အင်းလေးဟိုတယ်ဇုန်အရေး၊ လွတ်တော်မြေယာတိုင်ကြားမှု စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ဒေသခံတောင်သူများ တွေ့ဆုံ။
အင်းလေးဟိုတယ်ဇုန်အရေး၊ လွတ်တော်မြေယာတိုင်ကြားမှု စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ဒေသခံတောင်သူများ တွေ့ဆုံ။
ဖေဖော်ဝါရီ ၂၃ ရက်နေ့က ညောင်ရွှေ မြို့နယ်၊ သလဲဦးကျေးရွာ အုပ်စု၊ ကန်ပဲ့ကျေးရွာတွင် ၊ လွတ်တော်မြေယာတိုင်ကြားမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ဒေသခံတောင်သူ ၂၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲသို့ ဟိုတယ်ဇုန်မြေဧရိယာအတွင်းပါရှိသွားသည့် လယ်မြေပိုင်ရှင်များဖြစ်သည့် အင်ကြင်းကုန်းရွာ၊ ကံပဲ့ကျေးရွာမှ ရွာသူရွာသားများ၊ မိုင်းပျဉ်းလွတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ လွိုင်လင် လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ မူဆယ်လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင်၊ ဦးကျော်ဇော်သန်း၊ ဒီမောဆိုးမှ လွတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ ဘန်းယဉ်မှ ဦးစိုင်းဟတ်တို့က မိမိတို့သည် ရှမ်းကယား မြေယာစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ရွာသူရွာသားများ ရင်ဆိုင်နေရသည်များအား အလုံးစုံ တင်ပြနိုင်ပါကြောင်း ပြောဆိုသည်။
အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်၊ အင်းလွတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ၊ NLD မှ ဒေါက်တာထွန်းလှိုင်၊ ဒေါက်တာထွန်းအောင်၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှုး၊ မြေတိုင်းစာရေး တို့ပါ တက်ရောက်လာကြသည်။
မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားရာတွင် ကော်မရှင်၏ တာဝန်သည် တိုင်ကြားမှုများကို စုံစမ်းပြီး၊ တွေ့ရှိချက်များကို၊ လွှတ်တော်သို့ တင်ပြရန်သာဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ကတော့ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း၊ ကော်မရှင်တွင်လည်းး လူထု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် မှန်ကန်သော လမ်းကြောင်းအတိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်နှင့်လွတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေတို့က ပြောကြားရာတွင် အင်းလေးဟိုတယ်ဇုန်ကိစ္စ လွတ်တော်တွင် တင်ပြပေးရန် လွတ်တော်က စေလွတ်လိုက်သဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း၊ ရွာသူရွာသားများအနေဖြင့် အခက်အဲများအား ပြောကြားပေးဖို့ ကြောက်စရာမလိုပဲ ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြောကြားစေလိုကြောင်း ပြောသည်။
ဘုန်းကြီးကျောင်း ၁၃ကျောင်း၏ ထင်းစိုက်ခင်းဧရိယာများ ဟိုတယ်ဇုန်အတွင်း ပါဝင်သွားမှုနှင့် ပတ်သတ်ပြီး အနောက်ရွှေကျောင်းဒကာ ဦးဘဦးက ပြောကြားရာတွင် ထင်းခြံများသည် နှစ်ပေါင်း ၂၀၀ ကျော် ကတည်းက ဘိုးဘွားများ၊ စော်ဘွားများက လှူဒါန်းထားရှိခဲ့ခြင်းဖြစ်ပြီး၊ ခေတ်အဆက်ဆက် ပြဿနာ မဖြစ်ပေါ်ခဲ့ကြောင်း၊ ထင်းခြံစောင့်များဖြင့် စောင့်ရှောက် ထိမ်းသိန်းထားရှိခဲ့ကြောင်း၊ ဘယ်နေရာကို ဘယ်ဘုန်းကြီးကျောင်းပိုင် ထင်းခြံဖြစ်သည်ကို လူတိုင်း သိရှိကြောင်း၊ ထင်းခြံများကိုလည်း ပဒေသာပင် သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့ (၂၀၁၂) မြေတိုင်းမှ မြေယာသိမ်းခံရတာကို သိရှိရကြောင်း၊ သည့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့တွင် လက်မှတ်ထိုး တိုင်ကြားခဲ့ကြောင်း၊ သို့သော်လည်း အကြောင်းမပြန်ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရပ်နားရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းပိုင် ထင်းခြံများကို မရောင်းစားစေလိုကြောင်း ပြောကြားသွားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ထွန်းလှိုင်ကလည်း မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင် သိရှိစေရန် ထင်းခြံများ၏ ရာဇ၀င်အား ပြောဆိုရှင်းလင်းတင်ပြပေးသည်။
ဘူဒိုဇာ မြေကော်စက်များ မထိုးရန် ဟန့်တားခဲ့သဖြင့် တရားရင်ဆိုင်နေရသူ အောင်ကျော်မျိုးက ပြောကြားရာတွင် သီးနှံလျော်ကြေးပေးရာတွင်လည်း ညီမျှမှု မရှိကြောင်း၊ ပြောဆိုသည်။
မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်က ဒေသခံများအနေဖြင့်လည်း လိုချင်တာကို တိတိကျကျ ပြန်လည်တင်ပြပေးရန် သီးနှံလျော်ကြေး လိုချင်တာလား၊ မြေမပေးချင်တာလား၊ သီးနှံလျော်ကြေး တိုးပြီး လိုချင်တာလား၊ မြေယာများကို မည်သူမည်မျှ ပိုင်ဆိုင်ကြောင်းကိုလည်း စာရင်းဇယားနှင့် တင်ပြပေးရန် ပြောဆိုခဲ့သည်။
ကံပဲ့ရွာ နှင့် အင်ကြင်းကုန်းရွာရှိ တောင်သူများက ပြောဆိုရာတွင် မိမိတို့မြေယာများကိုသာ ပိုင်ဆိုင်လိုကြောင်း၊လျော်ကြေးလည်း မလိုချင်ကြောင်း ပြောဆိုခဲ့ကြပါသည်။
(သတင်း/ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း(တောင်ကြီး)။
(ပေးပို့ သူ - ရတနာ)။
No comments:
Post a Comment