Saturday, July 24, 2010

ကျွန်ုပ်တို့ ၏ တာဝန်ဝတ္တရား။



ကျွန်ူပ်တို့တိုင်းပြည်အား အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန် မူဝါဒအမျိုးမျိုးကို ကိုင်စွဲကာ တာဝန်သိသူများ အထူး ကြိုးစားဆောင်ရွက်နေကြသည်။

ယခုကဲ့သို့ကြိုးစားဆောင်ရွက်နေသည်မှာ ပုဂ္ဂိုလိက ကိုယ်ကျိုးဆန္ဒအတွက်မဟုတ် တစ်မျိုးသားလုံး အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး အတွက်ဖြစ်သည်ကို ပြည်သူလူထု အနေနဲ့ မှတ်ထင်ယုံကြည်စေချင်တယ်။

ကျွန်ူပ်တို့သည် မြန်မာပြည်တွင် မွေးဖွားလာ၍ မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် ကျွန်ူပ်တို့၏ အရေးပင်ဖြစ်သည်ဟု ဦးစွာပထမ ခံယူထားသင့်လှသည်။
ထိုကြောင့်ကျွန်ူပ်တို့တွင်လည်း တာဝန်ဝတ္တရားများ ရှိသည်။ တဖက်က လူများမှာ ကိုယ်ကျိုးစွှန့်အနစ်နာခံကာ ကြိုးစားနေပါလျှက် ကျွန်ူပ်တို့က မသိချင်ယောင်ဆောင်နေလိုက်လျှင် ဘယ်သောအခါမှ အာဏာရှင်စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။

ဤနေရာတွင် တစ်ချက်ပြောပြလိုသည်မှာ နိုင်ငံအရေးဆောင်ရွက်ခြင်းဆိုသည်မှာ ပြည်သူလူထု ကောင်းစားရေးဟု ဆိုရလျှင်မမှားနိုင်ချေ ။ ထို့ကြောင့် နိုင်ငံအရေးလုပ်သူများအတွက် ပြည်သူလူထု၏ ထောက်ခံချက်သည် အားအကြီးဆုံးပင်ဖြစ်သည်။

နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားလျှင် ပြည်သူလူထု၏ မျက်နှာကို ကြည့်ရမည်။ ရာထူး ၊အာဏာ ၊လုပ်ပိုင်ခွင့်တို့ကိုမျှော်လင့်ခဲ့လျှင် နိုင်ငံရေးလုပ်သည်ဟု မမှတ်ယူသင့်ပေ ၊ ဌင်းတို့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူကို အသုံးချခြင်းပင်ဖြစ်သည်။

ယနေ့လက်ရှိအာဏာရှင်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ အရေးကြိုးပမ်းသူများမှာ သဘောထားနှစ်ရပ် ကွဲလွဲလျှက်ရှိသည်ကို အားလုံးအသိပင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းတွင် သဘောထား ကွဲလွဲမှုများဖြစ်ကာ အနည်းငယ်သော ခေါင်းဆောင်များသည် စစ်အစိုးရ၏ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ကာ ပါတီခွဲထောင်သွားသည်။

သာမန်အရေအတွက် ကိန်းဂဏန်းအားဖြင့် ကြည့်လျှင် ထိုသို့ဖြစ်သွားရခြင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အားပျော့သွားနိုင်သည်ဟု ထင်ရမည်။ စင်စစ်ကား ထိုသို့မဟုတ် တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မည့် ပုဂ္ဂိုလ်များနှင့် ကိုယ်ကျိုးရှာလိုသူများကို ခွဲခြားပေးလိုက်ခြင်းပင် ဖြစ်သည်။

မည်သူမှန်သည် မည်သူမှားသည် ဆိုသည်ကား ခက်ခက်ခဲခဲ ဝေဖန်နေစရာပင် မရှိချေ။ အကျိုးလို၍ ညောင်ေ၇လောင်း ခြင်းဖြစ်သည်ဟု ကျွန်ူပ် ရဲရဲကြီးပြောကြားရဲပါသည်။

ဘာကြောင့်ပါနည်း ။ အဖြေက ရှင်းရှင်းလေးပင်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ပါတီများ နိုင်ရေးပါတီများ မှ လူထုစည်းရုံးလှုံ့ဆော်မှု များကို မလုပ်ရန် န၀တ အစိုးမှ တင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ဘူးသည်။ သို့သော် ရွေးကောက်ပွဲဥပဒေမှာ တရားမျှတသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ရွေးကောက်ပွဲကို န၀တအစိုးရ၏ မတရားဖိနှိပ်မှုများကြားမှ လူထုသဘောထားကို ခံယူ၍ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ဘူးသည်။

ယခု ၂၀၀၈ ရွေးကောက်ပွဲဥပဒေသည် လုံးဝကို တရားမျှတမှု မရှိ။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲပါ ဥပဒေအချို့ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ သည်။

လက်ရှိ အာဏာရှင်များမှ ပြင်ဆင်ပေးရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် အကျိုးလို၍ ညောင်ရေလောင်းလိုသော ပုဂ္ဂိုလ်များသည် နအဖထံမှ ရွေးကောက်ပွဲနှင့်ပက်သက်သည့် တောင်းဆိုမှု တစုံတရာ မပြုလုပ်သည့် အပြင် လူထုကို တပတ်ရိုက်ကာ ရွေးကောက်ပွဲကို အတည်ပြုပေးရန် အာဏာရှင်တို့နှင့် ပူးပေါင်းကာ ကြံစည်လျှက်ရှိသည်ကို ထင်းရှားစွာ တွေ့ရှိရပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာကလည်း တစ်နိုင်ငံလုံး အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒီလို အဖွဲ့အစည်းက လူတွေတောင် ရွေးကောက်ပွဲဝင်ဖို့ ညင်းဆန်တာကို မထင်မရှား ပါတီအချို့နှင့် ယခုမှ စတည်ထောင်သော ပါတီအချို့ ဘာကြောင့် နအဖရဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေကို လိုလိုလားလား လက်ခံကြတာလည်း။

အရိုးရှင်းဆုံး နည်းလမ်းနဲ့ စဉ်းစားကြည့်ရင်တော့ NLD သာ ပါလာခဲ့ရင် လူထုက NLD ကို ဘဲ ရွေးချယ်မဲပေးကြမှာ ။ အဲဒီတော့ NLD ကသာ အနိုင်၇ဖို့ က ၁၀၀ % သေချာပြီးသား။ ဒီတော့ NLD ကို မပါအောင်လုပ်မှသာ နေရာရနိုင်မယ်လို့ တွက်ပြီး နအဖ အလိုကျ အားလုံးတညီတညွှတ်တည်း ခေါင်းညိတ်လက်ခံခဲ့ကြတာကို ပြည်သူလူထုအားလုံး သိစေချင်တယ်။

နိုင်ငံရေးတွင် ပရိယာယ်ရှိသည်ဆိုသည်ကား မှန်၏။ သို့သော် ယုတ်မာကောက်ကျစ်သော လုပ်ရပ်များကို ပရိယာယ်ဟု ဆို၍ မရနိုင်ပါ။

ပါတီစတင်ဖွဲ့စည်းသည်နှင့် တပြိုင်နက်ထဲ လူထုကို ပုံမှားရိုက်ရန် ကြိုးစားကြသည် သူခိုးက လူပြန်ဟစ်သော လုပ်ရပ်များ ထင်ထင်ရှားရှား စတင်လုပ်ဆောင်ပြသည်။ ဒါတွေကို ပြည်သူလူထု သိပြီးသားလို့ ထင်မြင်ယူဆမိတာဘဲ ။

ဒေါ်အောင်ဆန်းးစုကြည်နှင့် ပက်သက်၍ တခုပြောလိုပါသေးသည်။ လူအချို့သည် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်ခင်ယုံကြည်နေကြခြင်းမှာ ဗိုလ်ချုပ်အောင်းဆန်း၏ သမီးဖြစ်သောကြောင့်ဟု ပြောဆိုလျှက်ရှိသည်။ ထို့သို့ဆိုလျှင် မေးရန် မေးခွန်းတစ်ခု ရှိပါသည် ။ ဦးအောင်ဆန်းဦးသည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သားအရင်းဖြစ်ပါသည်။ ဘာကြောင့် လူထုက မကြည်ညို မလေးစားကြတာလည်း။ တိုင်းပြည်အတွက် ကောင်းကျိုးအတွက် ဘာမှ မလုပ်ခဲ့ဘူးဆိုရင်တော့ ဘယ်သူကမှ လေးစားချစ်ခင် ကြည်ညိုမှာ မဟုတ်ပါဘူး။

နောက်တစ်ခု ပြည်သူလူထို့ ကို အသိပေးချင်သေးတယ်။ အချို့ရွေးကောက်ပွဲ ၀င်မည့် ပါတီအချို့ဆိုလျှင် ပြည်သူများ လေးစားချစ်ခင်လို့ Facebook တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကို တင်ထားတာကိုပင် ပုံကို ဗန်းပြ၍ လုပ်စားနေသည်ဟု အာဏာရှင်တို့လေသံနှင့် တထပ်တည်းလိုက်လာ အတိုခိုးပြောဆိုနေကြပါသည်။

အာဏာရှင်များက တပ်မတော်သားများ စိတ်ထဲကို စွဲနေအောင် ရိုက်သွင်းပေးထားသည်မှာ "နိုင်ငံရေးလုပ်သူများသည် စားစရာ မရှိသောကြောင့်လုပ်နေကြခြင်းပင်ဖြစ်သည် " ။ ကျွန်ူပ်တို့ ယခုကဲ့သို့ စာရေးသည်ကိုပင် ငွေရ၍ စာရေးသည်ဟု လည်းကောင်း တပ်မတော်သားများ ထင်မြင်ယူဆအောင် အာဏာရှင်တို့ စနစ်တကျ ပုံသွင်းခံထားရသည့် တပ်မတော်သားများကဲ့သို့ လိုက်လံ အတိုခိုးပြောဆိုနေကြသည်ကို ယနေ့အခါတွင် များစွာတွေ့ရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူထုက အသိအမှတ်ပြုထားတဲ့ လူထုခေါင်းဆောင်။ လက်နက်ကိုင်ထားတဲ့အာဏာရှင်တွေ သေနတ်ကြားထဲမှာ မကြောက်မရွှံ့ ပြည်သူလူထု လိုအပ်တာကို တောင်းဆိုခဲ့တဲ့ခေါင်းဆောင်။ အခုချိန်ထိလည်း မတရားတာကို မတရားဘူးလို့ ပြည်သူလူထုဘက်က ရဲရဲ ၀င့်ဝင့်ရပ်တည် ပေးနေတဲ့လူထုခေါင်းဆောင်ဆိုတာ မမေ့ကြပါနဲ့။

ယနေ့ အာဏာရှင်နအဖက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ပြီး အသိအမှတ်ပြု ယှဉ်ပြိုင်တာဟာ လက်ရှိနအဖရဲ့ လုပ်ရပ်တွေကို အားပေးကူညီလိုက်တာဘဲ။ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူအားလုံးက ထောက်ခံမဲပေးလည်း အုပ်ချုပ်ခွင့်အာဏာ မရဘူးဆိုတာ ရွေးကောက်ပွဲဥပဒေမှာ အထင်အရှားပြထားပြီးသားဘဲ။ နေရာတကာမှာ စစ်တပ်က အာဏာအရှိဆုံးဆိုတဲ့ ဥပဒေတွေချည်းဘဲ ပြဌာန်းထားပါလျက်နဲ့ ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ ဘယ့်သူ့အတွက်လည်း စဉ်းစားသာကြည့်ကြပေတော့။

အချို့ကလည်း ပြောကြတယ်။ နှစ် (၂၀) တော်လှန်လာတာတောင် မပြောင်းလဲဘူးတဲ့ ။ နအဖ နဲ့ ပူးပေါင်းသင့်တယ်ဆိုပြီး ပြောကြတဲ့သူတွေလည်း ရှိတာဘဲ။ တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ တရားမျှတတဲ့ဥပဒေမျိုးဘဲ ရှိသင့်တယ်။ တရားမျှတခြင်း မရှိဘဲနဲ့ ၀င်ရောက်ယှဉ်ပြိုင်တာဟာ အာဏာရှင်စနစ်ဆိုးကို ပိုမိုအသက်ရှည်အောင် ၀ိုင်းဝန်းကြိုးစားပေးတာနဲ့ အတူတူပါဘဲ။

အချို့က စဉ်းစားတာတွေ မှားနေကြပြီလို့ထင်တာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံအခြေအနေနဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ မတူဘူးဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဖိအားဒဏ်ကို မခံနိုင်ကြလို့ ရွေးကောက်ပွဲ ကျင်းပပေးတယ်ဆိုတာလည်း အားလုံးအသိဘဲ။ အတွေး မချော်စေချင်ကြဘူး။ ဒီမိုကရေစီ လိုချင်ရင် ဒီမိုကရေစီရနိုင်မည့် နည်းလမ်းတွေနဲ့ဘဲ ကြိုးစားကြပါ။ လမ်းလွှဲကြီးကို မလိုက်မိကြပါစေနဲ့ ဆိုပြီး သတိပေးချင်ပါတယ်။

တခါတလေ ရှင်းနေလွန်းရင် လူတွေ ဟာ မရှင်းလင်းတဲ့ အတွေးတွေ နဲ့ တွေးမိတတ်ကြတာ လူ့သဘာဝပါ။

နောက်တစ်ခုက လက်ရှိဖြစ်ပွားနေတဲ့ တပ်တွင်း မတည်ညိမ်မှုများကို လည်း မေ့မထားသင့်ဘူး ။ စစ်မှန်တဲ့ အရေးဆိုဖို့ စစ်မှန်တဲ့အတွေးတွေနဲ့ ဦးဆောင်ကြမှ အောင်မြင်မှာ ။ သတိလေးသာ အစဉ်ကပ်ပြီး ပစ္စုပ္ပန်ကိုသာ တည့်တည့်ကြည့်ကြဆိုတဲ့ ကျွန်ူပ်တို့ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားလေးကိုလည်း လက်မလွတ်ကြပါနဲ့။

ဒါ့အပြင် ကိုယ်ကျိုးစီးပွားနဲ့ ရာထူးအာဏာရရှိနိုင်တယ်ဆိုတဲ့ အတ္တအခွံက ဖုံးအုပ်ထားတော့လည်း ငါလျှောက်တဲ့လမ်းက မှန်တာပါဆိုပြီး ကြွေးကြော်မာန်ဝင့်ချင်ကြတာတော့ မကောင်းပါဘူး။

လက်ရှိနအဖကသာ အမှန်တကယ် တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးဖို့  ဆန္ဒရှိမယ်ဆိုရင် အပြစ်မရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတာ ကြာပါပြီ။

လက်ရှိ ဖွဲ့စည်းပုံအခြေခဥပဒေကို အတည်ပြုတုန်းကလည်း တအိမ်တစ်ယောက် မလာမနေရ စနစ်နဲ့ အရှက်မရှိ လာခိုင်းပြီး လူထုက သဘောတူလက်ခံပါတယ်လို့ တရားဝင်ကြေငြာခဲ့တယ် အားလုံးမျက်မြင်ကိုယ်တွေ့ဘဲ။

အခုကိစ္စမှလည်း နေရာလိုချင်လို့ ရွေးကောက်ပွဲကို ၀င်တာက လူတစ်စု၊ အစိုးရ ကြေငြာချက်ထုတ်မှာက တနိုင်ငံလုံး လက်ခံပါတယ်ဆိုတဲ့ အပြောမျိုး။ ဒါမျိုးတွေ မဖြစ်ပွားအောင် အစကတည်းက ကင်းကင်ရှင်းရှင်းနေကြ။ ပြည်သူလူထု တကယ်လိုလားတောင့်တတဲ့ တရားမျှတပြီး လူအခွင့်အရေး အပြည့်အ၀ ရရှိနိုင်တဲ့ ဒီမိုကရေစီကို လိုချင်တာပါဆိုရင် အာဏာရှင်စနစ်ကို ထောက်ပံ့ပေးမည့် မည့်သူ့ကိုမဆို ရန်သူအဖြစ်သာ သဘောထားပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကြ။

နောက်တချက်က ပြည်သူချစ်သော အနုပညာရှင်များကိုလည်း တစ်ခုလောက် တောင်းဆိုပါရစေ။ လက်ရှိနအဖက ခင်ဗျာတို့ အောင်မြင်ကျော်ကြားလာမှ ခေါ်ယူ အသုံးချပြီး ၀ါဒဖြန့်ခိုင်းတာပါ။ ခင်ဗျာတို့ အနုပညာကို လေးစားလို့ အစဉ်တစိုက် အားပေးလာတဲ့ လူထုပရိသတ်ရဲ့ ရင်ဘတ်ကို ဆောင့်ကန်လိုက်သလိုမျိုး လုပ်ကြတာတော့ တကယ့်ကို စိတ်မကောင်းပါဘူး။ လက်ရှိနအဖဆီက ရလာတဲ့ အခွင့်အရေးတွေအတွက် ပြည်သူတွေ မျက်လုံးကို အဆိပ်နဲ့ပက်ရင်တော့ ပြည်သူ့ရန်သူဘဲလို့ သတ်မှတ်ရမှာပါ။ ဒီနေရာမှာတော့ ဘယ်သူတွေကို ညွှန်းဆိုတယ်ဆိုတာ အားလုံးသိပြီးသားမို့ ရှင်းမပြတော့ပါဘူး။ ပြည်သူလူထုအနေနဲ့လည်း ဒီလို အနုပညာရှင်မျိုးကို အာဏာရှင်စနစ်ဆိုးကို အားပေးဝါဒဖြန့်သူများအဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါလို့ကျွန်တော် လေးနက်စွာ တိုက်တွန်းပါတယ်။


ပြည်သူလူထု အနေနဲ့လည်း အခုချိန်ဟာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် စည်းလုံးညီညွှတ်ကြပါ။ တကယ့်အစစ်အမှန် ပြည်သူလူထုကောင်းစားရေးကို ဆောင်ရွက်ပေးနိုင်မည့် ခေါင်းဆောင်ကို လူထုကသာ ရွေးချယ်တင်မြှောက်နိုင်မှာ ဖြစ်ပါသည်။

တိုင်းပြည်အရေး တကယ်ဆောင်ရွက်မည့် ပုဂ္ဂိုလ်တွေကို ပြည်သူတွေရဲ့ စည်းလုံးခြင်းအင်အား နဲ့ ထောက်ပံ့ထားမယ်ဆိုရင် အာဏာရှင်စနစ် မကြာခင် ပြုတ်ကျတော့မှာ အမှန်ဘဲ။ ပြည်သူလူထု လိုလားတောင်းတနေတဲ့ တရားမျှတတဲ့ရွေးကောက်ပွဲ့ကို တကယ်စစ်မှန်စွာ ကျင်းပချင်ကြတယ်ဆိုရင် လူထုက တောင်းဆိုရမှာပါ ဖြစ်ပါတယ်။

အဲဒီလို တောင်းဆိုနိုင်ဖို့ အတွက် လိုအပ်ရင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်အောင် ကြိုးစားကြပါ။ နိုင်ငံ့အရေး ဆောင်ရွက်နေတာဖြစ်လို့ အကျိုးအမြတ်များကို ထည့်မတွက်ကြပါနဲ့။ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ပါဝင်ကူညီကြပါ။ ယနေ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတဲ့ လူအားလုံးဟာ အာဏာရှင်စနစ်ကို ရဲဝင့်စွာ ဆန့်ကျင်ခဲ့ကြလို့ ထောင်ထဲရောက်ပြီး ဒုက္ခဆိုးများကို ခံစားနေကြရပါတယ်။


ယနေ့ အာဏာရှင်နအဖကို ဆန့်ကျင်ပြီး တိုင်းပြည်အကျိုးကို အမှန်တကယ် သယ်ပိုးရွက်ဆောင်သူတွေကို နအဖက ဘယ်လိုဒုက္ခပေးထားတယ်ဆိုတာ အားလုံးအသိပါ။ သူတို့တွေကိုတင် မကဘူး ဆွေမျိုးအသိုင်းအ၀ိုင်းတွေကိုပါ အားလုံး ဒုက္ခပေးနေတဲ့ အတွက် ထောင်ထဲရောက်နေတဲ့သူတွေကို ကောင်းကောင်းမွန်မွန် မထောက်ပံ့နိုင်ကြဘူး ဖြစ်နေတယ်။

ကျွန်တော်တို့သာ တတ်နိုင်တဲ့ဘက်က တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်သူတွေကို ကူညီထောက်ပံ့ပေးထားကြမယ်ဆိုရင် သူတို့တွေမှာ အင်းအားတွေ ပိုမိုပြည့်ဝလာမှာ အမှန်ပါဘဲ။ အဲဒီလူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးတာဟာ မိမိတို့လွတ်မြောက်ရေးကို ဆောင်ရွက်တာနဲ့ အတူတူပါဘဲဆိုတာ ပြတ်ပြတ်သားသား သိထားကြပါ။

ဒီနေ့ဒီချိန်က စပြီး ပြည်သူလူထုအနေနဲ့ နိုင်ရာ တာဝန်ဝတ္တရားများကို ထမ်းဆောင်ကြပြီး အာဏာရှင်စနစ်ကို စည်းလုံးညီညွှတ်မှုအင်အားများဖြင့် စတင်ဖြိုဖျက်ကြပါစို့လို့ လေးနက်စွာ သတိပေးတိုက်တွန်းလိုက်ပါသည် ရဟန်းရှင်လူ ပြည်သူလူထု နှင့် ကျောင်းသားကျောင်းသူ အပေါင်းတို့ခင်ဗျာ။

မကြာခင်မှာ စတင်တော့မယ့် အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်မည့် အစီအစဉ်များကိုလည်း ပြည်သူများသိရှိစေရန် အသေးစိတ် အစီအစဉ်များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးပြောကြားလိုက်ပါတယ်။

ကျွန်ူပ်သည် မည့်သည့်ပါတီဝင်မှ မဟုတ်သလို နိုင်ငံရေးပညာရှင်လည်း မဟုတ်ပါ။ ကျွန်ူပ်ရေးသားသော စာများကို ပညာရှင်များ အနေဖြင့် သိရှိပြီးဖြစ်သော်လည်း ပြည်သူလူထု တရပ်လုံးကို အသိပေးလို၍ ရေးသားခြင်းသာ ဖြစ်ပါသည်။ ဤစာပါ အချက်အလက်များသည် မည်သူတစ်ဦးတစ်ယောက်၏ ခိုင်းဆိုချက်ကြောင့် ရေးသားခြင်း မဟုတ်ပါ။

ခင်မင်လေးစားလျှက် -

ဗမာ့သွေး။

No comments: