ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ခရိုင်ပေါင်းစုံတွေ့ဆုံနှီးနှောဖလှယ်ပွဲ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ခရိုင်ပေါင်းစုံတွေ့ဆုံနှီးနှောဖလှယ်ပွဲ။
အထွေထွေဆွေးနွေးမှု ရလဒ်များကို ထုတ်ပြန်ကြေညာခြင်း။
ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်၏ ခရိုင်ပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ၂၀၁၃-ဖေဖေါ်ဝါရီ-၁၄ရက်မှ ၁၆ရက်နေ့အထိ ရန်ကုန်မြို့ ဝေဇယန္တာလမ်း၊ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းဟောင်းနေရာတွင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။ ထိုတွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များ၊ ခရိုင် (၁၉) ခုမှ ကျောင်းသားကိုယ်စားလှယ်များ၊ ရခိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ထုတ်ပယ်ခံ ဆေးတက္ကသိုလ် မန္တလေးမှ ကျောင်းသားကိုယ်စားလှယ်များ၊ စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကိုယ်စားလှယ်များ စုစုပေါင်း အင်အား (၇၀)ကျော် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးကာလ သုံးရက်အတွင်းတွင် စည်းရုံးရေးဆိုင်ရာနည်းလမ်းများ၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီပညာရေးနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားကျောင်းသားရေးရာ လုပ်ငန်းစဉ်များ၊ ဗဟိုနှင့် ခရိုင်ကော်မတီများကြား ချိတ်ဆက်ဆောင်ရွက်သင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ယခုလိုအစည်းအဝေးများ ကျင်းပပေးခြင်းဖြင့် အနယ်နယ်အရပ်ရပ်မှ ဗကသရဲဘော်များအကြား ရင်းနှီးဆက်သွယ်မှု ပိုမိုတိုးပွားလာစေမည်ဟု မျှော်လင့်မိပါသည်။ ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားထုညီလာခံကြီး မကျင်းပမီတွင် ယခုလိုတွေ့ဆုံဆွေးနွေးပွဲများ၊ ညှိနိုင်ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ခရိုင်အလိုက် အကြိုညီလာခံများကို ပြုလုပ်ကျင်းပကြရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။ ဗဟိုနှင့် ခရိုင်ပေါင်းစုံအဆင့် ညှိနှိုင်းဆွေးနွေးပွဲကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျင်းပရန်လည်း ဆုံးဖြတ်လိုက်ပါသည်။ နောက်ထပ်ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲများတွင် ယခုထက် ပိုမိုသော ခရိုင်အရေအတွက်ဖြင့် ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်သည်။ အခြေအနေအမျိုးမျိုးကြောင့် ချိတ်ဆက်မှုအားနည်းပြီး အဆင်သင့်မဖြစ်လိုက်သော ခရိုင်ကော်မတီများ မတက်ရောက်နိုင်ခြင်းသည် ဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်သာလျှင်ဖြစ်သည်။
ဗကသများအဖွဲ့ချုပ်၏ မူဝါဒ (၅)ချက်အတိုင်း ဆက်လက်ချီတက်ကြမည့် ခရိုင်ရဲဘော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ တိုင်းရင်းသားကျောင်းသားညီအစ်ကိုများ၊ လူမျိုးစုကျောင်းသားသမဂ္ဂမှ ရဲဘော်များအားလုံးနှင့်လည်း ယခုထက်ပို၍လက်တွဲပြီး မပြီးဆုံးသေးသော ဒီမိုကရေစီရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် သွေးစည်းညီညွတ်ရေးအခိုင်အမာ တည်ဆောက်ကြပါစို့ဟု ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ရပါသည်။
ဤဆွေးနွေးပွဲ၏ရလဒ်မှ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်။
(၁) ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သွားမည်။
(၂) တက္ကသိုလ်အက်ဥပဒေ ပြဌာန်းရေးနှင့်ဒီမိုကရေစီပညာရေးဆိုင်ရာ ပညာရှင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ မိဘဆရာများနှင့် ပူးတွဲလှုပ်ရှားမှုများကို ပီပီပြင်ပြင် ဆောင်ရွက်သွားမည်။
(၃) အမျိုးသားတန်းတူရေးနှင့်တိုင်းရင်းသားများသွေးစည်းညီညွတ်ရေးအရ လူမျိုးစုကျောင်းသားသမဂ္ဂများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်။
(၄) စည်းရုံးရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ပြီးအဖွဲ့အစည်းအတွင်း ချိတ်ဆက်မှု၊ ကွန်ယက်ဖြန့် ဆက်သွယ်မှု အရှိန်အဟုန်ကိုလည်း မြှင့်တင်သွားမည်။
(၅) ညီလာခံကျင်းပနိုင်ရေးအတွက် အဆင့်လိုက်ပြင်ဆင်မှုများ ပြုလုပ်သွားမည်။
အထက်ပါဆုံးဖြတ်ချက်များကို ယခုဆွေးနွေးပွဲသို့ တက်ရောက်သော ခရိုင်ပေါင်းစုံမှကျောင်းသားရဲဘော်များ၏ သဘောထားများညှိနှိုင်း၍ ချမှတ်နိုင်ခဲ့ပါသည်။
ဗကသများအဖွဲ့ချုပ် ထာဝရအဓွန့်ရှည်ပါစေ။
ဗဟိုလုပ်ငန်းကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဆက်သွယ်မေးမြန်းရန် - ကျော်ကိုကို (ဗဟိုလုပ်ငန်းကော်မတီ)
Phး09 421717170
No comments:
Post a Comment