Sunday, January 18, 2009

လူကြီးလူကောင်း။

လူကြီးလူကောင်း။

(နတ်မောက် ဘုန်းကျော်)။

(၁)

ယနေ့ ခေတ်လူငယ်များကို တိုင်းပြည်နှင့်လူမျိုးက ယခုထက်ပိုမို အားထားရသော လူကြီးလူကောင်းများအဖြစ် ကျွန်ုပ်တို့  မြင်တွေ့ လိုပါ၏။လူကြီးလူကောင်း ဆိုသည်မှာ ကိုယ့်ဘာသာကိုယ် " ငါ လူကြီးလူကောင်းကွ" ဟု ကြွေးကြော် သတ်မှတ်၍ ရစတမ်း မဟုတ်ပါ။ တကယ် အမှန်အကန် လူကြီးလူကောင်း တို့  တွင် ရှိရမြဲ ဖြစ်သည့် ဂုဏ်အင်္ဂါ ရပ်နှင့် ပြည်စုံနေမှသာ လူကြီးလူကောင်းဟု ခေါ်ရပါသည်။ဒါဖြင့် လူကြီးလူကောင်းတို့ တွင် ရှိရမည့် အင်္ဂါရပ်ဆိုသည်မှာ အဘယ်အင်္ဂါရပ် ဖြစ်သနည်း လေ့ လာကြဦးစို့ ။

စာရေးဆရာကြီး ဆင်မြူရယ်စမိုင်းက ......

လူကြီးလူကောင်းဆိုသည်မှာ လူတဦးသည် မိမိလက်အောက်မှ လူများကို ဘယ်လိုအုပ်ချုပ် သလဲ ။ မိန်းမသားများနှင့် ကလေးများကို ဘယ်လို ဆက်ဆံတတ်သလဲ၊ သူဟာ ကိုယ့်ကို ပြန်လည် ရန်မပြုနိုင်သူများအပေါ် နိုင်လိုမင်းထက် နှိပ်စက်ကလူ လုပ်တတ်သလား၊ အရာရာတွင် ရှေ့ နောက် တိုင်းထွာ ဆင်ခြင်တတ်သလား၊ ရိုးသားဖြောင့်မတ် ရဲ့ လား၊ ဆိုတဲ့  အချက်တွေကို ဆန်းစစ်ကြည့်လျှင် လူကြီးလူကောင်းဆိုတာ သူတပါးကို ထောက် ထား ညှာတာ တတ်ရမယ်၊ ရိုးသားဖြောင့်မတ် ရမယ်၊ ကိုယ်နှုတ်နှစ်ပါး ချုပ်တည်း ရမည်၊ စိတ်ရှည်သည်းခံတဲ့  ခမာဂုဏ် ၊ ရှေ့  နောက် ဆင်ခြင် တိုင်းထွာ တတ်တဲ့ ဣက္ခနာ ဂုဏ် ၊ တဖက်သားကို ကြင်နာသနား ကိုယ်ချင်းစာနာတတ်တဲ့  ဒယာဂုဏ်၊ စတဲ့  ဂုဏ်တွေ နဲ့  ပြည်စုံရမယ်။ စိတ်နေသဘောထား ရင့်ကျက်ကြီးမားရမယ်၊ ကြွားဝါထောင်လွှားတတ်တဲ့ မာနတရားလည်း ကင်းရမယ်၊ အနည်းဆုံး ဒီအရည်အချင်းတွေနဲ့  ပြည်စုံ မှသာ လူကြီးလူကောင်း လို့  ခေါ်သင့်ပါတယ်။

ယဉ်ကျေးရဲရင့် တဲ့  လူကြီးလူကောင်းများသည် သိက္ခာရင့်ကျက် သဘောထား ရင့်ကျက်လေ့ ရှိ၏။ ရှေးက သူရဲကောင်းများ စီးချင်းထိုး ယှဉ်ပြိုင် တိုက်ခိုက် ရာ၌ ပြိုင်ဘက် အပေါ် မတရား အနိုင်ယူလေ့ မရှိချေ။ ယှဉ်ပြိုင်နေစဉ် ယှဉ်ပြိုင်ဘက် တဦး လက်နက်လွတ်ကျ သွားသော် တခြား လက်နက်ရှိ ယှဉ်ပြိုင်သူက လက်နက်မဲ့ သူကို ဇွတ်ဝင် ရောက် မတိုက်ခိုက်၊ လက်နက်ပြန်လည် တပ်ဆင်ပြီးသည် အထိ စောင့်ဆိုင်းပြီးမှ ဆက်လက် တိုက်ခိုက်ကြ ၏။ ပြင်းထန်စွာ ဒါဏ်ရာ ရသူကို ယှဉ်ပြိုင်ဘက်က ဆက်လက် မတိုက်ခိုက်ကြချေ။

(The brave man is magnanimous as well as gentle) ရဲရင့်သော သူသည် ယဉ်ကျေးသည့်အပြင် စိတ်သဘောထားလည်း ကြီးမား၏။တချိန်က အင်္ဂလိပ်နှင့် ပြင်သစ်တို့ စပိန်ပြည်အတွင်း " ဒက်တင်းဂျင်း" ဒေသ၌ တိုက်ပွဲ ဖြစ်ပွား၏။ ပြင်သစ် မြင်းတပ်ဖွဲ့ တဖွဲ့ က ဗြိတိသျှ တပ်ရင်းကို ဝင်ရောက်စီးနင်း တိုက်ခိုက် စဉ် ပြင်သစ် မြင်းစီးတပ်သား တဦးသည် Sir Felton Harvey ဆိုသူ ဗြိတိသျှ စစ်အရာရှိ တဦးဆီသို့  ဇွတ်အတင်း ထိုးဝင်တိုက်ခိုက်လာသည်။ ပြင်သစ် မြင်းစီးတပ်သားက ဗြိတိသျှ စစ်ဗိုလ်ကို ဓားဖြင့် ခုတ်မည် ပြုစဉ် ဗြိတိသျှ စစ်ဗိုလ်တွင် လက်တဖက် မရှိတော့ပဲ ဒဏ်ရာ ရနေသည်ကို ရုတ်တရက် တွေ့ မြင်သိရှိလိုက်လေသည်။ ထိုကြောင့် သူသည် ခုတ်ပိုင်းရန် အားယူပင့်မြှောက်ထားသည့် ဓားကို ထိန်းထားကာ ထို ဒဏ်ရာရထားသော ဗြိတိသျှ စစ်ဗိုလ် ကို ဓားဖြင့် အလေးပြုရင်း သူ၏ မြင်းကို စိုင်းနှင် သွားလေသည်။ တဦးကိုတဦး အသေအကြေတိုက်ခိုက် ရသော စစ်ပွဲအတွင်း ထိုမျှ သဘောထား ကြီးရင့်မှုမျိုးကို အဘယ်သူ မချီးကျူး မလေးစားဘဲ ရှိပါမည်နည်း။

(၂)

တချိန်သောအခါ (ဘီစီ၂၁၈-၂၀၁) က အရှိန်အဝါ သြဇာအာဏာကြီးမားသည့် ရောမ အင်ပါယာကြီးကို ဆယ့်ခြောက်နှစ်ကျော်ကျော် မွှေနှောက် တိုက်ခိုက် သွားနိုင်သော စစ်ဗိုလ်ချုပ်တဦး ပေါ်ထွက်ခဲ့ဘူး၏။ သူ့ အမည်ကား ဟန်နီဘောလ် တည်း။ဟန်နီဘောလ် သည် ဘီစီ ၂၁၈ မေလတွင် ခြေလျင်တပ်သား ကိုးသောင်း၊ မြင်းတပ် တသောင်းနှစ်ထောင် ၊ ဆင် သုံးဆယ့်  ခုနှစ်စီးပါသော စစ်တပ် စုစုပေါင်း အင်အား တသိန်း ကျော်ဖြင့် အဲလ်ပ တောင်တန်းကြီးကို ဖြတ်ကျော်၍ ရောမနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက် ခဲ့သည်။ ရောမမြို့ အနီး သုံးမိုင်အကွာ အထိ ချီတက်ခဲ့ ၏ ။ ရောမမြို့ အတွင်းရှိ ကလေး အမေများသည် သူတို့ ၏ ပေကပ်ကပ် ငိုယိုဆိုးရွားနေသည့် ကလေးဆိုးများကို" ဟော .. ဟန်နီဘောလ် လာနေပြီဟု ခြောက်လှန့် ပေးလျှင် ထိုကလေး ဆိုးများမှာ အငိုတိတ်သွားကြ သည်" ဟု ဆိုကြ၏။ဟန်နီဘောလ် ၏ တပ်မတော်တွင် လူမျိုးစုံ ရှိသဖြင့် အုပ်ချုပ်ရာ၌ စည်းကမ်း တင်းကြပ် ပြတ်သား ရက်စက်ရ၏။ ဟန်နီဘောလ် သည် စစ်တပ်ကို အုပ်ချုပ်ရာ၌ ပြတ်သား ရက်စက် သည်နှင့် အမျှ စစ်ပွဲတွင်လည်း ရဲရဲရင့်ရင့် မညှာမတာ အပြင်းအထန် တိုက်ခိုက်လေ့  ရှိသည်၊ ထိုသို့ ပြင်းထန် ရက်စက်စွာ အုပ်ချုပ်ခဲ့သော်လည်း လူမှုရေးကိစ္စ ဂုဏ်သိက္ခာ ကိစ္စများတွင် မူကား လူကြီးလူကောင်းပီပီ သဘောထားကြီးမားစွာ ထားပြီး ပြုကျင့်လေ့ ရှိသည်။

ဟန်နီဘော နှင့်  ယှဉ်ပြိုင်တိုက်ခိုက်ရသော ရောမစစ်ဗိုလ်ချုပ်ကြီးများ ထဲမှ ဂရက်ချူး ( Tiberius Sempronius Gracchus 163-133 BC ) ဆိုသူ ခေါင်းဆောင် တဦးမှာ အလွန် ရဲရင့် ထူးချွန်သူ တဦးဖြစ်၏။ စစ်မြေပြင်၌ ဟန်နီဘောလ် ၏ လက်ထောက်များကို နာလန်မထူအောင် တပွဲပြီးတပွဲ နိုင်အောင် တိုက်ခိုက်ခဲ့သူဖြစ်၏။ သူ့ ကို စစ်မြေပြင်၌ ရိုးရိုး စစ်သေနင်္ဂဗျူဟာ ဖြင့် တိုက်ခိုက်ရန် မလွယ်ကူချေ။

ထို့ ကြောင့်  ဟန်နီဘောလ် သည် အကောက်ဥာဏ်ဖြင့် ဂရက်ချူး တပ်အတွင်းမှ လူကန်နီယာ လူမျိုးစု တပ်မှူးတဦး၏ အကူအညီ ရယူပြီးလျှင် ဂရက်ချူးကို တပ်မှ ဝေးရာ နေရာတခုသို့  ခေါ်ထုတ်စေကာ ဝိုင်းဝန်း တိုက်ခိုက်ယူရသည်။ ထိုသို့ အကောက်ကြံ ခံရသော တိုက်ပွဲတွင် ဂရက်ချူးသည် ရန်သူတို့ ကို သေသည် အထိ ရဲရင့် ပြောင်မြောက်စွာ တိုက်ခိုက်သွားလေသည်။

ဂရက်ချူး၏ ရဲရင့်သော စိတ်ဓာတ် ၊ သေသည် အထိ ဇွဲသတ္တိ ကြီးမားစွာဖြင့် တိုက်ခိုက်သွားသော အာဇာနည် ယောက်ျားကောင်းတို့ ၏ စိတ်ဓာတ်ကို ရိုသေလေးစား သောအနေဖြင့်  ဟန်နီဘောလ် သည် ဂရက်ချူး၏ ရုပ်အလောင်းကို သူ၏ တပ်စခန်း ရှေ့ ၌ စစ်အခမ်းအနား ကြီးကျယ်စွာ ခင်းကျင်း အလေးပြု ဂုဏ်တင်၍ မီးသဂြိုဟ်သည်။ ရန်သူပင်ဖြစ်စေကာမူ ယောက်ျားပီသ ရဲရင့်သော သူများကို လေးစားဂုဏ်ပြုတတ်သော ကာသေ့ခ်ျ စစ်သူကြီး ဟန်နီဘောလ် ၏ ရည်မွန်သော အပြုအမူ " လူကြီးလူကောင်း " စိတ်ဓာတ်ကို စစ်သမိုင်း ဆရာတို့ က ချီးကျူးမော်ကွန်းတင်ခဲ့ ကြရ၏။ဤအဖြစ်ကို ထောက်ဆ၍ လူကြီးလူကောင်းဆိုသည်မှာ အသက်အရွယ်ကြီးခြင်း၊ ဂုဏ်ရှိန် ရာထူးကြီးခြင်း၊ နောက်လိုက်ပေါများပြီး သြဇာအာဏာရှိခြင်း စသည်တို့ ကို ဆိုလိုသည် မဟုတ်။ လူကြီးလူကောင်းဆိုသည်မှာ သာမန်မိတ်ဆွေများကို မဆိုထားနှင့်၊ ရန်သူအပေါ်၌ ပင် ( Magnanimity) သိက္ခာရှိရှိ မြင့်မြတ်သော သဘောထားကြီးကြီး ထားလေ့ ရှိသူကို ခေါ်ဝေါ်ကြရကြောင်း သင်ခန်းစာ ယူနိုင်ပေသည်။

(၃)

အချိန်။ ။ ၁၈၁၅ ခု ၊ ဇွန်လ ၁၈ ရက်

နေရာ။ ။ ဝါတာလူး စစ်မြေပြင်

မဟာမိတ်တပ်များ၏ စစ်ဗိုလ်ချုပ်ကြီး ဂျင်နရယ် ဝယ်လင်တန်သည် ရှေ့ တန်းစခန်း တနေရာမှ နေ၍ မလှမ်းမကမ်းတွင် တပ်အစီအစဉ် နေရာယူထား သည့်  ပြင်သစ် ရှေ့ တန်း စစ်ကြောင်းကို အကဲခတ် ကြည့်ရှု နေ၏။ထိုအခါ ဗြိတိသျှ အမြောက်တပ်၏ တပ်မှူးတဦးသည် မြင်းကို ဒုန်းစိုင်းလာပြီး ဗိုလ်ချုပ် ဝယ်လင်တန် ထံ သတင်းပို့ ၏။ အမြှောက်တပ်ဗိုလ်သည် ပြင်သစ် ရှေ့ တန်း စစ်ကြောင်း၌ စစ်ဦးစီး အရာရှိများ ခြံရံစုဝေးပြီး တိုက်ပွဲ အစီအစဉ်များ ဆွေးနွေးတိုင်ပင်နေသည့် ပြင်သစ် စစ်ဗိုလ်ချုပ် နပိုလီယံ ရှိရာသို့  ညွှန်ပြပြီလျှင် " ဗိုလ်ချုပ်ကြီးခင်ဗျား ၊ ကျွန်တော့် အမြှောက်တွေဟာ အဲဒီအကွာအဝေး အထိ ပစ်နိုင်ပါတယ်။ အဲဒီ လူစုကို အသေအချာ ထိမှန်အောင် ပစ်နိုင်ပါတယ်။ ပစ်ပေးရမလား ခင်ဗျာ "ဟုပြော၏။ ထိုအခါ ဗိုလ်ချုပ်ကြီး ဝယ်လင်တန်က" ဟ .. မပစ်လိုက်ပါနဲ့ ၊ မပစ်လိုက်ပါနဲ့ ၊ ဗိုလ်ချုပ်တွေ ဦးစီးတဲ့  တိုက်ပွဲမျိုးဆိုတာ ဒီလို အဝေးကလှမ်းပြီး တယောက်နဲ့ တယောက် လှမ်းပစ်နေရမယ့် အလုပ်ထက် တခြားလုပ်စရာ တွေ အများကြီး ရှိပါသေးတယ် မောင်ရာ " ဟု တားမြစ်လိုက်လေသည်။

နပိုလီယံနှင့် သူ့ စစ်ဗိုလ်ချုပ်များ တပြုံကြီးကို အမြှောက်ဆံ တလုံးနှစ်လုံးမျှဖြင့် ရှင်းလင်း ပစ်နိုင်ပါလျက် အဝေးမှနေ၍ ရန်သူ၏ အငိုက်ကို သူရဲဘော ကြောင်စွာ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက် အနိုင်ယူရခြင်းမျိုးကို ဗိုလ်ချုပ်ကြီး ဝယ်လင်တန်က မလိုလားချေ။" ရန်သူအား သူ၏ အစွမ်းအစ စွမ်းရည်ရှိသလောက် အသုံးပြုနိုင်ခွင့်ကို ပေးလျက် သူရဲကောင်းပီပီ သတ္တိရှိရှိ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ကြရခြင်းမျိုးသည်သာ ဂုဏ်သိက္ခာ ရှိသော တိုက်ပွဲဖြစ်သည်" ဟု ဝယ်လင်တန်က ယူဆထားဟန် ရှိလေသည်။

ထိုနေ့ က တိုက်ပွဲ၌ ညနေ နေဝင်ခါနီး အချိန်တွင် ဗိုလ်ချုပ်ကြီး ဝယ်လင်တန်သည် နပိုလီယံ ကို သိက္ခာရှိရှိဖြင့် အနိုင်ရခဲ့လေ၏။ ကမ္ဘာ့စစ်သမိုင်း၌ လူကြီးလူကောင်း စစ်ပွဲတပွဲ ဖြစ်ပါပေ၏ ဟု မော်ကွန်းထိုးခဲ့ ရလေသည်။

ဇာတ်လမ်းက မဆုံးသေးပါ။ ဝါတာလူး စစ်ပွဲသည် နပိုလီယံ၏ နောက်ဆုံးစစ်ပွဲဖြစ်၏ ။ ထိုစစ်ပွဲကြောင့် နပိုလီယံ၏ ပြင်သစ် အင်ပါယာကြီးပြိုကျပျက်စီးသွားလေသည်။မဟာမိတ် ပရပ်ရှား ဗိုလ်ချုပ်ကြီး ဘလူးချား နှင့် ဗြိတိသျှ မှူးမတ်အချို့ က နပိုလီယံကို သေဒဏ်ပေး သတ်ပစ်ရန် ပြောဆိုလာကြ၏။

ထိုအခါ ဗိုလ်ချုပ်ကြီး ဝယ်လင်တန်က ....

"ဒီလိုသာ နပိုလီယံကို သတ်ပစ်မည် ဆိုလျှင် ကျုပ်တို့ တော့ သားစဉ်မြေးဆက် အရှက်တကွဲ နာမည် ပျက်ရတော့မှာပဲ" "ဒီလူတွေဟာ နပိုလီယံကို အောင်နိုင်တဲ့ သူတွေဆိုတဲ့  ဂုဏ်ပုဒ်နဲ့  ထိုက်တန်တဲ့ လူတွေ မဟုတ်ပါကလား (Not worthy to be conquerors of Napoleon) လို့  အပြောခံရ တော့ မှာပါဘဲ" ဟု ဖွင့်ဟ ပြောကြားလေ၏။စစ်ပွဲအတွင်း ယှဉ်ပြိုင်တိုက်ခိုက် ရခြင်းကြောင့် သူရဲကောင်းပီပီ သေရခြင်းမျိုးကား ဂုဏ်ရှိ၏ ။ မိမိလက်ချက်ကြောင့် တဘက်ရန်သူ ကျဆုံးသွားစေကာမူ တရားသဖြင့် သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်တိုက်ခိုက်ကြရခြင်း ဖြစ်၍ အနိုင်ယူခဲ့ရသူ အဖို့ မှာလည်း ဂုဏ်မပျက်။

သူရသတ္တိရှိ၍ တကမ္ဘာလုံးတွင် ဂုဏ်သိက္ခာကြီးမားခဲ့သည့် နပိုလီယံ ကဲ့သို့  ကြီးကျယ်သော ပုဂ္ဂိုလ်မျိုးအား လမ်းပေါ်မှ ဂျပိုးသူခိုး တဦးကို သတ်ပစ် သကဲ့ သို့  ကိုယ့်သိက္ခာကို လေးစားသည့် မည်သူကမျှ အကြောင်းမဲ့  သတ်ပစ်မည် မဟုတ်ချေ။မတရားပြုလုပ်ရမည်ကို ရှက်တတ်ခြင်း အင်အား ချိနဲ့ နည်းပါးသူများ အပေါ် နိုင်ထက်စီးနင်း မပြုလုပ်တတ်ခြင်း၊ စိတ်နေသဘောထား ရင့်ကျက်ကြီးမား ခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း ၊ စသည့် စိတ်ဓာတ်များသည် တကယ့် လူကြီးလူကောင်းတို့ ၏ စိတ်ဓာတ်များဖြစ်၏။ နောင်တခေတ်ကို စိုးမိုးကြမည့် ယနေ့ လူငယ်များသည် ထို မြင့်မြတ်ရည်မွန်သော အပြုအမူ၊ စိတ်နေစိတ်ထားများကို လေ့ကျင့်မွေးမြူ၍ အမိနိုင်ငံတော်၏ အကျိုးကို စွမ်းစွမ်းတမံ ရွက်ဆောင် နိုင်ကြပါစေသော ဟု ကျွန်ုပ်တို့ ဆန္ဒပြုလိုက်ရပါကြောင်း။။

မှတ်ချက်။ ။(နတ်မောက် ဘုန်းကျော်သည် အငြိမ်းစား ဗိုလ်မှူးတဦးဖြစ်ပါသည်)။

(လက်ဆင့်ကမ်းတင်ပြသူ - ဇွဲမာန်)။

No comments: