လျှင် သေတတ်သည်။ ဒီဟာ ကြားဖူးကြလားမသိဘူးနော်။

အခု ကျနော်တို့တိုင်းပြည်မှာတော့ မြွေကိုက်သေ၊ ဓါတ်လိုက်သေ။ အသစ်တခုကတော့ လေတိုက်သေတောင် ထွင်ပြောရတော့မယ်။

- မြွေဆိပ်ဖြေဆေးက ၄လုံး တကို့စ်ဆိုတော့ ပုံမှန် ၄ လုံး ထိုးပါတယ်။ ဒါပေမယ့် ၈ လုံးအထိ ထိုးပြီးတော့ သေသွားတာ ၂ ယောက် တွေ့ဖူးပါတယ်။

ကျွန်တော် အလုပ်သင်ဘ၀မှာ မြွေတွေ အများကြီး ရောက်လာတယ်ဗျ။ တော်တော်ကို များတယ်။ (ဆေးရုံနားက) ရန်ကုန်ဆင်ခြေဖုံးမှာ တစ်ညကို တစ်ယောက်နှုန်းလောက်နဲ့ အကိုက်ခံရတယ် ထင်စရာပဲ။ မြွေထွက်ကောင်းတဲ့ရက်ဆိုရင် ၃ ယောက်လောက်တောင် လာတယ်။ ဆေးကျောင်းမှာတုန်းကတော့ မြွေကိုက်ရင် ဖြေဆေးထိုးတာပဲ သိတာ။

တကယ်ကျတော့ အတော်လေး အလုပ်ရှုပ်တာကလား။ အရင်ဆုံး အဆိပ်ရှိမရှိကြည့်။ များသောအားဖြင့် မြွေပါမလာဘူး။ ဒီတော့ သွေးလေးဘာလေး စစ်ကြည့်၊ သိပ်မဟန်ရင် ဆေးထုတ်ပေတော့ပဲ။ များသောအားဖြင့် ရေမြွေတို့၊ ကင်းခြေများတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မှတ်မှတ်ရရ ၄-၅ ယောက်ကတော့ တကယ့်မြွေပွေး အကိုက်ခံရတာ။ အဲသည်ထဲက ၂-၃ ယောက်ကတော့ မရဘူး။ ဆေးလည်း ထိုးတာပဲဗျ။ ၄ လုံးတောင် မဟုတ်ဘူး။ ၈ လုံးထိုးတာ။ ရောက်တာပဲ နောက်ကျလို့လား။ ဒါမှမဟုတ် ဆေးတွေကပဲ မပြည့်လို့လား မပြောတတ်ဘူး။

လူနာတွေကတော့ ဘာမှ မပြောရှာပါဘူး။ ဗမာလူမျိုးတွေက တရားနဲ့ ပြည့်ဝကြတယ်။ သို့ပေမယ့်လည်း ဆေးမပြည့်တာကိုတော့ ဘယ်သူ့ကို အပြစ်တင်ရမှန်း ကျွန်တော်လဲ မသိဘူး။

ဆေးမပြည့်ဘူးဆိုတာက ဒီလိုပါ။ ဘီပီအိုင်က ပုံမှန်ကို အလုံးရေ ၁၀၀ ထုတ်တယ် ဆိုပါတော့ဗျာ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သူတို့ရဲ့ ထုတ်လုပ်နိုင်မှု ကျလာပါတယ်။ မြွေဖမ်းလို့ မရဘူးလို့ ပြောကြသလို၊ မြင်းတွေ နည်းသွားလို့ ဆိုတဲ့ အကြောင်းက နောက်တစ်ခုပါ။ ဒါ့အပြင် မြန်မာပြည်တစ်ဝှမ်း ဆေးရုံတွေကို အများကြီး တိုးချဲ့ပါတယ်။ အဲသည်တော့ မြွေဆေးအများကြီး လိုလာပါတယ်။

ဘီပီအိုင်က ဆေးပုလင်းတွေကို ရေရောထားတာ ရပါတယ်။ အဲသည်တော့ လိုအပ်ချက် ပြည့်မီသွားတာပေါ့ဗျာ။ ဘာတဲ့ - ဆေးရုံများတွင် မြွေဆိပ်ဖြေဆေးများ လုံလောက်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးထားလျက်နှင့် - ဆိုတာမျိုးပေါ့။ လုံလောက်စွာ ဖြည့်ဆည်းပေးထားတာပဲ။ ဟုတ်ပါ့။ ဟုတ်ပါ့။ ရေရောထားတာလေးတွေ ရက်ကျော်နေတာလေးတွေနဲ့ လေ။

ရလာဒ်ကတော့ ကျွန်တော်တို့က အိပ်ရေးပျက်ခံပြီးတော့ မြွေဆေးထိုးရတယ်။ ၄ လုံးထိုး၊ မသက်သာသေးရင် ၈ လုံးထိုး၊ ပြီးတော့ လူနာက မရှင်။ လူနာရှင်တွေကတော့ ဆရာဝန်တွေကို အပြစ်မတင်ရှာဘူး။ ဆေးထိုးပေးတယ်။ ၂ ဆတောင် ထိုးပေးတယ်ပေါ့။ ကျေးဇူးတောင် တင်နေသေးတယ်။ သို့ပေမယ့်လည်း ဆေးမပြည့်တာကိုတော့ သူတို့ မသိရှာဘူး။

- ကိုယ်တွေ့လေးတစ်ခု ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပေါ့။ ကိုယ်တွေကလည်း ရှေးဦးသူနာပြုလေး မတောက်တခေါက် တတ်တာပါ။ လမ်းထဲ ရပ်ကွက်ထဲမှာ ကလေးတွေ ထိခိုက် အနာတရ ဆို ပလာစတာလေး ဘာလေး ကပ်ပေးနေကျ။ တစ်နေ့တော့ မိုးစပ်စပ်ကလေးနေ့မှာ အိမ်မှာ အလုပ်လုပ်တဲ့ ဟိုဘက်ကမ်းက ကောင်မလေးက သူ့ အိမ်နီးချင်း အဒေါ်ကြီး တစ်ယောက်ကို ခေါ်လာတယ်။ ခုလေးပဲ သမ္ဗာန်ဆိပ် အလာမှာ အကောင်ကိုက်လို့တဲ့။ ဆေးရုံသွားလည်း ဘာမှ ရှိမှာ မဟုတ်ဘူးတဲ့။ ဆေးလည်း ဘာလေး ထည့်ပေးပါလားတဲ့။ ကြည့်လိုက်တော့ မြွေကိုက်တယ် လို့ပဲ တွက်လိုက်တယ်။ မြွေကိုက်လို့ ကိုက်မှန်းလည်း မသိ။ မြွေကိုက်တာကို ဆေးထည့်ပေးရင် ပျောက်တယ် ထင်နေကြတယ်။ ကျန်းမာရေး ပညာပေး ဗဟုသုတနည်းရှာတယ်။ တစ်နေကုန် ခါးချိအောင်လုပ်မှ ထမင်း ၂ နပ်ဝကြတဲ့ လူတန်းစားတွေ ဆိုတော့ ဘယ်လို အပြစ်တင်ရမလဲ။

ကိုယ်ကပဲ ပြောလိုက်တယ်။ မြွေကိုက်တာ ဖြစ်မယ်လို့ ဆိုတော့မှ ပြူးပြဲ လာကြတယ်။ မတတ်နိုင်တော့ဘူး။ ဆေးရုံ ရောက်အောင်လည်း စောင့်မနေနိုင်တော့ဘူး။ တတ်သလောက် မှတ်သလောက် နဲ့ ခြေသလုံးကို ဘောင်းဘီ သရေကြိုးနဲ့ချည် ၊ ရှိတဲ့ ခွဲစိတ်ဓား အသေးလေးကိုပဲ အရက်ပျံ မီးခွက်လေးနဲ့မီးကင် အရက်ပျံသုတ်ပြီး ကြက်ခြေခတ်လေး ခွဲလိုက်တယ်။ ဆေးပုလင်း အလွတ်လေး တစ်လုံးရှာ မီးပူပေးပြီး အနာပေါ် ဖိတင်လိုက်တယ်။ သွေးတွေ ထွက်ကျလာတာ မနည်းဘူး သွေးမည်းတွေ။ လူနာက အဆိပ်တက်နေပြီ။ ခြေထောက်ကို သုံးမြှောင့် ပတ်တီးတွေနဲ့ ၀ါးခြမ်းပြားတွေ သုံးပြီး ကျပ်စည်းပေးလိုက်တယ်။ လိုရမယ်ရ ပရိတ်ရေမန်းလေး ပါ တိုက်လိုက်သေးတယ်။ ပြီးတော့ အဖေလည်း အိမ်မှာ ရှိနေတော့ အဖေကိုပဲ ကားနဲ့ ဆေးရုံလိုက်ပို့ ခိုင်းလိုက်တယ်။

အရေးပေါ် ရောက်တော့ အရေးပေါ်မှာ အလုပ်သင် ဆရာဝန်ပဲ ရှိတယ်။ တာဝန်ကျ ဆရာဝန် မလာသေးဘူးတဲ့။ ဒုက္ခ ။ မြွေကိုက်တဲ့ လူနာ ဆိုတော့။ စစ်ဆေးရဦးမယ် တဲ့။ ဘာမြွေလဲတဲ့။ ကာယကံရှင်ကလည်း မြွေကိုက်တာမှန်းတောင် မသိပါဘူး ဆိုမှ ဘာမြွေလဲ လုပ်နေတယ်။ သွေးစစ်မယ်၊ ဘာညာကွိကွ ပေါ့။ မြွေ အမျိုးအစား သိမှ ဆေးထိုးလို့ ရမယ်ပေါ့လေ။ ဒုက္ခပါပဲ။ မနေနိုင်တော့ဘူး။ ကဲ ဟောက်ဆာဂျင် ကိုကို နဲ့ မမ ရေ ခြေမျက်စိ အထက်မှာ အပေါက်လေးတွေ ဆိုရင် မြွေဟောက်။ ခြေမျက်စိအောက်မှာ ဆိုရင် မြွေပွေးပါ လို့ ပြောပစ်လိုက်တယ်။ တို့တိုင်းပြည်ကြီး ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ဘယ်လောက်ကောင်းလဲ ဆိုတော့ အဲဒါသာ ကြည့်ပါတော့။ လူနာကတော့ အချိန်မှီ မြွေဆိပ်ထုတ်လိုက်နိုင်ပြီး ဆေးထိုးလိုက်နိုင်တော့ အသက်အန္တရာယ်တော့ ကင်းသွားပါတယ်။

အဲဒီတုန်းကတော့ ကိုယ်လုပ်လိုက်တာ မှားတယ် မှန်တယ် ဝေခွဲဖို့ထက် လူနာအသက်ကိုပဲ ဦးတည်နေမိတယ်။ ပြောချင်တာကတော့ ကျန်းမာရေး ပညာပေးတွေ လိုအပ်နေတာတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှု လိုအပ်နေတာတွေ၊ မပြည့်စုံတာတွေ၊ ဆေးမပြည့်တာတွေ၊ အဲဒါတွေကို ဖြေရှင်းဖို့က ဘယ်သူတွေမှာ တာဝန်ရှိတာပါလဲ ခင်ဗျာ။ ကိုယ်တို့ အောက်ခြေလူတန်းစားတွေက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ။

ဆေးမပြည့်ဘူး ဆိုတာ နဲ့ ပတ်သက်လို့ ကြားဖူးတာလေး ပြောရရင် - အရင်က ဘီပီအိုင် ဆေးအချို့က တကယ်တော့ ဆွစ်ဇလန်က အကူညီပေးတဲ့ ဆေးတွေကို ပုလင်းသွတ် တံဆိပ်ကပ်ပြီး ဘီပီအိုင်လို့ ထုတ်ခဲ့တာပါ။ ဒါကြောင့် ဘီပီအိုင်က ဆေးတွေက သိပ်ကောင်းတယ်လို့ တစ်ချိန်က နာမည်ကြီးခဲ့ပါတယ်။ ပေါက်ဖော်ကြီးတွေကတောင် ပြန်ဝယ်ယူခဲ့ကြပါတယ်။ အခုတော့ ..... အခုတော့။

- အမှန်ပါ။ တချို့ဆေးရုံတွေမှာ ဘာဆေးမှ အလုံအလောက်မရှိတာကို ၀န်ကြီးဆိုတဲ့သူက တကယ်ပဲမသိတာလား၊ မသိချင်ယောင်ဆောင်တာလားတော့ မသိဘူးဗျ။ ရန်ကုန်ဆေးရုံကြီးမှာလည်း ရှိတယ်ဆိုပေမယ့် အဲဒီ မြွေဆိပ်ဖြေဆေးအများစု(၈၀%) လောက်က expired ကြီးပဲဗျ။ Anti-Biotics တွေလည်း အကုန် expired ကြီးပဲ။ အဲ ပေးတုန်းကတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် စာရင်းအင်းစနစ်တကျမရှိတာရယ်၊ ဆေးတွေကို အုပ်စုလိုက်၊ ယူသုံးလို့လွယ်အောင်၊ ယူသုံးလို့အဆင်ပြေအောင် ဆေးအုပ်စုလိုက်၊ နာမည်လိုက်မထားတာရယ်၊ First in First out လိုမျိုးစနစ်တွေမထားတာရယ်၊ နောက် ဆေးတွေယူယူပေးရရင် ကိုယ့်ဆီက အထွက်များရင် ရောင်းစားနေတယ်လို့ထင်ခံရမယ်ဆိုတာတွေကြောင့် ဆေးစတိုကိုင်တဲ့ ဆရာဝန်အများစုကလည်း လူနာတွေအတွက် ဆေးထုတ်ပေးရမှာ လက်တွန့်ကြတယ်ဗျ။ ဆေးရုံကြီးမှာတောင် ကိုယ်တွေ့ပါ။ အဲဒီ အခုအင်းစိန်ဆေးရုံအုပ်က မြွေဆိပ်ဖြေဆေးမရှိလို့ဆိုတာကလည်း သူ့မှာမတကယ်မရှိတာ ဖြစ်နိုင်သလို၊ သူ့မှာရှိတဲ့ဟာကလည်း ၅နှစ်၊ ၆နှစ်လောက် ဒိတ်အောက်နေလို့ မထိုးရဲလို့ ဆေးရုံကြီးလွှဲတာလည်း ဖြစ်နိုင်တယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်သူမှမသုံးရ၊ မဆွဲရဘဲ အလဟသအဖြစ်ဆုံး ပစ်စည်းတွေမှာ အဲဒီဆေးရုံတွေက ဆေးတွေကအဆိုးဆုံးပဲဗျ။ ဘယ်သူ့အတွက်မှသုံးဖို့ သိမ်းထားမှန်းကိုမသိတော့ပါဘူးဗျာ။ တချို့ဆရာတစ်ယောက် ပြောဖူးလို့သိတာ။ ဆေးရုံတွေက တကယ့်ဆေးဂိုဒေါင်ကြီးတွေမှာ စီထားတဲ့ တချို့ဆေးတွေဆို ကျွန်တော်တို့ထက်တောင် အသက်ကြီးတယ်ဆိုပဲဗျ။ မဆလခေတ်မတိုင်ခင်ကတည်းက ဆေးတွေရော၊ တချို့ စစ်ခေတ်တုန်းကဆေးတွေရော အစုံပဲဗျ။

- ပထမဆုံး ဖြစ်စဉ်လေးကို ပုံကြမ်းဆွဲကြည့်တာ -

• ၁၀နာရီ၄၅မိနစ် - လှိုင်သာယာနည်းပညာတက္ကသိုလ် - မဆုမြတ်မွန်မြွေကိုက်ခံရ။

• ၁၁နာရီ၁၅မိနစ် - လှိုင်သာယာပြည်သူ့ဆေးရုံ - လိုအပ်သောစုံစမ်းစစ်ဆေးမှုများနှင့် ကုသမှုများပြုလုပ် - အင်းစိန်ဆေးရုံသို့လွှဲပြောင်းစာနှင့်အတူ လွှဲပြောင်းပေး။

• ၁၁နာရီ၅၀မိနစ် - အင်စိန်ဆေးရုံ - တာဝန်ကျဆရာဝန်မှ တာဝန်ကင်းမဲ့စွာ မြွေဆိပ်ဖြေဆေးမရှိဟုဆိုပြီး အထွေထွေရောဂါကုဆေးရု့သစ်ကြီး(ရန်ကုန်)သို့သွားရန် ပြောကြားခဲ့။

• ၁၂နာရီ၁၅မိနစ် - အထွေထွေရောဂါကုဆေးရုံသစ်ကြီး(ရန်ကုန်) - တာဝန်ရှိသူက ဆီးနှင့်ကျောက်ကပ်ဌာနရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့သွားရန်ပြောကြား။

• ၁၂နာရီခွဲ - ရန်ကုန်ပြည်သူ့ဆေးရုံကြီး - လူနာသေဆုံးနေပြီဖြစ်။

လှိုင်သာယာဆေးရုံဆိုတာ မြို့နယ်ဆေးရုံပါ ... အဲဒီမှာကတည်းက မြွေဆိပ်ဖြေဆေးထိုးပေးပြီး ကိစ္စပြတ်ရမှာ ဘာမှ ဟိုဆေးရုံ ဒီဆေးရုံတွေကိုလွှဲနေစရာကိုမလိုဘူး။ လှိုင်သာယာ ပြည်သူ့ဆေးရုံ - လိုအပ်သောစုံစမ်းစစ်ဆေးမှုများနှင့် ကုသမှုများပြုလုပ် ဆိုတာ ဘာလုပ်တာလဲဗျ။ အဲဒီမှာကုတယ်ဆိုကတည်းက အဲဒီမှာ မြွေဆိပ်ဖြေဆေးထိုးရမှာပေါ့။
မြွေကိုက်တာကို မြွေဆိပ်ဖြေဆေးထိုးတာအပြင် တခြားကုသမှုတွေ လုပ်စရာလိုလို့လားဗျာ
ရှေးဦးသူနာပြုစုနည်းနဲ့လုပ်ပေးတယ်တော့လာမပြောနဲ့လေ။ အဲဒီအတွက်တော့ ဆေးရုံတောင် သွားစရာမလိုဘူး။

ကျနော်ကတော့ ဘယ်ကိုမှမ၀င်ဘဲ ဆေးရုံကြီးကို အရင်ဦးဆုံးအချိန်မှီအောင်သွားရင်တောင် မြွေဆိပ်ဖြေဆေးအချိန်မှီ ထိုးနိုင်လိမ့်မယ်လို့ မထင်ဘူး။ အခုဟာက ဘော်လီဘော ပုတ်ကြတာချင်းအတူတူ လှိုင်သာယာဆေးရုံကလူတွေလည်း ဘာမှမဖြစ်။ အထွေထွေရောဂါကုဆေးရုံသစ်ကြီး ဆိုတဲ့ဟာကြိးကလူတွေလည်း ဘာမှမဖြစ်ဘဲ အင်းစိန်ဆေးရုံက တာဝန်ကျဆရာဝန်ပဲ ကံကွက်ကြားပြီး - နင်ချည်းသာ သေပေတော့ - အလုပ်ခံလိုက်ရတယ်ထင်တယ်။

ထားပါတော့ ဒါကအရပ်ဘက်ဆေးရုံတွေမို့လို့ စစ်ဆေးရုံတွေဆိုရင်တော့ ဆေးစုံမှာပဲ ထင်လား။ မင်္ဂလာဒုံစစ်ဆေးရုံကြီးကို မြွေကိုက်ခံရတဲ့စစ်သားတယောက် ကိုက်ခံရပြီး နာရီပိုင်းအတွင်း သတိကောင်းနေတုံး ရောက်လာတယ်။ သူ့ကိုကိုက်တဲ့မြွေကိုလည်း သူကိုယ်တိုင်ရိုက်ပြီးယူလာတယ်။ ဟုတ်ကဲ့ အဲဒီစစ်သား မြွေဆိပ်တက်ပြီး သေသွားပါတယ်။
ကျနော့်အမကိုယ်တိုင် မြင်ခဲ့တာပါ။ သူဆို တဗြစ်တောက်တောက်နဲ့ အသုံးမကျတဲ့ကောင်တွေ၊ မြွေအသေပါလာတာတောင် အဖြစ်ရှိအောင်မကုနိုင်ဘူးဆိုပြီး ဆဲလို့မပြီးတော့ဘူး။

ဘဘကြီးသန်းရွှေတို့အတွက် ဘုန်းတော်ဘွဲ့ရွတ်ချင်တဲ့လူတွေလည်း သတိလေးထားကြဦး။ ကိုယ့်ကိုမြွေကိုက်ခံရမှ ဘဘကြီးတို့ ဘုန်းတော်ဘွဲ့တို့ ဘာမှမကယ်နိုင်ဘူး ဖြစ်နေမယ်။

- ဆေးတွေကို သတ်မှတ်ထားတဲ့ စံညွှန်းအတိုင်း ထိန်းသိမ်းဘို့ဆိုတာ ၊ အရင်းအနှီး လိုပါတယ်၊ နည်းပညာလိုပါတယ်၊ နိုင်ငံတကာ ဆေးကုမဏီလောက မှာ QA (Quality Assurance) ဆိုတဲ့ ရာထူးတခု အခု နှစ်ပိုင်းမှာ ရေပန်းစားလာတာ၊ QA Audit ဆိုပြီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမဏီကြီးတွေကနေပြီး သူတို့ရဲ့ တရားဝင် ဖြန့်ချီရောင်းချ သူတွေကို နှစ်စဉ် လစဉ် စစ်ဆေးတာတွေ လုပ်နေကြပါတယ်၊ မြန်မာပြည်မှာ လုပ်နိုင်ပါသလား ဆိုရင်၊ တချို့သော နိုင်ငံခြားကုမဏီတွေနဲ့ တချို့တချို့သော မြန်မာပိုင် ဆေးကုမ္မဏီတွေလုပ်ကြပါတယ်။

သူတို့လုပ်လေတော့ သူတို့ကလဲ ၊ အဲဒီကုန်ကျစရိတ်တွေကို Cost ထဲ ထည့်သည်ပေါ့၊ ဆေးက ဈေးကြီးသည်ပေါ့၊ မှောင်ခိုချတဲ့ဆေးဆိုင်တွေကတော့ ဈေးကြီးတယ် မ၀ယ်နဲ့၊ ဒါလဲ တူတူပဲဆိုပြီး ၊ အရည်အသွေးမပြည့်တဲ့ဆေးတွေ၊ အတုတွေ ထိုးရောင်း၊ စားဘို့တောင် အနိုင်နိုင် လူမမာ ခမျာမှာ ၊ သိချင်လဲ သိမယ် မသိချင်လဲ မသိဘူ၊ မျက်စိမှိတ် ဇွတ်ဝယ်၊ နောက်ဆက်တွဲကတော့ အားလုံးသိတဲ့အတိုင်း။

ဆိုလိုချင်တာက အအေးခန်းမှာ ထားတဲ့ဆေး ဆိုပါတော့၊ ၈-၂ ဒီကရီမှာထားရတယ်၊ အဲဒီလိုဆေးမျိုးဟာ သာမာန် အခန်းအတွင်းအပူချိန်မှာ ၂၄ နာရီ အပြင် ပိုနေလို့မရဘူး၊ ပိုသွားတာနဲ့ ဆေး အာနိသင် မရှိတော့ဘူး။

ဆေးရုံမှာ ဆေးမရှိတာ ပြောတယ်၊ ဆေးရုံကို ဆေးကုမဏီတွေက ဆေးရောင်းချင်လိုက်တာမှ ပျာလို့၊ ဆေးရုံကို ဆေးရောင်းခွင့်ရ ရေးအတွက်၊ ဆရာကြီး ဆရာမကြီးတွေကို ဘယ်လို support ပေးရတယ်ဆိုတာကလဲ ပြောဖွယ်ရာမရှိ၊ ဘာလို့ဆေးမရှိလဲ ဆိုတော့ ဘတ်ဂျတ် မရှိလို့ပါပဲ၊ အကြွေး ကျလွန်းရင်လဲ ဘယ်ပုဂ္ဂလိက ကုမ္မဏီက မှ ရေရှည်မရောင်းနိုင်ပါဘူး။

မြွေဆိပ်တက်ပြီး ဆေးမရလို့ ဆုံးပါးသွားတဲ့ ညီမလေးအကြောင်းကြားပြီး မခံမရ နိုင်လွန်းလို့ ၀င်ပြောမိတာ။

- ဖတ်ရတာရင်မောတယ်ဗျို့၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘယ်ခေတ်နဲ့မှ မတူတဲ့ခေတ်ကြီးထဲမှာ လူလာဖြစ်နေရတာကိုး။ ဆေးရုံတွေမှာ ဆေးဝယ်ဖို့ ဘတ်ဂျက်က မလောက်ငှ၊ အဲဒီတော့ ဆေးက မရှိ၊ ရှိသမျှဆေးကျတော့လည်း စနစ်တကျသိမ်းဖို့  က မီးကမလာ။ ၀ိသမသမားတွေကလည်း ဆေးအတုရောင်း၊သက်ဆိုင်ရာဝန်ထမ်းတွေက လည်း စိတ်ဓာတ်ပျက်ပြား။ အဂတိကများ။ စာရေးဆရာတစ်ဦးပြောတဲ့စကား သတိရမိတယ်။
မြန်မာပြည်မှာ ပိုက်ဆံမရှိရင်သေတတ်တယ် တဲ့။

အခုကိစ္စဆိုရင် ပိုက်ဆံရှိလည်း သေတတ်တယ်။ဘယ်လိုပြောရတော့မလည်း မသိ။

- မြွေကိုက်ခံရရင် ပြည်သူ့ဆေးရုံမသွားဘဲ ဗဟိုစည်တို့ ပါရမီတို့ လို အထူးကုဆေးရုံကြီးသွားလို့ ရှိရင် မြွေဆိပ်ဖြေဆေး အသာလေးရလောက်ပါတယ်။

- ဒီလိုဆေးမျိုးက အစိုးရဆေးရုံတွေမှာပဲ ထားတာထင်တာပဲ။ အခုက အစိုးရဆေးရုံတွေရဲ. စည်းစနစ်မကျမှုကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးရတာပါ။ အဖြုတ်ခံလိုက်ရတဲ့ ဆရာဝန်တွေကတော့ ကံဆိုးသူ အထိုးကျွေးခံပေါ့ဗျာ။ တကယ် အပြစ်ရှိတာက စည်းစနစ် မကျနမှုနဲ. အဲ့စည်းစနစ်ကို သေချာ အကောင်ထည်ဖော်ဖို့  မစဉ်းစားတဲ့ ၀န်ကြီးဌာနပေါ့။

- ကျနော်အိမ်ေ ပါ် ထပ်က House surgeon ဆင်းနေတဲ့ ဆရာဝန်ပေါက်စတယောက်က ပြောဘူးပါတယ်။ ဆေးရုံမှာ တခုခုမှားသွားရင် ဆရာဝန်ကြီးတွေက ဆရာဝန်ပေါက်စတွေကိုပဲ အပြစ်လွှဲချလေ့ရှိပါတယ်တဲ့။