သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တာကို လူတွေထက် တိရိစ္ဆာန်တွေက သဘာဝအရ ကြိုတင်သိကြတယ်ဆိုတာ သတိမူစေချင်ပါတယ်။
နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းသစ်ကြီးမှာ ဇွန်လ (၂၈) ရက်နေ့ ည ရှစ်နာရီလောက်က ကြွက်တွေ အုပ်လိုက်ကြီး အုပ်လိုက်ကြီး နေရာရွှေ့ နေကြတာ။ လမ်းပေါ်မှာ နေရာလွတ်တောင် မရှိဘူး။ လမ်းဘေးမှာလည်း အပြည့်ပဲ။ လုံးထွေးနေကြတယ်။ ကားတွေဆိုတာ ရပ်တောင် မရပ်ရဲခဲ့ကြဘူး။ ကြွက်တွေကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့ တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက်သွေးတွေနဲ့  ရဲရဲတောက်လို့ ။ ကြွက်သေတွေကို ကြွက်ရှင်တွေက စားသောက်နေလိုက်ကြတာ မြင်မကောင်းဘူး။ တကယ့်ကို တစ်မိုင်လောက် ကားလမ်းမကြီးတလျောက် ကြွက်တွေနဲ့ အပြည့်နဲ့ ။ (ဒါကတော့ မူလသတင်းရဲ့ တင်ပြထားတဲ့ သတင်းအချက်အလက်အချို့ပါ)။
ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ မြင်ရသူတွေက အင်တာနက်စာမျက်နှာပေါ်မှာ ပြောပြခဲ့ကြပါတယ်။ ကြုံခဲ့သူတွေတစ်ချို့ က ချက်ချင်း ဓါတ်ပုံမရိုက်ခဲ့နိုင်ပေမယ့် ဒီကိစ္စကို ဓါတ်ပုံများရအောင် သွားရောက်ရိုက်ယူခဲ့သူကတော့ ညီလင်းဆက် ဖြစ်ပါတယ်။
ဒီလို ကြွက်တွေ အုပ်စုလိုက် အုပ်စုလိုက် လမ်းမပေါ်မှာ သွားလာနေတာ မြင်ရတဲ့ အဖြစ်အပျက်နဲ့  ပတ်သက်ပြီး ပြောကြရာမှာ တစ်ချို့ကလဲ ၀ါးတောမှာ ၀ါးပွင့်လို့ ကြွက်တွေ နေရာရွှေ့  ပြောင်း စားသောက်ကြတာ၊ တစ်ချို့ကတော့ သဘာဝဘေးအန္တရာယ် ဖြစ်မယ့် လက္ခဏာလို့ ယူဆကြပါတယ်။
ဒီလို ထူးထူးခြားခြား ကြွက်တွေ အုပ်စုလိုက် မြောက်မြားစွာ တစ်ချိန်တည်း ပြောင်းရွှေ့ သွားလာကြတာနဲ့  ပတ်သက်ပြီး ဖြစ်နိုင်ခြေအားလုံးကို မဖယ်ရှားဘဲ တွက်ဆကြဖို့  လိုပါတယ်။ သာမန်လို့  သဘောမထားကြဘဲ “သတိမမူ ဂူမမြင်” ဆိုသလို မဖြစ်စေဘဲ သတိထားကြဖို့  လိုပါတယ်။
တိရိစ္ဆာန်တွေဟာ သဘာဝဘေးအန္တရာယ်ကို ကြိုသိနိုင်တဲ့ အသိရှိတာကြောင့် သဘာဝေဘေးအန္တရာယ်ကို ကြိုသတိထားကြရင် မမှားပါဖူး။ နာဂစ်ဖြစ်တုန်းကလို ဒုက္ခမရောက်ကြစေချင်သလို ဖြစ်လာရင် ရင်ဆိုင်ရမယ့် ဘေးဒုက္ခတွေကို တိုင်းပြည်ကို အုပ်ချူပ်နေပါတယ်တယ်ဆိုသူတွေကလည်း တာဝန်ယူပေးကြမှာ မဟုတ်ပါဖူး။
နေပြည်တော် အမြန်လမ်းမပေါ်မှာ ကြွက်ပေါင်းမြောက်မြားစွာ ရွေ့ ပြောင်းသွားလာကြတာဟာ ထူးခြားမှုတစ်ခု ရှိနိုင်တယ်ဆိုတာ တွက်ဆမိကြမှာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေတွေကို သုံးသပ်ကြတဲ့အထဲက အစာရေစာရှားပါးမှုကြောင့် ပြောင်းရွှေ့ တာဆိုတာထက် သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်နိုင်လို့ လားဆိုတာကို မပေါ့ဆဘကဘဲ တွက်ဆကြဖို့  လိုပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်နိုင်လောက်လို့  ဆိုရင် ကြိုတင်ပြင်ဆင်ထားကြရင် ပိုမကောင်းဖူးလား။ ဒီလိုပြင်ဆင်ထားကြလို့ လည်း အကျိုးယုတ်စရာ မရှိပါဖူး။ တကယ်ဖြစ်လာမှ ကြိုတင်အသိပညာပေးတာ မရှိ၊ သဘာဝဘေးအန္တရာယ်ကြုံမှ ခြေမကိုင်မိ လက်မကိုင်မိနဲ့  အသက်တွေဆုံးရှုံးကြရတာမျိုးထက်စာရင် လိုလိုမယ်မယ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာက အသိပညာရကြသလို တကယ်ဖြစ်လာရင် ကာကွယ်နိုင်ဖို့ အတွက် လေ့ကျင့်ထားရာလည်း ရောက်ပါတယ်။
ဒီလို ကြွက်တွေ အုပ်စုလိုက် အုပ်စုလိုက် လမ်းမပေါ်မှာ သွားလာနေတာ မြင်ရတဲ့ အဖြစ်အပျက်နဲ့  ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်တစ်ခုခု ကြုံနိုင်လောက်တယ်လို့  တွက်ဆမိသူတွေက အခုလို အချက်အလက်တွေနဲ့  ကြိုတင်သတိပေးလာကြပါတယ်။
ရန်ကုန်ကနေသွားရင် ဝါးကတုတ် တမံက ကားလမ်းရဲ့ ညာဘက်အနောက်ဘက် ခြမ်းမှာရှိတယ်ဗျ။ မိုင်တိုင် ၄၂-၄၃ ကြားမှာတွေ့တာဆိုတော့ - ၄၄-၄၅ မိုင်မှာ ဝါးကတုတ် ရေလှောင်တမံ ရှိတယ်ဗျ ဘုရားကြီးရဲ့ အနောက်မြောက် ယွန်းယွန်း ၈ မိုင်ကျော်ကျော်လောက်မှာ ရှိတယ်၊ ကျနော်တို့ နိုင်ငံထဲကိုဖြတ်တဲ့ tectonic plate boundary က အဲဒီ ဝါးကတုတ်တမံ အပေါ်က တည့်တည့် ဖြတ်နေတာ တွေ့ရပါတယ်။ ခုတွေ့တဲ့နေရာက 96˚ 26' 59.02" E , 17˚ 31' 44.16" N နဲ့ 96˚27' 11.29" E , 17˚ 30' 53.15" N ကြားမှာ ဖြစ်နိုင်ပါတယ် ၊ ဝါးကတုတ်တမံက 96˚27' 14.46"E , 17˚34' 15.04"N ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ပုံကို ကြည့်စေလိုပါတယ်။
ကြွက်တွေက အရှေ့ဘက်ကနေ အနောက်ဘက်ကို ရွှေ့ကြတာဆိုရင် ကားလမ်းမကြီးရဲ့ အရှေ့ဘက် ခြမ်းမှာ အဲဒီ ဝါးကတုတ်တမံရဲ့ ရေလွှဲမြောင်း ရှိနေပါတယ်၊ ရေပိုရေလွဲမြောင်းတွေပါ။
(၁) မျှစ်ရာသီမို့ စားကျက်ပြောင်းသလား (မဖြစ်နိုင်၊ မျှစ်စာဖို့ အတွက် ကြွက်တွေ နေရာပြောင်းရွှေ့ တာဆိုရင် အနောက်က အရှေ့ကို သွားရမှာ ဖြစ်ပါတယ်။
(၂) နေရာဒေသမှာ ငလျှင်လှုပ်နိုင်တာကြောင့် သဘာဝအရ ကြွက်တွေ ကြိုတင်သလို့ လား။ ငလျင်ကြောနေရာတွေ၊ လတ်တစ်လော မကြာခဏဖြစ်ပျက်နေတဲ့ ငလျင်လှုပ်မှုတွေကို နည်းပညာ ခေတ်မှီစက်ကိရိယာတွေနဲ့  စမ်းသပ်စစ်ဆေးသင့်ပါတယ်။
၃) တမံ ရေပိုမြောင်းက မိုးကြီးလို့ ရေတွေလျှံကုန်သလား။ ဒါကို သိဖို့  တမံရေပိုမြောင်းတွေ အခြေအနေကို ထပ်မံစုံစမ်းစစ်ဆေးဖို့  လိုပါတယ်။
ကျွန်တော်ကတော့ ဒီကြွက်အုပ်စုတွေ အမြန်လမ်းမပေါ်မှာ အုပ်စုလိုက် အုပ်စုလိုက် ပြောင်းေ၇ွှ့ သွားလာနေတဲ့ အနေအထားတင်ပြထားရယ်၊ မြေပြင်အနေအထားအရရယ် ထည့်သွင်းစဉ်းစားရင်တော့ ငလျင်ရဲ့ ရှေ့ပြေး နိမိတ်တွေလို့ ထင်မိပါတယ်။
ပြည်သူတွေ အထူးသဖြင့် ဒေသခံလူတွေအားလုံး ထင်ကြေးတွေနဲ့ ရင်လေးနေကြပေမယ့် လုံခြုံစိတ်ချမှုတစ်ခုရဖို့ ပိုအရေးကြီးပါတယ်။ အားလုံးက ၀ိုင်းပြီး ဒီဖြစ်ရပ်တစ်ခုကို တတ်နိုင်သလောက် လေ့လာပြီး အဖြေအနီးစပ်ဆုံး ထုတ်ပေးနိင်ရင်တော့ မြန်မာနိုင်ငံကြီး ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားမှုတွေ လျော့ချနိုင်မယ်ပေါ့ဗျာ။
သဘာဝဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ်ကြဖို့ ၊ ကယ်ဆယ်ဆောင်ရွက်ကြဖို့ ဟာ လူသားအားလုံးမှာ တာဝန်ရှိကြပါတယ်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ရမှုအတွက် ကြိုတင်အသိပညာပေးတွေ မလုပ်တာ တာဝန်ကင်းမဲ့တာတွေဟာလည်း လူသား မပီသသူတွေ လုပ်ရပ်ပါ။ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေအပေါ်မှာ ခုတုံးလုပ် ကိုယ်ကျိုးရှာမှုဟာလည်း အင်မတန် လူမဆန်သော ယုတ်မာမှု ဖြစ်ပါတယ်။
(ဒီလို ကြိုတင်သတိပေးရေးသားသူ သက်ခိုင်နဲ့  ပေးပို့ လာသူ ထက်ထက်အား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment