Wednesday, June 1, 2011

လူထုရှေ့ က မားမားမတ်မတ်ရပ်ပြီး အများအတွက် အနစ်နာခံပြီး တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ခဲ့ကြလို့ ထောင်ထဲရောက်ခဲ့ရတဲ့ အကျဉ်းကျသံဃာတော်တွေကို မမေ့ကြပါနဲ့ 

ခုတလော ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ဆရာတော်ဦးဂမ္ဘီရဟာ ကလေးထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြနေတဲ့အကြောင်း နေ့ စဉ်သတင်းတွေ နားထောင်နေရလို့  ကိုယ်ချင်းစာ စာနာသနားစိတ်တွေဖြစ်ပြီး စိတ်မချမ်းမသာ ဖြစ်နေခဲ့ရပါတယ်။


































လွန်ခဲ့တဲ့ (၈) နှစ်လောက်က ထင်ပါရဲ့ ။ RFA က အပတ်စဉ်ထုတ်လွင့်ခဲ့တဲ့ အကျဉ်းသားတွေအကြောင်း ပြန်ပြောတဲ့အထဲက ဖြစ်ရပ်တခုကို သွားပြီးသတိရမိတယ်။ ထောင်က လွတ်လာတဲ့ အကျဉ်းသားတယောက်ဟာ သူ့ အရင် ထောင်က လွတ်သွားတဲ့ ဆရာတော်ကြီးတပါးကို သတိတရ သွားရောက်ကန်တော့တဲ့ အကြောင်းလေးပါ။

ဆရာတော်ကြီးက သူ့ ကိုတွေ့ တဲ့အခါ ထောင်ထဲကအကြောင်းတွေကို ပြန်ပြီးသတိရလို့ ထင်ပါရဲ့ ဝမ်းနည်းဝမ်းသာ နှုတ်ဆက်တဲ့အကြောင်း ထောင်ထဲမှာ ၀တ်ကြီးဝတ်ငယ်ပြုစုခဲ့တဲ့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း ပြောရှာတယ်တဲ့။ ထောင်အကြောင်း အလ္လာပသလ္လာပ ပြန်ပြောတဲ့အခါ ဆရာတော်ကြီးက ငရဲဆိုတာတောင် ဒီလောက်ဆိုးမယ် မထင်ပါဘူးကွာလို့ ထောင်ရဲ့ အတွေ့ အကြုံတွေကို ၀မ်းနည်းကြေကွဲစွာ ပြောရှာတယ်တဲ့။ နားထောင်ပြီး အတော်လေး စိတ်ထိခိုက်မိတယ်။

သံဃာတော်တွေ ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေရဲ့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခံခဲ့ရတာတွေ၊ အကျဉ်းသားတွေကို စာသင်ပေးလို့ သက်တော်ကြီးဆရာတော်ကြီးတွေ ရက်ရက်စက်စက် အရိုက်ခံခဲ့ ရတာတွေကို ကြားရတိုင်း အတော်လေးကို အံ့သြတုန်လှုပ်မိတယ်။ ဗုဒ္ဓဘာသာဝင် ထောင်ဝန်ထမ်းတွေကိုယ်တိုင်က ဆရာတော်ကြီးတွေ ကို ရိုက်တာပါ။ တကယ့်ကို ကြေကွဲဝမ်းနည်းစရာတွေပါ။

ဦးဇင်းတို့ ဘုန်းကြီးတွေဟာ တကယ်ဆိုရင် ထောင်တွေထဲ ရောက်စရာအကြောင်း မရှိပါ၊ ပရိယတ္တိ ပဋိပတ်လို့ ခေါ်တဲ့ စာသင်စာချ တရားအလုပ်တွေကို အေးအေးဆေးဆေး ထမ်းဆောင်နေရုံပါဘဲ။

ဒါဆိုရင် ဘုန်းကြီးတွေ ထောင်တွေထဲ ဘာကြောင့် ရောက်နေကြရတာလဲဆိုတာကို ပြန်စဉ်းစားကြည့်လိုက်တော့ ပြည်သူလူထု ကိုယ့်ဒကာ ဒကာမတွေ ဆင်းရဲဒုက္ခရောက်နေတာတွေကို ဥပေက္ခာ မပြုနိုင်တဲ့ သူတော်ကောင်းစိတ်တွေကြောင့်ပါ။

သူတော်ကောင်းဆိုတာ သူတပါး ဒုက္ခရောက်နေတာကိုတွေ့ ရင် စိတ်နှလုံး တုန်လှုပ်ရစမြဲ ကူညီရစမြဲ မဟုတ်လား၊ တနည်းပြောရရင် စစ်အဏာရှင်တွေ ထင်ရာလုပ် ပြည်သူလူထုအပေါ် ဗိုလ်ကျပြီး ညှဉ်းဆံနှိပ်စက်နေတာကို လစ်လျူမရှုရက်လို့ ပါ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ မျိုးချစ်ဆရာတော်တွေဖြစ်ကြတဲ့ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရတို့ ကစလို့  ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ဆရာတော်ဦးဂမ္ဘီရတို့ အဆုံး ဆရာတော်တွေဟာ ပြည်သူတွေဘက်က ရပ်တည်ပြီး အဖိနှိပ်ခံ လူတန်းစားတွေနဲ့ အတူ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြတာ အားလုံးအသိပါ။

ရှစ်လေးလုံးအရေးအခင်းဖြစ်တော့ မဟုတ်ရင် မခံတတ်တဲ့  ပြည်သူဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာအများအပြား စစ်တပ်ရဲ့ အဖမ်းဆီးခံခဲ့ရပါတယ်။ နောက်တကြိမ် ၁၉၉၀ ရွေးကောက်ပွဲအပြီး၊ မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လောင်းလှူတဲ့ ဆွမ်းလောင်းပွဲမှာ စစ်တပ်ရဲ့ လူမဆန်စွာ ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် သံဃာတော်တွေ ပျံလွန်တော်မူခဲ့ရသလို၊ ရာနဲ့ ချီတဲ့ သံဃာတော်တွေ အဖမ်းခံခဲ့ရတာပါ။ သံဃာတွေကို ဖမ်းဆီးရတဲ့အကြောင်းကတော့ ဒီချုပ်က လှူတဲ့ဆွမ်းကို အလှူခံလို့ ပါ။ န၀တစစ်အာဏာရှင်တွေဟာ ကိုယ့်အမှားကိုတော့ မမြင်ဘဲ အမှန်တရားဘက်က ရပ်တည်နေတဲ့
သံဃာတော်တွေကို ဘယ်လောက်တောင် မုန်းတီးနေတယ်ဆိုတာ အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အထင်အရှား မြင်နေရတာပါ။

သံဃာတော်တွေကို ပြစ်မှားတဲ့အတွက် အာဏာသိမ်းစစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံ (သပိတ်မှောက်ကံ) ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေရဲ့  တောင်းဆိုချက်က ရှင်းရှင်းလေးပါ။ အာဏာအပ်ဘို့ သံဃာတော်တွေက တောင်းဆိုခဲ့တာလည်း မဟုတ်ပါဘူး။ သံဃာတော်တွေကို ပြစ်မှားခဲ့တာတွေကို ၀န်ချတောင်းပန်ဘို့ ဘဲ တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှု ပြီး၊ စစ်တပ်ဆိုတာ ပြစ်ရင် မှန်အောင် ပြစ်တယ်၊ မိုးပေါ် ထောင်ပြစ်တာ မပါဘုးဆိုတဲ့ အာဏာရူးနေ၀င်းရဲ့ နောက်လိုက်တွေပီပီ၊ ဘုန်းကြီးကျောင်းတိုက်တွေကို စစ်တပ်နဲ့ ဝိုင်းပြီး ဖမ်းဆီးခဲ့လို့  မန္တလေးမှ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ၊ ဆရာတော် ဦးရာဇဓမ္မာဘိဝံသ စတဲ့ သံဃာတွေ အဖမ်းခံခဲ့ရသလို၊ ရန်ကုန်မှာ အင်းစိန်ဆရာတော် ဦးတိလောကာဘိသံ၊ တိပိဋကဆရာတော် ဦးသုမင်္ဂလ၊ မေဒိနီဆရာတော်ကြီး ဦးဥာဏ၀ံသ စတဲ့ဆရာတော်ကြီးတွေအပြင် သံဃာငယ်တွေ အဖမ်းခံခဲ့ရတယ်။

ဆရာတော်ကြီးတွေကို ထောင်ဝန်ထမ်းတွေက မလေးမစား ဆက်ဆံပြီး “ဟေ့ကောင် - မင်း - ငါ့ ပြောပြီး မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံခဲ့ကြတာပါ။ ဘယ်လောက်အပြစ်ကြီးမယ်ဆိုတာ စဉ်းစားသာကြည့်ပေတော့။

အဲဒီလို ကြီးမားတဲ့အပြစ်တွေ ကျူးလွန်ခဲ့တဲ့ အာဏာရှင်ခေါင်းဆောင်တွေလဲ အကုသိုလ်ဖိစီးပြီး သေသူသေ ရာထူးပြုတ်သူပြုတ် ထောင်ထဲရောက်သူရောက်နဲ့ စိတ်ဆင်းရဲစွာ ၀ဋ်ကြွေးတွေဆပ်နေရတာ မျက်မြင်ပါဘဲ။ သံဝေဂယူတတ်ရင် သံဝေဂရစရာတွေပါ။

၂၀၀၇ ရွေဝါရောင်သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့်ဖြစ်ပေါ်ခဲ့တာလဲဆိုတာ ပြန်ကြည့်လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲငတ်ပြတ်နေတယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတယ်၊ အဲဒါတွေကိုမြင်ပြီး သံဃာတော်တွေက စိတ်မချမ်းမသာဖြစ်ကြရတယ်။ တနည်းပြောရရင် စစ်အာဏာရှင်တွေက မတရားကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက်အားကိုးပြီး လူထုအပေါ် ဗိုလ်ကျလွန်းတဲ့ဖြစ်ရပ်တွေကြောင့်ပါ။

ဒီလို မတရားတာကို သံဃာတော်တွေက ငုံ့ ခံမယ်ထင်နေသလား။ ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာ ပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဘို့  မကြောက်မရွံ့ လမ်းမပေါ်ထွက်ပြီး လူထုကိုယ်စား အာဏာပိုင်တွေသိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့ ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓါတ်တိုင်မှာ ကြိုးချည် ရိုက်နှက်ခဲ့ကြာတာဟာ စစ်အာဏာပိုင်တွေပါ။

ငြိမ်းးချမ်းစွာ ဖြေရှင်းလိုရတဲ့နည်းကို မသုံးဘဲ စစ်တပ်က အကြမ်းဘက် ဖြိုခွင်းခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာတွေဟာ စစ်အဏာရှင်တွေကြောင့်ပါ။

အဲဒီအချိန်အခါတုန်းကလဲ စစ်အဏာရှင်တွေ တောင်းပန်လိုက်ရင် ပြီးတဲ့ကိစ္စပါ။ သံဃာထုကလည်း ကျေနပ်မှာပါ။ ဒါပေမဲ့  စစ်တပ်ဆိုတာ ဘယ်တော့မှ မမှား၊ စစ်တပ်လုပ်တာ အမြဲတမ်း မှန်တယ်ဆိုတဲ့ စစ်အဏာရှင်တွေကြောင့် ညအချိန်မတော်မှာ ရှေ့တန်းစခန်းတွေကို ၀င်စီးသလို သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီး၊ ဘုရားဆင်းတုတော်တွေ ရိုက်ခွဲ၊ အလှူငွေတွေကို လုယက်ယူငင်သွားကြာတာတွေဟာ စစ်တပ်ရဲ့ စေတနာအမှန်တွေပါ။











































ခုဆိုရင် ဘုန်းကြီးကျောင်းပေါင်း ခြောက်ဆယ်ကျော် ချိပ်ပိတ်ခံထားရသလို၊ ရဟန်းတော်တွေ ထောင်ထဲမှာရော ရဲဘက်စခန်းတွေမှာ (၂၀၀) ကျော်လောက် ရှိနေပါသေးတယ်။ ဒီဆရာတော် သံဃာတော်တွေဟာ ကိုယ်ကျိုးမဘက် လူထုရှေ့ က မားမားမတ်မတ်ရပ်ပြီး အများအတွက် အနစ်နာခံပြီး တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ခဲ့ကြလို့ ထောင်ထဲရောက်ခဲ့ရတဲ့ သံဃာ့အာဇာနည်တွေပါ။

မတရားမှုတွေကို သတ္တိရှိရှိ တွန်းလှန်ခဲ့တဲ့ သံဃာတော်တွေပါ။ ဒါ့ကြောင့် အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ ။ တတ်နိုင်သမျှ ထောက်ပံ့ကြပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဘို့ အတူတကွ ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့ လို့  တိုက်တွန်းပါရစေ။

သံဃာ့အာဇာနည်များကို လေးစားလျက် -

အရှင်ပညာနန္ဒ။

မေလ (၃၁) ရက်နေ့ ၊ ၂၀၁၁ ခုနှစ်။

No comments: