Saturday, July 7, 2012

ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုအကြောင်း ရေးသားထားတဲ့ အောင်ကြီးရဲ့  နေ၀င်းထံ ပေးစာများ။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုအကြောင်း ရေးသားထားတဲ့ အောင်ကြီးရဲ့  နေ၀င်းထံ ပေးစာများ။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲရာမှာ အာဏာရှင်ကြီးနေ၀င်းရယ်၊ မြန်မာ့အသံကနေ တိုက်ရိုက် စီစဉ်ညွှန်ကြားမှုတွေလုပ်ခဲ့တဲ့ ၀န်ကြီး ချုပ်စိန်လွင်ရယ်၊ ဗိုလ်မှူးချူပ် အောင်ကြီးဟာ အဓိက တရားခံတွေ အဖြစ် ပါဝင်ပါတယ်။

အဲ့ဒီအချိန် ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဟာ ဗိုလ်ချုပ်ကြီး နေ၀င်း ဖြစ်ပြီး၊ ဒုတိယ ဥက္ကဋ္ဌဟာ ဗိုလ်မှူးချုပ် အောင်ကြီးတို့ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုကို နေ၀င်းရော အောင်ကြီးပါ တစ်ဦးကို တစ်ဦး လွှဲချခဲ့ကြပါတယ်။

ဗိုလ်မှူးချူပ် အောင်ကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အစပိုင်း အချိန်ကာလမှာ စာမျက်နှာ (၄၂) မျက်နှာရေးသားထားတဲ့ စာကို နေ၀င်းထံ ပေးပို့ ခဲ့ရုံသာမက ပြည်သူလူထုကြားထဲ ဖြန့် ဝေအသိပေးခဲ့ပါတယ်။

Aung Gyi Letters to Ne Win in 1988 _42 Pages

အဆိုပါ ပထမစာမှာ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုကိစ္စတွေမှာ နေ၀င်းရော သူပါ အပြစ်လွတ်တဲ့ပုံစံနဲ့  ခေါင်းရှောင်ရေးသားခဲ့တာကို ဖတ်ရပါတယ်။ နောက်ထပ် ဒုတိယအကြိမ်မြောက် စာမျက်နှာ (၁၁) မျက်နှာပါစာကို နေ၀င်းထံ ပို့ ခဲ့ပြီး ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုအကြောင်းကို ရေးသားဖေါ်ပြခဲ့ပြန်ပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုနဲ့  ပတ်သက်ပြီး အောင်ကြီးက သူရဲ့  စာထဲမှာ ဖေါ်ပြထားတာကတော့ (စာများအား ပူးတွဲပါ မှတ်တမ်းပုံများဖြင့် ဖေါ်ပြထားပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုခွဲတဲ့အကြောင်းကို စာမျက်နှာ ၂၁ ကနေ စတင် ဖေါ်ပြရေးသားထားပါတယ်) –

“တကယ် အမိန့် ပေးတဲ့စာ ယူလာပြီး၊ မရမ်းကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါတယ်။ အဲဒီမှာ မလုံလောက်လို့ ပင်မ စစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။

ခွဲဖို့ အမိန့်ပေးသူတွေ ကတော့ ပြည်ထဲရေးဝန်ကြီးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူး ထွန်းရီ ဖြစ်ပါတယ်။ အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်။ လက်မှတ် ထိုးမည့်သူ အရာရှိ ကြီးကြီးမားမား မရှိလို့ ပြဿနာ တက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာ တာက ဗိုလ်မှူးကြီး သူရမင်းသိန်း ဖြစ်ပါတယ်။ သူက ၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေးထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာ ဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီး လှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ်လှဟန်က သမဂ္ဂဖြိုဖို့ အမိန့် ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော် ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဘာမှ မပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ အောင်ကြီးက သူနဲ့  နေ၀င်းမှာ အပြစ်မရှိသယောင်နဲ့  အခြားသူများကို လွှဲချရေးသားထားပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုနဲ့  ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အောင်ကြီးအကြောင်းကို ၁၉၈၈ ခုနှစ် အချိန်ကာလက ဖြစ်ပျက်မှုတွေနဲ့  ထပ်မံဖေါ်ပြလိုပါတယ်။ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ ညနေက ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ် ပုဒ္ဓမာကွင်းမှာ လူထုတရားပွဲ ဟောပြောခဲ့ပါတယ်။

အောင်ကြီးပြောတာကတော့ - “တပ်မတော်ဟာ အစဉ်အလာကြီးပြီး ပြည်သူ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်တယ်၊ တပ်မတော်ကို စိတ်နှင့်ပင် မပြစ်မှားသင့်ဘူး” လို့ ဟောပြောခဲ့လို့  ပြည်သူလူထုရဲ့  အမုန်းတရားကို အောင်ကြီး ခံခဲ့ရပါတယ်။အောင်ကြီးဟာ နေ၀င်းနဲ့ အတူတူ တိုင်းပြည်အာဏာကို သိမ်းခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှာ အာဏာရှင် နေ၀င်းက ဦးဆောင်ပြီး အဖွဲ့ဝင် (၁၇) ဦးပါဝင်သော တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အထဲမှာ အောင်ကြီးဟာ ဒုဥက္ကဋ္ဌ (ဒုတိယ ကာကွယ်ရေးဦးစီးချုပ် – ကြည်း) အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

Aung Gyi Letters to Ne Win in 1988 _11 Pages

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုနဲ့  ပတ်သက်ပြီး အောင်ကြီးကနေ နေ၀င်းထံ ပေးပို့ တဲ့စာတွေကို မှတ်တမ်းအဖြစ် ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ က တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုခွဲမှုမှာ အဓိကတရားခံတွေကတော့ နေ၀င်း၊ အောင်ကြီး၊ စိန်လွင်၊ သန်းစိန်၊ ကျော်စိုး၊ လှဟန်၊ ထွန်းရီတို့  ဖြစ်ကြပါတယ်။

နစ်နေမန်း။

No comments: